အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ နဲ့ ရှေ့လားရာ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၄ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၄
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ နဲ့ ရှေ့လားရာ
ယခုလ ၆ ရက်နေ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ လာအိုနိုင်ငံ မှာ အာဆီယံ အဖွဲ့ရဲ့ ညီလာခံ မကျင်းပမီမှာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စ အဖြေရှာဖို့ အစည်းအဝေးတခုကို အောက်တိုဘာ ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ ကျင်းပနေပြီး အဆိုပါ အစည်းအဝေးကို NUG အစိုးရ ကိုယ်စားလှယ်ကိုလည်း ဖိတ်ကြားပြီး တက်ရောက်နေတယ်လို့ သတင်းတွေ မှာ ဖော်ပြထားကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းဟာ တဖြည်းဖြည်းနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ ပြည်တွင်းစစ်အဖြစ် ပြီးခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း အသွင်ပြောင်းလဲခဲ့ပြီး နိုင်ငံရဲ့ နေရာအနှံ့အပြား မြို့သိမ်းတိုက်ပွဲတွေ၊ စစ်တပ်အခြေစိုက်စခန်းတွေကို သိမ်းယူဖို့ တိုက်ခိုက်တဲ့ တိုက်ပွဲတွေ၊ လမ်းတွေ တံတားတွေ ဖျက်ဆီးမှု၊ ပိတ်ဆို့ဖြတ်တောက်မှုတွေ နဲ့ လူထုတွေအဖို့ အသက်အန္တရာယ်၊ ဝမ်းရေး မဖူလုံမှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ စစ်ဘေးရှောင်တာ၊ ရရာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာကုန်ကြတာတွေ ဖြစ်ပွားလာပါတယ်။ ဒါ့အပြင် လူငယ်တွေအများအပြားက ယခုနှစ် စစ်မှုထမ်း ဆင့်ခေါ်မှုကို တိမ်းရှောင်ကြရာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ အဲဒီကတဆင့် မလေးရှားနိုင်ငံတို့ဆီ ထောင်သောင်းချီ ထွက်ခွာနေကြတဲ့ အကျိုးသက်ရောက်မှုတွေက အာဆီယံအဖွဲ့ အနေနဲ့ မြန်မာ့အရေးကို အဖြေရှာဖို့ ဖြစ်လာစေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြဿနာဟာ ပြည်တွင်းမှာတင် ဖြစ်ပွားနေတဲ့ ပြဿနာသက်သက်မဟုတ်တော့ဘဲ ဒေသတွင်း နိုင်ငံတွေဆီကိုပါ အကျိုးသက်ရောက်မှု ရှိလာနေတာကြောင့် အာဆီယံ အနေနဲ့ အဖြေရှာဖို့ မကြိုးစားလို့ မဖြစ်တဲ့ အနေအထား ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး ၂ လကျော် အကြာမှာကတည်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံရဲ့ မြန်မာ့အရေး အစည်းအဝေးမှာ စစ်အာဏာသိမ်းခေါင်းဆောင်ကို ဖိတ်ကြားပြီး ဆန္ဒတူညီမူ ၅ ချက်ဆိုတဲ့ အာဆီယံမူ ၅ ချက်ကို စစ်ကောင်စီ ဘက်က အကောင်အထည်ဖော်ပါမယ်လို့ ထိုစဥ်က သဘောတူခဲ့ပေမယ့် ၃ နှစ် ကျော်လာတဲ့အထိ အာဆီယံမူ ၅ ချက်ကို အကောင်အထည် မဖေါ်နိုင်သေးတာ တွေ့ရမှာပါ။
နောက်သတင်းတခုကတော့ လွန်ခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့၌ ယူနန်ပြည်နယ်တောင်ပိုင်း ဖူးအာမြို့ (Pu’er City) တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ MNDAA နှင့် ကိုးကန့်ဒေသကို တရုတ်အစိုးရ၏ အလုံးစုံပိတ်ဆို့အရေးယူမှုတွင် UWSA က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေးခဲ့တယ်လို့ Myanmar NOW ၏ ဖော်ထုတ်ရေးသားချက် ဖြစ်ပါတယ်။
သတင်းဆောင်းပါးဖော်ပြချက်မှာ - မြန်မာစစ်တပ်သည် မြန်မာနိုင်ငံကို ထူထောင်ထားသူဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရသို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက စစ်တပ်ကို အစားထိုးဝင်ရောက်၍ မရနိုင်ကြောင်း၊ စစ်တပ် ပြိုကျပြီး အနောက်နိုင်ငံများနှင့် နီးစပ်သည့် NUG နှင့် PDF အုပ်စုများ အနိုင်ရသွားမည်ကို တရုတ်ကလုံးဝလက်ခံမဟုတ်ကြောင်း နှင့် လားရှိုးမြို.မှ ကိုးကန့်တပ်များမဆုတ်သွားမခြင်း ကိုးကန့်ဒေသကို ပိတ်ဆို့ထားမှုကိုရုပ်သိမ်းပေးမည်မဟုတ်သည့်အပြင် ပိုမိုပြင်းထန်သည့် အရေးယူမှုများ တရုတ်နိုင်ငံက လုပ်ဆောင်သွားမည်ဟု တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက “ဝ” ခေါင်းဆောင်များအား ပြောကြားခဲ့တယ်လို့ ဖွင့်ချသွားပါတယ်။
အဲသည်လို လျှို့ဝှက်အစည်းအဝေးများမှာ အာဘော်က တမျိုး ဖြစ်နေပြီး၊ နိုင်ငံတကာနိုင်ငံရေး မျက်နှာစာမှာတေ့ာ တရုတ်နိုင်ငံအစိုးရက ပြည်တွင်းရေးမစွက်ဖက်ကြောင်း၊ အာဆီယံလမ်းညွှန်မြေပုံကို တိုက်တွန်းအားပေးကြောင်း တွင်တွင် ပြောဆိုနေတာ ဖြစ်ပါတယ်။
မြန်မာ့ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ပါဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နိုင်ငံတကာကို လူသိ ရှင်ကြား ပြောကြားခဲ့သော စကားနှင့် MNDAA ကို အလုံးစုံပိတ်ဆို့အရေးယူသော တရုတ်အစိုးရ၏ လုပ်ရပ်များ၊ “ဝ” ခေါင်းဆောင်များကို ဖိအားပေး အကျပ်ကိုင်နေသော လုပ်ရပ်များမှာ အပြောနှင့်လက်တွေ့ လုံးဝ ကွဲပြား ခြားနားနေပြီး၊ တရုတ်အစိုးရသည် မြန်မာအရေးတွင် နက်ရှိုင်းစွာ ဝင်ရောက်စွက်ဖက်နေကြောင်း တိန့်ရှီကျွင်း နှင့် “ဝ” ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုမှတ်တမ်းများတွင် ပေါ်လွင်နေတယ်လို့ ရေးသားထားပါတယ်။
မြန်မာပြည်သူတွေနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ အနာဂတ်ပြည်ထောင်စုလမ်းကြောင်းနဲ့ မြန်မာပြည်၏ အိမ်နီးချင်းနိုင်ငံများက အစိုးရတွေနဲ့ တရုတ်ပြည်အစိုးရကိုယ်တိုင်က မြန်မာစစ်အာဏာရှင်တွေ စစ်မျိုးဆက်တွေနဲ့ အတူတူ ဆက်လျှောက်လိုတဲ့ ပိုနေမြဲကျားနေမြဲ စစ်လက်ဝါးကြီးအုပ်ပြည်ထောင်စု လမ်းကြောင်းဟာ ပြဒါးတလမ်း သံတလမ်း ဖြစ်နေတယ်ဆိုတာ ရိပ်စားမိကြမယ် ထင်ပါတယ်။
မြန်မာစစ်တပ် ထူထောင်ထားတဲ့ မြန်မာပြည်ထောင်စုကနေ မြန်မာပြည်သူတွေ လမ်းခွဲသွားကြပြီ ဖြစ်တယ်ဆိုတာကို မြန်မာပြည်သူတွေနဲ့ သူတို့ ရွေးချယ်ထားတဲ့ နိုင်ငံခေါင်းဆောင်တွေက အပြောနှင့်သာမက အလုပ်တွေနဲ့ သည်ထက်မကတဲ့ သွေးတွေ၊ ချွေးတွေ ပေးဆပ် စွန့်လွှတ်မှုတွေနဲ့ ဆက်လက် သက်သေပြကြရဦးမယ့် သဘောလည်း ဖြစ်ပါတယ်။်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar