Breaking News

ကိုအောင်မှိုင်း - စကစရဲ့ သန်းခေါင်စာရင်း ဆိုတာ ထောင်ချောက်ပဲ

ကိုအောင်မှိုင်း - စကစရဲ့ သန်းခေါင်စာရင်း ဆိုတာ ထောင်ချောက်ပဲ

(မိုးမခ) အောက်တိုဘာ ၆ ၊ ၂၀၂၄


(အလွန် လူကြီးလူကောင်းမဆန်သူတို့နှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ လူကြီးလူကောင်းဆန်မှုဆို သည်များမှာ ရန်သူ့အပေါ်  အခွင့်အရေးပေးသည့် လုပ်ရပ်များ ဖြစ်သွားပေတော့သည်။)

စစ်အုပ်စုအဆက်ဆက်ဟာ လူကြီးလူကောင်းများ မဟုတ်ကြသလို လူကြီးလူကောင်းဆန်တဲ့ လုပ်ရပ်တွေကိုလည်း ဘယ်သောအခါကမှ လုပ်ခဲ့ဖူးတာ မရှိခဲ့ပါ။ ကျနော်တို့ အနီးဆုံးခေတ်ဖြစ်တဲ့ ၈ လေးလုံးကာလကို ပြန်ကြည့်မယ်ဆိုရင် စစ်အုပ်စုတွေ လုပ်ခဲ့ကိုင်ခဲ့ သတ်ခဲ့ ဖြတ်ခဲ့ လိမ်လည်ခဲ့ ယုတ်မာခဲ့တာတွေကို ရှင်းရှင်းလင်းလင်း တွေ့ကြမယ်လို့ ကျနော် ထင်တယ်။ ၈ လေးလုံး အရေးတော်ပုံ ရက်စွဲ သမိုင်းမှတ်တမ်းတွေဟာ မင်တောင်မခြောက်သေးပါဘူး။ အရင်စစ်အုပ်စုထက်ပို ပက်စက်ယုတ်မာတဲ့ လုပ်ဟန်တွေကို အခုစစ်အုပ်စုက ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေတာ မျက်ဝါးထင်ထင်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်အာဏာရှင်စနစ်ဟာ ဖက်ဆစ်စနစ်လို့ သတ်မှတ်ကြတာဖြစ်မယ် ထင်ပါတယ်။လူထုဒေါ်အမာ ပြောသလို “အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး ဆိုတာ အ လွန် သေချာလှပါတယ်။

ရွေးကောက်ပွဲကို အကြောင်းပြပြီး အာဏာသိမ်းလို့မရမှန်း တနိုင်ငံလုံးသိသလို တကမ္ဘာလုံးလည်း သိတဲ့ ကိစ္စလို့ ပြောလိုပါတယ်။ နိုင်ငံတော်သမ္မတကို ရာဇဝတ်မှုနဲ့ဖမ်းချုပ်တာဟာ ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ ရာဇဝတ်ကောင်တွေကလွဲပြီး အကုန်လက်ခံထားတဲ့ ဥပဒေကြောင်းပဲ ဖြစ်ပါတယ်။ 

ဘာကြောင့်လဲဆိုတော့ သမ္မတဟာ ရာဇဝတ်မှုအရ တရားစွဲဆိုခွင့်က ကင်းလွတ်ခွင့်ရထားသူ ဖြစ်လို့ပါပဲ။ သမ္မတကို ဖမ်း၊ ဒုတိယသမ္မတကို သမ္မတခန့်ပြီး နိုင်ငံတော်အာဏာယူတာကို တရားသဖြင့်လုပ်တဲ့ကိစ္စကြီးတခုလို လူထူထူမှာ ငိုပြနေလို့လည်း တရားဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီအမိန့်ကို ပေးခဲ့သူဟာ အကြီးမားဆုံး စစ်အာဏာသိမ်းမှုရဲ့ ရာဇဝတ်တရားခံပဲ ဖြစ်တယ်လို့ ပြောရမှာပါ။

ဒီနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ စစ်ရာဇဝတ်မှုတွေကလည်း ဒီစစ်တရားခံမှာ လုံးဝတာဝန်ရှိပါတယ်။ ပြောချင်တာက ဒီစစ်ရာဇဝတ်ကောင်နဲ့ လက်ဆွဲနှုတ်ဆက်နေသူတွေရဲ့ လက်မှာ သွေးတွေ စွန်းပေ သွားကြပြီ ဆိုတာတော့ ပြောရပါလိမ့်မယ်။ ဆိုလိုချင်တာက ပြည်တွင်းကပဲ ဖြစ်ဖြစ်၊ ပြည်ပကပဲ ဖြစ်ဖြစ် လူပေါင်းများစွာကို သတ်ဖြတ်၊ ရွာတွေ မီးရှို့၊ မုဒိမ်းကျင့်၊ ကလေးတွေ ကျောင်းတွေ ဘုရားကျောင်းတွေ စေတီပုထိုးတွေကို ဗုံးတွေကြဲချ၊ အစုအပြုံလိုက် သတ်ဖြတ်နေတဲ့၊ ဖျက်ဆီးနေတဲ့ စစ်တရားခံတယောက်ကို လက်ဆွဲနှုတ်ဆက်မယ်ဆိုရင် ပထမဆုံး ပြောချင်တာက လက်ဆွဲနှုတ်ဆက်ပြီး ကိုယ့်လက်ကိုယ် ပြန်ကြည့်ကြပါလို့ သတိပေးလိုပါတယ်။ 

သွေးညှီနံ့တွေ ခင်ဗျားတို့လက်မှာ သင်းနေမှာဖြစ်သလို အသတ်အဖြတ်ခံခဲ့ရသူတွေရဲ့ နာကြည်းဖွယ် ဝိညာဥ်တွေဟာ ခင်ဗျားတို့ကို ခြိမ်းခြောက်နေပါလိမ့်မယ်။ လူစိတ်ရှိသူတွေ ဆင်ခြင်နိုင်ဖို့ပါ။

စစ်အုပ်စုကို ခွေးကတက်က အလုပ်အကျွေးပြုဖို့ ကြိုးစားနေကြတဲ့ နိုင်ငံရေးပျက်တချို့က “ဒါထက်ကောင်းတဲ့ နည်းလမ်းချပြနိုင်သလား” ဆိုပြီး နစက ချပေးတဲ့ နည်းလမ်းက နိဗ္ဗာန်ရောက်ကြောင်း တရားကြီးလို အားရပါးရထောက်ခံပြီး တော်လှန်ရေးဘက်ကို မေးခွန်းတွေထုတ်တာ တွေ့ရပါတယ်။ 

ဒီလောက်ကောင်းတဲ့ စစ်တပ်က ချပေးတဲ့ နည်းကြီးဆိုတော့ အတော်ကောင်းမှာပဲလို့ ယူဆပြီး အသေအချာ လေ့လာကြည့်တော့ “လက်နက်ချ ပါတီထောင် ရွေးကောက်ပွဲဝင်” ဆိုတဲ့ ဗိုလ်သန်းရွှေတို့ ခေတ်က နည်းဟောင်းကြီးကိုပဲ တွေ့ရပါတယ်။ ဘယ်တုန်းကမှ အလုပ်မဖြစ်ခဲ့တဲ့ ဒီနည်းကြီးကို ဗိုလ်သန်းရွှေတို့တောင် စွန့်လွှတ်ပြီး ၂၀၀၈ ကို တဖက်လှည့်နဲ့ ရေးခဲ့တာဆိုတာ ပြောတဲ့ပုဂ္ဂိုလ် မသိတာလား၊ သိသိကြီးနဲ့ ပြောတာလား ဆိုတာတော့ သူပဲ သိမယ် ထင်ပါတယ်။

ကျနော်တို့ သိတာကတော့ အလွန်ဟောင်းနွမ်းဆွေးမြည့်ပြီး သုံးစားမရတဲ့ နည်းလမ်းစုတ်ကြီးတခုထက် မပိုပါဘူး။

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တခုက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဥ်းဆိုတာကြီးကို လုံးဝ အမှိုက်ပုံထဲ ပစ်ထည့်လိုက်ဖို့ပါပဲ။ 

ဒီမိုကရေစီအစိုးရကြီး ၅ နှစ်လောက် အုပ်ချုပ်တာတောင် လွှတ်တော် ဆိုတဲ့နေရာကြီးမှာ မသန်မစွမ်းကို မသန်စွမ်း ဆိုလား ဥပဒေတခုကိုပဲ​ စစ်တပ်က ပြင်ခွင့်ပေးခဲ့တာပါ။ ကျန်တာ နည်းနည်းလေးထိတာနဲ့ စစ်အမတ်တွေ ပြိုင်တူထလိုက်၊ ပြိုင်တူထိုင်လိုက်နဲ့ ရေ သဘင်ယိမ်းထွက်နေသလိုပါပဲ။ စစ်အမတ်တွေ လုပ်ဟန်ကို ပြောပါတယ်။ နိုင်ငံရေးနည်းနဲ့ ပြဿနာတွေ ဖြေရှင်းရမယ်ဆိုတာ ရိုးရိုးသားသားဆို မင်းအောင်လှိုင် စောစောက ပြောသင့်တာပေါ့။ 

အခု စစ်ရှုံးမှ နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုတော့ မင်းအောင်လှိုင် သတ်လို့ သေသွားတဲ့ ကလေးတွေ၊ မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သူတာဝန်ယူ ဖြေရှင်းမလဲဆိုတာ မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။ ဆန္ဒပြစဥ်က ခေါင်းတွေကို အပစ်ခံခဲ့ရတဲ့ လူငယ်တွေ၊ ပစ်သတ်ခံခဲ့ရတဲ့ အလောင်းကို ပြန်လိုချင်ရင် ပိုက်ဆံပေးခဲ့ရတာတွေ စတဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေကိုတော့ နွေဦးတော်လှန်ရေး ရင်ထဲမှာ ရှိနေဆဲလို့ ပြောရမှာ ဖြစ်ပါတယ်။ 

လက်ရှိလည်း လေယာဥ်နဲ့ လူနေအိမ်တွေပေါ် ၊ ကျောင်းတွေပေါ်၊ ဆေးရုံတွေပေါ်  ဗုံးကြဲဖျက်ဆီးနေကြတာ တွေဟာ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်ဆိုတာ သမိုင်းဝင်မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး စကားပြောတဲ့ညမှာဘဲ ဗုံးလိုက်ကြဲနေတဲ့ မင်းအောင်လှိုင်စကားကို ဘယ်သူတွေ ယုံကြသလဲဆိုတာတော့ မေးခွန်းထုတ်ရတော့မယ် ထင်ပါတယ်။ မင်းအောင်လှိုင်ဟာ သူ့အတွက်ဆို ဘာမဆိုလုပ်ရဲတဲ့ လူလိမ်တယောက်ထက် မပိုပါဘူး။

စစ်ရှုံးဗိုလ်ချုပ် ပြောနေတဲ့ ရွေးကောက်ပွဲဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက်ကတည်းက လူသားတွေအနေနဲ့ လုပ်ကိုင်လာခဲ့တာပါ။ အမေရိကန်နိုင်ငံဆိုရင် ၁၇၉၁ ခုနှစ်မှာ ပထမဆုံးရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ 

၂၀ ရာစုမှာဆို ရွေးကောက်ပွဲစနစ်တွေ တိုးတက်လာပြီး လူ့အခွင့်အရေးတွေနဲ့ တန်းတူမှုဆိုင်ရာ စံသတ်မှတ်ချက်တွေကိုပါ ထည့်သွင်းဖော်ပြလာတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲတခု အထမြောက်ဖို့ ဆိုတာ ဟိုတကွက် ဒီတကွက် စစ်တပ်နဲ့ဝိုင်းပြီး လူထုကို ပြန်ပေးဆွဲ မဲထည့်ခိုင်း ဓာတ်ပုံရိုက်၊ ကမ္ဘာကိုဖြန့် ဆိုတာလောက်နဲ့ ရွေးကောက်ပွဲအောင်မြင်တယ် ပြောလို့ရမယ်ထင်နေတဲ့ ခပ်တုံးတုံး စစ်ဗိုလ်တွေ စီစဥ်မယ့် အတုအယောင် ရွေးကောက်ပွဲကတော့ ခါးတောင်းကျိုက် တခြား၊ - င် တ ခြား ရွေးကောက်ပွဲပဲ ဖြစ်ပါလိမ့်မယ်။ ကျနော် ပြောလိုတာက ငါတို့နောက်မှာ တရုတ် ရှိတယ်။ ရုရှား ရှိတယ်ဆိုတာနဲ့ ရွေးကောက်ပွဲ အောင်မြင်ခြင်း မအောင်မြင်ခြင်း ဆိုတာက တခြားစီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အောင်မြင်ဖို့ဆိုတာ နိုင်ငံတကာ ရွေးကောက်ပွဲ စံသတ်မှတ်ချက်များ (International Election Standards) ဆိုတာ သီးသန့်ရှိပါတယ်။

ကိုယ်တောင် စစ်တပ်အထပ်ထပ်ချ အိပ်နေရတဲ့ ကာလကြီးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုကို စစ်ရှုံးဗိုလ်ချုပ်လုပ်မယ်ဆိုတာတော့ အတော်ကြီးကို ယုံကြည်ရခက်တဲ့ကိစ္စလို့ ပြောရမှာဖြစ်ပါတယ်။

ကျနော်တို့အမြင်အရက ဒီအချိန်ဟာ ရွေးကောက်ပွဲလုပ်ရမယ့်အချိန် မဟုတ်ပါဘူး။ လူထုအာဏာ လူထုလက်ကို ပြန်ရောက်မှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လူထုကိုယ်တိုင် အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ဆိုတာ သေနတ်ရှိရုံနဲ့မရဘူးဆိုတာ သိဖို့လိုပါတယ်။

အရပ်သားပြည်သူလူထုကို လေယာဥ်တွေနဲ့ သတ်ဖြတ်နေတာကို ကမ္ဘာကြီးက အလျှော့ပေး ဆက်ဆံလိုက်မယ် ဆိုရင်တော့ ကမ္ဘာမှာ မင်းအောင်လှိုင်လို စစ်ရာဇဝတ်ကောင်တွေကို ကမ္ဘာကြီးက မွေးထုတ်ပေးလိုက်သလို ဖြစ်နေပါလိမ့်မယ်။ 

ဒီအတွက် ကမ္ဘာ့စူပါနိုင်ငံကြီးတွေ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေမှာလည်း လူသားဖြစ်တည်မှုကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ငွေကြေးနဲ့တိုင်းတာလို့ မရပါဘူး။ လူသားဖြစ်တည်မှုအတွက် ကာကွယ်ရမယ့် တာဝန်၊ ဂုဏ်သိက္ခာတွေနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ကြောင်း ထောက်ပြလိုပါတယ်။ တနည်းပြောရရင် သမိုင်းဆိုင်ရာ ကိစ္စတွေ ဖြစ်တဲ့အတွက် အလေးအနက်ထားဖို့ လိုအပ်ပါတယ်။

ရွေးကောက်ပွဲလုပ်ဖို့တောင် လုံးဝအရည်အချင်းမပြည့်မီတဲ့ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်မယ် ဆိုတာကတော့ အတော်ကို အမြီးအမောက်မတည့်တဲ့ ကိစ္စလို့ပဲ ပြောရတော့မယ် ထင်ပါတယ်။ အေးချမ်းနေတဲ့ကာလမှာတောင် သန်းခေါင်စာရင်း ကောက်ဖို့ဆိုတာ လူအား၊ ငွေအားအပြင် လူထုထောက်ခံမှု၊ လူထုပူးပေါင်းဆောင်ရွက်မှုတွေ များစွာလိုပါတယ်။ 

အခုလို အကြီးအကျယ် စစ်မီးတောက်နေသလို လူထုဆန့်ကျင်မှုကိုခံရပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို နေရာတွေမှာတောင် မလုံခြုံတော့တဲ့အခြေအနေမှာ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်အနေနဲ့ သန်းခေါင်စာရင်းကောက်မယ် ဆိုတာကတော့ လုံးဝယုတ္တိမတန်တဲ့ ကိစ္စလို့ ပြောလိုပါတယ်။ 

လူထုကို ခြိမ်းခြောက်အကြပ်ကိုင်ဖို့၊ စစ်သားတွေအဖြစ် ပေါ်တာဆွဲဖို့၊ အချက်အလက်ရှာဖွေဖို့၊ PDF တွေ သတင်းဖော်ထုတ်ဖို့၊ လူတွေကို အတတ်နိုင်ဆုံး ဝိုင်းကြီးချုပ်လုပ်ဖို့ ဖြစ်ပါတယ်။ ဒီတော့ စကစ လုပ်မယ့် သန်းခေါင်စာရင်း ဆိုတာ ထောင်ချောက်တခုထက် မပိုဘူးလို့ပဲ ပြောပါရစေဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar