ကိုနီတွတ် - သမိုင်းနှင့် မျိုးချစ်
ကိုနီတွတ် - သမိုင်းနှင့် မျိုးချစ်
(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၂၄
သမိုင်းဟူသည် အတိတ်က အဖြစ်အပျက် အတွေ့အကြုံကို နောင်တစ်ချိန် ပြန်လည်အသုံးချနိုင်အောင် လေ့လာရသောပညာဟု အဓိပ္ပာယ်ရှိသည်ဟု ဆိုကြ၏။ တဖန် ယောကျ်ားတို့ တတ်အပ်သော အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်တွင် "ပူရဏကထာ "တစ်ပါး ပါရှိသည်။ တိုက်ရိုက်ဘာသာပြန်ရလျှင် "ရှေးစကားပြောခြင်း"ဟု ဆိုလိုသည်။
ထို့ကြောင့်ပင် ကျွန်တော်တို့ ငယ်စဥ်က ဘိုးဘွားများပြောခဲ့သော အိပ်ရာဝင်ပုံပြင်များတွင် "ဟိုရှေးရှေးတုန်းက---"ဟူ၍ အစချီတတ်ကြသည် မဟုတ်လော။ အတိတ်အချိန်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို နောင်လာနောက်သားများသိစေလိုခြင်း၊ အားကျစေလိုခြင်း၊ ရှောင်ရှားစေလိုခြင်း၊ ပျော်ရွှင်စေလိုခြင်း၊ သင်ခန်းစာယူစေလိုခြင်း စသဖြင့် တစ်မျိုးမျိုးသော ရည်ရွယ်ချက်ဖြင့် လက်ဆင့်ကမ်း ပြောကြားလာသော စကားများ မဟုတ်လော။ထိုရှေးစကားများကို စာပေဖြင့် မှတ်တမ်းတင်ခဲ့သော အကြောင်းအရာများကို သမိုင်းဟု ဆိုကြခြင်းမဟုတ်ပါလော။
ထို့အပြင် သမိုင်းကို ပုံပြင် (Fabulous Tales) နှစ်သက်ကြည်နူးစရာ ပုံပြင်များဟု ခေါ်ကြပြန်သည်။ ပုံပြင်ထဲတွင် နတ်သမီး၊ နတ်သား၊ သူရဲကောင်းများအပြင် တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော သတ္တဝါများ ပါသည်။ မူလအစ ထိုသမိုင်းပုံပြင်များသည် ကလေးများကို ပျော်ရွှင်မှုပေးခြင်းသာ ဖြစ်ခဲ့ရာမှ လူကြီးများ အထူးသဖြင့် သမိုင်းကို လေ့လာလိုက်စားသူများအတွက် ဉာဏ်ကွန့်မြူးစရာ၊ စဥ်းစားချင့်ချိန်စရာ ဖြစ်လာသည်။ ဖြစ်နိုင်၊ မဖြစ်နိုင်တည်း ဟူသော ပေတံဖြင့် ဆန်းစစ်လာရာမှ ထိုပုံပြင်များသည် သမိုင်းအဖြစ် ပြောင်းလဲလာသည်ဟု ဖတ်မှတ်ရဖူးသည်။
ထို့ကြောင့်ပင် သမိုင်းကို ဘာကြောင့် သင်ရတာလဲ မေးခွန်းကို ဆရာကြီးဒေါက်တာသန်းထွန်းက "မအ ရအောင်"ဟု ဖြေကြားခဲ့သည်ဟု မြင်၏။" သမိုင်းသိမှ ပဏ္ဍိတ၊ သမိုင်းတရားခံ၊ သမိုင်းမတတ်လျှင် အ-သွား၊ သမိုင်းကိုလိမ်ညာ၍ မရ၊ ကိုယ့်သမိုင်း ကိုယ်ရေးရသည်" ဆိုကြရာ နောက်တစ်ခုမှာ" သမိုင်းကို စစ်နိုင်သူများကရေးသည်" ဟု ဆိုပြန်သည်။ မြန်မာ့သမိုင်းအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံများ၏သမိုင်းများသည် အထက်ပါ နောက်ဆုံးအဆိုကဲ့သို့ချည်းပင် မဟုတ်တုံလော။
ကျွန်တော်တို့ နွေဦးတော်လှန်ရေးသမိုင်းထဲတွင် ရှမ်းမြောက်ရှိ အစိုးရ အရာထမ်း အမှုထမ်းများသည် CDM အဖြစ်လည်းကောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFs များအဖြစ်လည်းကောင်း ပါဝင်ခဲ့ကြသည်။ တိုင်းရင်းသား EROs တပ်များသည်လည်း ရှိခဲ့ရာ ကနဦးအစတွင် မပါဝင်ခဲ့ကြ။ ပြည်သူ့ပါဝါကို သိ၍လော သို့မဟုတ် သူတို့ကိုယ်တိုင်က အာဏာရှင်ကို တွန်းလှန်ချင်၍လော၊ အတိအကျ မသိနိုင်သော်လည်း နောက်ပိုင်း စစ်ဆင်ရေး အမည်တပ်ကာ နွေဦးတော်လှန်ရေးတွင်ပါဝင်ခဲ့ကြသည်။ ညီနောင်သုံးဖော် စုပေါင်း၍ အရှိန်အဟုန်ပြင်းပြင်းဖြင့် စခဲ့သော သမိုင်းတွင် ရှမ်းပြည်နယ်တော်လှန်ရေးသမိုင်းကို အစပြုခဲ့သော အင်အားကြီးတစ်ဖွဲ့ကား ထူးဆန်းစွာ ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။ ကျီးလည်းမဟုတ် ကြက်လည်း မဟုတ်၊ ရေထဲမှာ နေ၏ ငါးလည်း မဟုတ်၊ ဖားလည်း မဟုတ်။ ပါဝင်ခဲ့သော EROs များကား ပြည်သူနှင့်အတူ ရပ်တည်၊ အဆုံးအထိပါဝင်မည်ဟု ကြေညာချက်ထုတ်ခဲ့သည့် သမိုင်းကို ပြည်သူများအများ ကြိုဆိုထောက်ခံခဲ့သည်မှာ သူတို့၏ အောင်ပွဲများက သက်သေ မဟုတ်တုံလော။
ပြည်သူနှင့်အတူ ရပ်တည်ပြီး အဆုံးထိ တော်လှန်သွားမည် ဆိုသည့် အဖွဲ့သည် အစ ကနဦးတွင် မပါဝင်ဘဲ ဘာသိဘာသာနေခဲ့၏။ ပါမည့်ပါပြန်တော့လည်း တောင်ကျရေလို ဒလဟော။ သာကောကြီး၊ ကမ္ဘာ့နိုင်ငံများအနက် လူဦးရေအများဆုံးသော နိုင်ငံ၊ မည်သည့်နိုင်ငံတွင်မဆို အကျိုးတူစီးပွားရေးလုပ်လျှင် အကူအညီပေးသလိုလိုနှင့် အဆိုပါနိုင်ငံအား မွဲပြာကျအောင် အမြတ်ကြီးစား ကုပ်သွေးစုတ်တတ်သည့် နိုင်ငံကြီးက မတားလျှင် ယခုအချိန်တွင် နွေဦးတော်လှန်ရေး ချိန်ခွင်ညှာ ပြောင်းနေလောက်ပြီ။ ထိုညီနောင်အဖွဲ့သည် မင်းအောင်လှိုင် အခက် သူတို့အကွက်အဖြစ် တန်ဖိုးရှိရှိ အသုံးချနိုင်သဖြင့် သူတို့ သိမ်းယူခဲ့သောမြို့ပြများတွင် ကျွန်တော်တို့ ခရိုင်မြို့ပြ ပါလာလေပြီ။ထိုနယ်ကို ဦးစီးတိုက်ခိုက်ခဲ့သည့် တောင်ပိုင်းသား EROs တပ်များသည် စစ်ရေး၊ နိုင်ံငံရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို ပြည်သူ့အကူအညီယူ၍ တစ်ပါတည်း ဆောင်ရွက်ခဲ့သည်။ ထိုခရိုင်မြို့ပြတွင် စကစ အကြမ်းဖက်အားပေး ကျွန်ဝန်ထမ်းများ၊ စခ၊ ရခ၊ စရဖများ ကင်းစင်သွားသည်။ (မလိုက်နိုင်သူများ ကျန်နေခဲ့သည်။) မြို့သိမ်းတိုက်ပွဲဖြစ်စဥ်က ပညာသင်ကျောင်းများ ပျက်သွားခဲ့ရာ ယခုအခြေအနေ တည်ငြိမ်လာသည်။ (နေ့စဥ် နေ့ည လားရှိုး၊ သီပေါနှင့် အပေါ်ဘက် သိမ်းပိုက်ပြီး မြို့များကို ဗုံးကြဲရန် အသံပေး ခြိမ်းခြောက်နေမှုများမှ လွဲ၍) မြေပြင်တွင် စိုးရိမ်စရာ မရှိတော့။
သို့ဖြစ်၍ ပညာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လိုရာ စစ်ဘေးရှောင်ရာမှ တစ်စတစ်စ ပြန်ရောက်လာနေကြသော CDMs ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များကို လေးလေးစားစား ဖိတ်ခေါ်၍ တင်ပြ ဆွေးနွေး ညှိနှိုင်း တိုင်ပင်ခဲ့ကြရာမှ ခရိုင်မြို့ပြသည် ယခင်ကကဲ့သို့ ခေါင်းလောင်းသံကျယ်ကျယ်မထိုးနိုင်သေးသောလည်း မတိုးမကျယ် စတင်ကြားရလာလေပြီ။ နေခြည်တွင် ရွှေရည်အပြည့်အဝ မလောင်းနိုင်သေးသော်လည်း လောင်းသမျှ ရွှေရည်တို့ ပညာသင်ရွယ် ကလေးများအတွက် အကြောင်းလှဖို့ချည်းပင် ဖြစ်ပါချိမ့်တည်း။
သို့ပေသည့် ဤအခြေအနေရောက်အောင် လျှောက်လှမ်းခဲ့ရသည့် ခြေလှမ်းများကား လွယ်ကူသည်တော့ မဟုတ်ပါလေ။ ဤလောကသရုပ် ဤလောကအရှုပ် ဤလောကအထုပ်ကို ဖြည်နိုင်ရန် သေနတ်ပြ အနိုင်ကျင့်တိုင်း အောင်မြင်သည် မဟုတ်။ လောကသဘာဝအတိုင်း လျှော့တန်လျှော့ တိုးတန်တိုးတတ်ရသည် မဟုတ်လား။ တောင်ပိုင်းသား EROs တပ်များသည် ကျွန်တော်တို့ ခရိုင်မြို့ပြကို သိမ်းပိုက်ခဲ့သည်မှာ မှန်၏။
လူမျိုး၊ ဘာသာပေါင်းစုံ နေထိုင်နေသော ခရိုင်မြို့ပြကို ပြည်သူမပါဘဲ လုံခြုံအေးချမ်းစွာ ထိန်းထားနိုင်ရန် အပြောလွယ်သလောက် လက်တွေ့မလွယ်ကူ။အများပြည်သူ မကြိုက်နိုင်၊ သဘောမတူနိုင်သော အရာများကို အတတ်နိုင်ဆုံး ရှောင်ရှားလုပ်ကိုင်နေပုံရသည်။ ပြည်သူ မကြည်ဖြူလျှင် ကမ္ဘာ့စစ်တပ်အင်အားအဆင့် ၃၅ ဆိုလား၊ ၃၈ ဆိုလားရှိသော မအလ၏ လက်ကိုင်တုတ် အကြမ်းဖက်တပ်ကြီးပင် ပရမ်းကတာနှင့် ယမ်းခါနေသည်ကို အတုယူကြပုံရ၏။ ခရိုင်မြို့ပြကို သိမ်းပိုက်ထားလေငြား ဌာနပေါင်းစုံ၏ ရုံးများအတွင်းရှိ ပစ္စည်းများကို မည်သူ့ကိုမှ ထိခွင့်မပေး။ သူတို့ ခန့်ထားသော ကြားကာလဝန်ထမ်းများပင်လျှင် အသစ်ကနေ စစေ၏။ထိန်းသိမ်းကြည့်ရှုရန် တာဝန်ကိုပင် ပေးအပ်ထားသည်။ ပြည်သူအစိုးရ ပြန်ပေါ်ပေါက်လာသောအခါ ထိုပစ္စည်းများကို ပြန်လည်အပ်နှံရမည်၊ သူတို့ကား ကာကွယ်ရေးတပ်အနေဖြင့် ဖက်ဒရယ်တပ်မတော်၏ လက်နက်ကိုင်တပ်အဖြစ် နေမည်ဟု ဆို၏။
ပညာရေး CDMs ဖြစ်သော ကျွန်တော့်အနေဖြင့် ပညာရေးဆိုင်ရာ အကြောင်းများကိုသာ ဥပမာထိုးဆိုချင်ပါ၏။ ထိုတောင်ပိုင်းသား EROs တပ်၏ စစ်အင်္ဂါအရ နံပါတ် ၄ လောက်ရှိမည့် ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်၍ ခရိုင်မြို့ပြပညာရေးကို လည်ပတ်လိုရာ၊ NUG လက်အောက်ခံ မြို့နယ်ပညာရေးဘုတ်မှတဆင့် ဖိတ်ခေါ်ခဲ့သော ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည့် စကားကို ကြားရစဥ် အံ့သြဝမ်းသာသွားကြသည်မှာ ပညာရေး CDMs များ ဖြစ်ပါ၏။ ကျွန်တော်တို့ မြန်မာပြည်သားပြည်သူများသည် (ပြည်တွင်း ပြည်ပ) ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးစွာ၊ လှိုက်လှိုက်လှဲလှဲ ကြည်ကြည်နူးနူး တခုတ်တရ "အမေစု "ဟု ခေါ်ကြသည်။
အထက်ပါ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်ပိုင်းထဲ ပါသည့်သူက ကျွန်တော်တို့ ခေါ်သလို အမေစုဟု ခေါ်ဝေါ်သုံးနှုန်း ပြောဆိုခဲ့ရာ မည်သူမဆို အံ့သြကြမည် မလွဲ။ အမေစု၏ သိက္ခာ၊ သီလ၊ သမာဓိနှင့် ကမ္ဘာသိ အရည်အချင်းရှိ လူထုခေါင်းဆောင်ကို လေးစားကြည်ညိုနေသော ကျွန်တော်တို့ပညာရေး CDMs များ၏ စိတ် ညွှတ်ကျသွားတော့၏။ ယခုတော့ ခရိုင်မြို့ပြ ပညာရေးအတွက် "မိုဘိုင်းအထက်တန်းကျောင်းတစ်ကျောင်း " ထွက်ပေါ်၍လာချေပြီ။ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး တိုးချဲ့သွားရန် ရည်ရွယ်ထားသည်။
သို့သော် အမေရိကန်နိုင်ငံ၏ ၁၆ ဆက်မြောက် သမ္မတကြီး အေဗရာဟင်လင်ကွန်း၊ လူဖြူ လူမည်း ခွဲခြင်း၊ လူကုန်ကူးကျွန်စနစ်ကို ဖျက်သိမ်း၊ တောင်နှင့် မြောက်ကို ပေါင်းစည်းပေးခဲ့သူတောင်မှ မသမာသူတို့၏ လုပ်ကြံခြင်း ခံခဲ့ရသည်။ မြန်မာ့လွတ်လပ်ရေးသမိုင်းတွင်လည်း ဦးဆောင်ကြိုးပမ်းခဲ့သူ အဖ ဗိုလ်ချုပ်အောင်ဆန်းသော်လည်း ဂဠုန်ဦးစော၏ ဣဿာမစ္ဆေရိယအောက် ပျောက်ကွယ်ခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင်လည်း အဟိံသလမ်းစဥ်ကို ကျင့်သုံး၊ ခြိုးခြံချွေတာရေး ရှေ့ဆောင်လမ်းပြ၊ မူစလင်နှင့်ဟိန္ဒူညီညွတ်စေရန် ကြိုးပမ်းခဲ့သူ မဟတ္တမဂန္ဒီကြီးသည်လည်း အစွန်းရောက်တို့၏သေနတ်အောက်သွေးစွန်း အသက်ပျောက်ခဲ့ရသည်။ ကျွန်တော်တို့ ချစ်ခင်လေးစားရသော အမေစုသည်လည်း ဘာသားနှင့် ထုထား၍လဲ၊ အကြမ်းဖက် မအလ၏ စနက်ကြောင့် အိုဇာတာမကောင်းခဲ့။ ထို့အတူ တောင်ပိုင်းသား EROs များကရော ဘယ်သင်းနှင့် ဘယ်သို့ လွတ်နိုင်ပါအံ့လော။
ထိုခရိုင်မြို့ပြကို မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးရှိသည့် လူမျိုးများ စတင်တည်ထောင်ခဲ့ကြသည်။ သီပေါစောဘွား၏ လက်အောက်ခံဒေသ။ ဤမြို့ပြနှင့်အတူ ရှမ်းမြောက်တလွှား နေရာအနှံ့အပြားကို စော်ဘွားများအစဥ်အဆက် တည်ထောင်အုပ်ချုပ်ခဲ့၍ သူတို့ ပိုင်သည်ဟု ဆို၏။ တောင်ပိုင်းသားတို့၏ တပ်ဦးအစ တာခွန်အေး၊ တာခွန်လီ တို့ ဦးဆောင်သည့် တပ်ရင်း ၅/၆ တို့ကို သူတို့ သင်ကြားပေးခဲ့သည်။ ဆရာလည်း ဖြစ်သည်။ သူတို့ အများဆုံး ပိုင်ဆိုင်၍ပင် ပြည်နယ်အမည်ကို ရှမ်းပြည်ဟု အမည်ပေးခဲ့သည်က သက်သေမဟုတ်လောဟု အခိုင်အမာဆို၏။ ပြည်နယ်တလွှား ရှမ်းစကား၊ ရှမ်းစာများ ယခုထိ လွှမ်းမိုးဆဲဟု၍လည်း ဆိုချေပြန်သည်။
တောင်ပိုင်းသားတို့ကလည်း အနော်ရထာမတိုင်မီကတည်းက အစောဆုံး ဝင်ရောက်လာသော ဝ၊ ကချင်၊ ပလောင်ထဲ ပါသည်ဟုအတိအကျ ထောက်ပြ၏။ သမိုင်းကြောင်းကို သမိုင်းကြောင်းနှင့် အပြန်အလှန်ချေပကြသည်။ အတူနေသူအချင်းချင်း ရန်ဖြစ် အငြင်းပွားရန် မရှိ၊ ထိုဒေသနေ လူမျိုးများနှင့် မြန်မာတစ်ပြည်လုံး မအလ အကြမ်းဖက်လက်အောက်က လွတ်ဖို့သာ ရည်မှန်းချက်ထားသည်ဟု တောင်ပိုင်းသားတို့ကဆိုကာ အငြင်းပွားနေမှုကို အဆုံးသတ်လိုက်လေသည်။ လူတိုင်း အသိဉာဏ်ပညာ၊ ဦးနှောက်များရှိသော်လည်း အသုံးချမမှန်လျှင် မျိုးချစ်မျက်ကန်း ဖြစ်သွားတတ်သည်မှာ အမှန်။ တစ်ဖွဲ့၏ မျိုးချစ်စိတ်မှာ သူတို့အမျိုးအနွယ်အတွက်သာ ကြည့်သည်ကို တွေ့ရသည်။
နောက်တစ်ဖွဲ့ကား အပြောထက် လက်တွေ့ကိုသာ ကျင့်သုံးသည်။ အမှန်လည်း မျိုးချစ်စိတ်ဟူသည် တခြား ဘာကိုမှ မစဥ်းစား၊ မိမိအမျိုးအနွယ်ကောင်းစားရေးကိုသာ ကြည့်တတ်ခြင်း မမည်၊ တိုင်းပြည်နှင့် လူမျိုးအပေါင်း၏ အကျိုးကိုဆောင်ရွက်မှသာ မျိုးချစ်စိတ်ခေါ်နိုင်သည် မဟုတ်လား။ ကျွန်တော်တို့ ခရိုင်မြို့ပြတွင် ဖွင့်သောကျောင်းများကိုလည်း TLEC နှင့် ဆက်သွယ်လည်ပတ်နေသည်မှာ မှန်သည်။ သို့သော် TLEC တို့သာ ပိုင်ဆိုင်သည့်ကျောင်း မဟုတ်။ ပါဝင်သင်ကြားပေးနေသည့် သူများသည်လည်း လူမျိုးစုံ။ ပညာသင်ရွယ် ကလေးများသည်လည်း လူမျိုးစုံ၊ ဘာသာစုံ။ သင်ရိုးညွှန်းတမ်းသည် NUG သင်ရိုး၊၊ နွေဦးတော်လှန်ရေးပြီးပါက ဤကျောင်းများကို လူထုအစိုးရထံ ပြန်အပ်နှံမည်ဟု တတွင်တွင် ပြောသည် ကြားနေရသည်။ တောင်ပိုင်သားများနှင့် CDMပညာရေးဝန်ထမ်းများ၊ ဗော်လန်တီယာများ၊ပညာရေးစိတ်ဝင်စားသူများ၊ ကျောက်မဲကာကွယ်ရေး PDFများ ဖက်ဒရယ်ပညာရေးကို စတင်အကောင်အထည်ဖော်နေသည်။ ကိုယ့်သမိုင်းကို ကိုယ် ရေးနေကြသည်။ တောင်ပိုင်းသားမျိုးနွယ်စုတစ်စုတည်းအတွက် မရည်ရွယ်၊ လာရောက်ပညာသင်ကြားလိုသူ မည်သူမဆို သင်ကြားနိုင်ခွင့်ပေးသည်။ လောလောဆယ် သူတို့ သိမ်းပိုက်ခံမြို့ဖြစ်ကြောင်းကို လက်ခံရပေလိမ့်မည်။
တော်လှန်ရေးအဖွဲ့အစည်း ဖြစ်လည်း ယူနီဖောင်းဝတ် သေနတ်ကိုင်နေရုံနှင့်တော်လှန်ရေးအောင်မည်မဟုတ်။ မျိုးနွယ်စုတစ်ခု ကိုယ်စားပြု အင်အားကြီးတပ် ဖြစ်သော်လည်း နွေဦးတော်လှန်ရေးတွင် မပါဝင်၊ အကြမ်းဖက် မအလတပ်များနှင့် ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးဖြင့် ပလဲနံသင့်နေခြင်းရှိနေသည့်အပြင် သူတို့နယ်၏ ပညာရေးကို အားမပေး၊ ဖွင့်လှစ်ထားသော ကျောင်းများကိုလည်းသွားတက်ရန် ခွင့်မပြု ၊ခေတ်ကြပ်ကြီးတွင် ငွေကုန်ကြေးကျများသော တောင်ကြီး၊ မန္တလေး၊ ရှမ်းရှေ့များသို့ သွားသင်စေခြင်းမျိုးကား ငွေရှိသူတို့အတွက် လွယ်၏။မရှိသူများကားအများစုဖြစ်ရာ သူတို့နယ်ပညာရေး အဟောသိကံဖြစ်ရန် သေချာနေလေ၏။ အတူနေသူ အချင်းချင်း ရန်မီးပိုပွားအောင်၊ ပို၍ စိမ်းကားသွားအောင် ပြုလုပ်ခြင်းနှင့် မတူပါလော။ မပြေးသော်လည်း ကံရာရှိသည်မဟုတ်လော။
ဖက်ဒရယ်ပြည်ထောင်စုကို အတူတူရယူလိုလျှင် သမိုင်းကို အတူတူ ပူးပေါင်းရေးရမည် မဟုတ်လော။ ရေးခွင့်ရလိုလျှင် ရွှေတစ်လှည်းကို ဖွဲတစ်ဆုတ်နှင့် မလဲသင့်။ရှင်ပြုစဥ်ကရွှေထီးဆောင်းရသည်ကို့ မေ့ထားရမည်။ရေမကူးတတ်ဘျှင် လှေကွဲမစီးသင့်။ မျိုးချစ်နှင့် မျိုးချစ်မျက်ကန်းကို ခဲထားနားလည်ရမည်။နွေဦးတော်လှန်ရေးသမိုင်းသာ်တစ်နိုင်ငံလုံးနှင့်ဆိုင်သည်ကို လက်ခံရမည်။ကိုယ်ရေးသောသမိုင်းများသည်လည်း နောင်လာနောက်သားများအတွက် တစ်ခုခုချန်ပေးနိုင်ရမည်။ ဤလောကတွင် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြသည် မဟုတ်လော။
အမှန်တရားကို ချစ်မြတ်နိုး၍ ဓမ္မလမ်းကြောင်းပေါ် လျှောက်လှမ်းနေသော ကျွန်တော်တို့၊ CDMs ပညာရေးဝန်ထမ်းများသည်လည်း ဖက်ဒရယ်ပညာရေးသမိုင်း ရေးသော ဘယ်မျိုးချစ်အဖွဲ့နှင့်မဆို ပူးပေါင်းရန်အသင့် ဖြစ်နေပါ၏။ ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar