Breaking News

သီအိုဇော် - ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ (၁)

သီအိုဇော် - ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ (၁)

(မိုးမခ) အောက်တိုဘာ ၅ ၊ ၂၀၂၄


အခုလတ်တလော အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ဟက်ဇ်ဘိုလာ (Hezbollah) ခေါင်းဆောင် ‘ဟာဆန်နာဆာရာလား’ (Hassan Nasrallah)ဟာ တိုက်ခိုက်ခံရစဉ်မှာ ပေ ၆၀ ထက် ပိုနက်ရှိုင်းနိုင်တဲ့ မြေအောက် ဘန်ကာထဲမှာ ရှိနေခဲ့တာလို့ ဝေါလ်စထရိ ဂျာနယ်(WSJ) အပါအဝင် သတင်းမီဒီယာတွေမှာ တွေ့ရပါတယ်။

‘လမ်းများအားလုံး နေပြည်တော်ဆီသို့’ဆိုတဲ့ စစ်ရေးလှုပ်ရှားမှုများ ဖော်ဆောင်နေချိန်ဖြစ်လို့၊ ပဟေဠိတွေနဲ့ ပြည့်နှက်နေတဲ့ နေပြည်တော်ရဲ့ မြေအောက်ဥမင်တွေ အကြောင်းကို ဖော်ထုတ်ရေးသားကြဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးဝင်နေမိတဲ့ အချိန်နဲ့လည်း သွားတိုက်ဆိုင်နေပါတယ်။



သမားရိုးကျတိုက်ပွဲပုံစံမျိုး မဟုတ်ဘဲ ခက်ခဲရှုပ်ထွေးတဲ့ လျှို့ဝှက်မြေအောက်ဥမင်လိုဏ်​ခေါင်း စစ်မက်ရေးရာ (Subterranean Warfare)လို့ ဆိုလိုက်တာနဲ့၊ မျက်မှောက်ကာလမှာ မျက်စိထဲ ပြေးမြင်မိကြမှာက ဒီကနေ့ ဂါဇာကမ်းမြောင်ဒေသက တိုက်ပွဲတွေပဲ ဖြစ်ပါလိမ့်မယ်။



လိုဏ်ခေါင်းကွန်ရက်ထဲ စစ်တိုက်ကြတဲ့အခါ လက်နက်၊ စစ်အင်အား အရင်းအမြစ် ပြည့်စုံတာ တခုတည်းက၊ အလုံးစုံအဖြေ မဟုတ်နိုင်တာကလည်း မျက်မြင်ပါပဲ။ Subterranean Warfare ဆိုတာက တွေ့ရကြုံရ နည်းပါးပေမဲ့ အသစ်အဆန်းသက်သက်တော့ မဟုတ်ပါဘူး။ ကမ္ဘာအနှံ့မှာ သက်ဦးဆံပိုင်ဘုရင်တွေ လက်ထက်ကတည်းက ဥမင်တွေတူးပြီး စစ်တိုက်ခဲ့ကြတဲ့မှတ်တမ်းတွေ ရှိပါတယ်။ 

ဒီဘက်ကာလနဲ့ ပိုနီးကပ်အောင် ဆွဲယူပြောရရင် ဗြိတိသျှတပ်တွေ ၁၈ ရာစုကတည်းက ‘ဂျီဘရော်တာ’ (Gibraltar) မှာ လိုဏ်ခေါင်းဖောက်ပြီး စစ်တိုက်ခဲ့ကြတာကနေ၊ ဒုတိယကမ္ဘာစစ်တိုင်အောင် တိုးချဲ့တူးဖော် အသုံးပြုခဲ့ကြတဲ့ ဥပမာကို ပြရမှာပါ။

ဗီယက်နမ်စစ်ပွဲအတွင်းက ဗုံးကြဲမှုဒဏ်တွေကို ကြံ့ကြံ့ခံပြီး အမေရိကန်တပ်ဖွဲ့တွေကို အကြီးအကျယ် အနှောင့်အယှက်ပေးနိုင်ခဲ့တဲ့ မြေအောက်ဥမင်တိုက်ပွဲများကလည်း ဒီကနေ့အထိ ဥပမာပေး ပြောနေကြရတုန်းပါပဲ။ ဒါမျိုးကို အာဖဂန်စစ်ပွဲမှာလည်း အမေရိကန်တို့ ထပ်ရင်ဆိုင်ခဲ့ကြရပြန်ပါတယ်။

စစ်စွမ်းရည်နဲ့ အရင်းအမြစ်ပြည့်ဝတဲ့ တပ်ဖွဲ့များအတွက်တောင် ဒီသမားရိုးကျ မဟုတ်တဲ့ စစ်ဆင်ရေးပုံစံက စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာကို လက်ခံထားကြရပါတယ်။

ဒီကနေ့ခေတ်မှာ မြေအောက်ဥမင် လိုဏ်ခေါင်းတူးဖော်တဲ့ နည်းပညာနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားကို ထိပ်တန်းရောက်နေတဲ့ နိုင်ငံတခုအဖြစ် သတ်မှတ်ထားကြတယ်။ တိုင်းပြည်ရဲ့ သဘာဝ ပထဝီဝင်အနေအထား၊ ဘူမိဗေဒ ဖြစ်တည်မှု စိန်ခေါ်ချက်များစွာကို ကျော်ဖြတ်ပြီး မြေအောက်ဥမင်လိုဏ်ခေါင်းမျိုးစုံ တူးဖော်ခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် ဒီလို အသိအမှတ်ပြုခံထားရတာပါ။


တောင်ကိုရီးယားဘက်ကို စိမ့်ဝင်ထိုးဖောက်နိုင်ဖို့ နှစ်နိုင်ငံကြား စစ်မဲ့ဇုန်အောက်ကနေ လျှို့ဝှက်ဖောက်လုပ်ထားခဲ့တဲ့ ဥမင်လိုဏ်ခေါင်းများကလည်း ထင်ရှားပါတယ်။ တနာရီကို စစ်သည် အရေအတွက် သောင်းဂဏန်းအထိ ရွေ့လျားစစ်ချီနိုင်အောင် တိတ်တဆိတ် တူးဖော်ဆောက်လုပ်ခဲ့တဲ့ ဥမင်တွေပါ။

၁၉၇၅ ခုနှစ် မတ်လမှာ အမေရိကန် စစ်အင်ဂျင်နီယာတပ်ဖွဲ့က စစ်ဆေးတူးဖော်ရင်း မြေအောက် ၁၅၅ ပေမှာ ဒုတိယဥမင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အနက်ဆုံးနေရာက ၅၂၀ ပေအထိ ရောက်ပါတယ်။

၁၉၇၈ ခုနှစ် အောက်တိုဘာလမှာ ထပ်ရှာတွေ့တဲ့ တတိယဥမင်ရဲ့ အနက်ဆုံးနေရာက မြေအောက် ၂၄၀ ပေလို့ မှတ်တမ်းတင်ထားပါတယ်။ လိုဏ်ခေါင်း၂ ခုလုံးက တနာရီကို မြောက်ကိုရီးယားစစ်သည် ၃၀,၀၀၀ လောက် ချီတက်နေရာယူနိုင်တယ်လို့ တွက်ဆကြပါတယ်။ 

၁၉၉၀ မတ်လမှာတွေ့ရှိခဲ့တဲ့ စတုတ္ထဥမင်ကလည်း ၄၇၅ ပေအထိ နက်ရှိုင်းပါတယ်။ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ Chagang ပြည်နယ်မှာ မြောက်ကိုရီးယားရဲ့ စစ်လက်နက် ထုတ်လုပ်တဲ့ စက်ရုံ အမြောက်အမြား ရှိတယ်လို့ သိထားရပါတယ်။ ဒီပြည်နယ်ဟာ တောင်တန်းထူထပ်တဲ့ ဒေသဖြစ်ပြီး Kanggye Chemical Weapons Factory လို စက်ရုံမျိုးကို မြေအောက်မှာ ဆောက်လုပ်ထားပါတယ်။

စက်ရုံအမှတ် (၃၆၁) လို့လည်း အမည်ရတဲ့ ဒီဓာတုလက်နက် စက်ရုံဟာ တခြားစက်ရုံအမှတ် (၂၆)၊(၉၃)၊ (၁၁) အစရှိတဲ့ စက်ရုံတွေနဲ့လည်း မြေအောက်မှာ ဆက်စပ်ထားပါတယ်။

၁၉၅၀-၅၃ ခုနှစ် တောင်နဲ့မြောက် ကိုရီးယား စစ်ပွဲအတွင်းက မြောက်ကိုရီးယား လေတပ်ဟာ အကြီးအကျယ် အထိနာခဲ့ဖူးပါတယ်။ ဒါကို သင်ခန်းစာယူပြီး လေတပ်စခန်းတွေကို တောင်တန်းကြီးတွေရဲ့အောက်မှာ မြေအောက် လေတပ်အထိုင်စခန်း ထားရှိပါတယ်။ Wonsan, Jangjin နဲ့ Onchun မှာ ဒီလိုစခန်းမျိုး ၃ ခု တည်ဆောက်ထားတယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

ဒါတွေအပြင် နျူကလီယား စမ်းသပ်မှုတွေနဲ့ ဆက်စပ်တဲ့ စခန်းတွေရဲ့ မြေအောက်ဥမင် ဂြိုဟ်တုဓာတ်ပုံတွေလည်း အခါအားလျော်စွာ ထွက်ပေါ်တတ်တဲ့အတွက်၊ မြောက်ကိုရီးယားရဲ့ မြေအောက်ဥမင် တူးဖော်တဲ့ နည်းပညာပိုင်းဆိုင်ရာကို အကဲဖြတ်ကြည့်လို့ရပါတယ်။

ပိုပြီးမှန်းဆကြည့်နိုင်မယ့် ဥပမာတခုကို ထပ်ပေးလိုပါတယ်။ မြေအောက်မက်ထရို ရထားလိုင်းတွေကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအတော်များများမှာ ဆောက်လုပ်ထားကြပါတယ်။ အဲဒါတွေထဲကမှ ကမ္ဘာ့အနက်ရှိုင်းဆုံး မြေအောက်ရထားလိုင်းလို့ သတ်မှတ်ထားရတာကတော့ ပြုံယမ်းမှာပဲ ဖြစ်ပါတယ်။

မြေအောက် ၃၆၀ ပေ အနက်ရှိပြီး ၁၉၆၈ ခုနှစ်က ပရောဂျက်စတင်ခဲ့ကာ ၁၉၇၃ ခုနှစ် ကင်အီဆွန်း လက်ထက်မှာ ဖွင့်လှစ်​ခဲ့ပါတယ်။ အချိန် ၅ နှစ်ဝန်းကျင်နဲ့ ဆောက်လုပ်ခဲ့တဲ့ မြေအောက်ရထားလိုင်းဟာ လိုအပ်ရင် ဗုံးခိုဘန်ကာမျိုးလည်း အသုံးပြုဖို့ ရည်ရွယ်ချက်လည်း ရှိပုံရပါတယ်။

တနေ့ကို ခရီးသွား ၅ သန်းဝန်းကျင် အသုံးပြုတဲ့ လန်ဒန် မြေအောက်မက်ထရိုလိုင်းတွေတောင် ဒီလောက် မြေအောက်အနက်မှာ မရှိပါဘူး။ 

ဖော်ပြခဲ့တဲ့ ဥပမာတွေကို ကြည့်ရင် မြောက်ကိုရီးယားကို ဘာကြောင့် မြေအောက် ဥမင်တူးဖော်တဲ့ အခန်းကဏ္ဍမှာ လျှော့မတွက်ကြတာကို သိမြင်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တဝက်လောက်က ထက်စာရင် အခုနောက်ပိုင်းကာလတွေမှာ နည်းပညာ ပိုပြီးတောင်တိုးတက်လာနိုင်တယ် ဆိုတာကိုလည်း လက်ခံကြရပါလိမ့်မယ်။

(ဆက်လက်ဖော်ပြပါဦးမည်)

👉သီအိုဇော် - ဘေရွတ်၊ ဂါဇာ၊ ပြုံယမ်း၊ နေပြည်တော် မြေအောက်ဥမင်ပဟေဠိ




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar