Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မသာကိန်းညီ ဝါစိမ်းနီ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မသာကိန်းညီ ဝါစိမ်းနီ

(မိုးမခ) နိုဝင်ဘာ ၁၂ ၊ ၂၀၂၄


မင်္ဂလာဆောင်မှာ နွားပြောက်ကြီးတရှဉ်း လက်ဖွဲ့တယ် ဆိုသလို ကြင်စိုးကတော့ တရုတ် သွားပြီး မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်းစီမံကိန်း လုပ်ငန်းစမယ်လို့ ပေါရဲ၊ အဲ အဲ ဖောရဲတယ်။ 

အဲဒီလို ဖောတာဟာ မအလ ငကြင်စိုးရဲ့ ကနေကျ အရူးကွက် ဆိုတာ လူတိုင်း သိပါတယ်။ မင်္ဂလာလက်ဖွဲ့တဲ့ နွားနှစ်ကောင်က ရရစ်နဲ့ နွားပြောက်ကျား နွားနှစ်ကောင် မဟုတ်ဘဲ ယပင့်နဲ့ ပျောက်သွားတဲ့ နွားနှစ်ကောင် မဟုတ်လား။

အင်း ခုလည်း ကျောက်ဖြူလဲ သူ့လက်ထဲမရှိ၊ မူဆယ်လဲ မတွယ်သေးလို့သာ ဒါလဲ၊ တကယ်တမ်းက သူ့လက်ထဲမရှိ၊ မန္တလေးတောင် ဒေါက်တာ စိုးသူရဇော်လက်ထဲရောက်တော့မှာ။ အကြိမ်အကြိမ်အခါခါ လဲနေရတဲ့ လပခတိုင်းမှူးတောင် ကျုံးပြင် မထွက်ရဲတဲ့ဘဝမှာ နွားပျောက်ကြီးတရှဉ်း လက်ဖွဲ့နေတာ။

အဲသလိုတွေ တရုတ်မှာ မဟုတ်တာတွေ ဖောနေရပေမယ့် ကျောစိမ့်နေရတဲ့ တကယ့်ကိစ္စကြီးကရှိတယ်။ အဲဒါကြောင့် ခေတ္တ တရုတ်ရောက် မအလအခွက်ဟာ အလောင်းကောင်နေရာကသရုပ်ဆောင်တဲ့ အငြိမ့်ဟာသလူရွှင်တော် မိတ်ကပ်လိမ်းထားတဲ့ မျက်နှာကြီးနဲ့ အခေါင်းထဲကထ  ဟီလာတိုက်သလို ဖြစ်နေတာပေါ့။ စစ်တအုပ်လုံး နေမထိ ထိုင်မသာ ပြေးထွက် အူရမလိုလို စွပ်စက် ထိုးဟောင်ရမယောင်ယောင် ကြောင်ပျောက်နေတဲ့ကိစ္စကြီး၊ အင်း ကြောင်တင်မက ကြွက်ရော ကျွဲရော ကျားရောပျောက်တဲ့ကိစ္စကြီးကတော့ ဝါစိမ်းနီတဲ့။ ဧရာမ အဝါ အစိမ်း အနီ မပေါ့လေးလေးကိစ္စကြီး။

အဲဒီကိစ္စကြီးဆိုတာ မန္တလေးတိုင်းထဲက ရွှေလုပ်ကွက်တွေ သိမ်းယူခံရပြီးတဲ့နောက် စစ်အုပ်စုဟာ ရွှေလာရောင်းသူတွေကို စောင့်ကြည့်မယ့်သင်တန်းတွေ ဆက်တိုက်ပေးနေတဲ့သတင်း ကြားတယ်ဟုတ်။

မဆီမဆိုင် မန္တလေးက ရွှေဆိုင်ပိုင်ရှင်တွေကို ရွှေလာရောင်းချတဲ့သူတွေကို စောင့်ကြည့်ရမယ့် အချက်တွေနဲ့ပတ်သက်ပြီး သင်တန်းတွေ ဆက်တိုက်ပို့ချနေတာလေ။

ရွှေတွင်းတွေ တော်လှန်ရေးသမားတွေ လက်ထဲ ကျသွားတော့ "ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး" လို့ စကားလုံး ကျယ်ကျယ်ကြီးကြီးတွေ သုံးပြီး ရွှေလုပ်ငန်းရှင်တွေကို သင်တန်းပေးနေတာ နှစ်ကြိမ်တောင် ရှိပကော။ ကောလင်း ရွှေတွင်းရော ဆင်းလို့ရသေးလား။ ခု ကချင်ဘက်ပါ ဆော့လော်ရွှေထွက်ဒေသကို ကီယာတို့ သိမ်းလိုက်လို့ ရွှေနံ့တောင် ရှူစရာ မရှိတော့သလောက်။ ဒါနဲ့ပဲ နေပြည်တော်ကနေ ကဆုန်စိုင်းဆင်းလာပြီး ရွှေဆိုင်တိုင်း မတက်မနေရ လုပ်တော့တာ။ တခြားမြို့သေးတွေလည်း သင်တန်းပေးတယ်။ နယ်က ရွှေဆိုင်တွေက နီးစပ်ရာမြို့တွေမှာ တက်ရမယ်ပေါ့။

ဝါဝါရွှေတင် ပါသွားတာ မဟုတ်။ နီနီခင်ဇော်လည်း ပလောင်တွေလက်မှာ ပက်လက်ကလေးဖြစ်နေ။ ဖားကန့်က မမစိမ်းကော ခု ဘယ်သူ့ လက်ထဲမှာလဲ။ 

စစ်အုပ်စုနဲ့ အပေါင်းပါအစဉ်အဆက် ဝါ စိမ်း နီနဲ့ ဒေါ်လာမီလျံ ဘီလျံချီရနေတဲ့လမ်းကြောင်းပျောက်ပလေ။ ခု မြေရှားပါထပ်ပျောက်လို့ မျောက်ငပိကိုင်မိသလိုအခွက်နဲ့ ငလှိုင်ကြောင်တက် ပြောင်တက်တွေသွားဖောပြီး ပေပေဂျီး ပေပေဂျီးဆိုပြီး ပေပေတရုတ်ကို ခြေသုတ်သုတ်ပေးနေရတာလေ။

ဘာလို့ ဒီလောက် တုန်လှုပ်နေကြသလဲ ဆိုတော့ ဝါစိမ်းနီ ဆိုတာ စစ်အုပ်စုအလံ မဟုတ်လား။ ဝါစိမ်းနီ ပျောက်ရင် အာဏာပါဝါ ဘာညာသာရကာပါ ပျောက်ဆိုတော့ ဝါစိမ်းနီ ပျောက်တာဟာ မသာကိန်းအညီ ရောက်တာမို့ပါတဲ့ ခင်ဗျား။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar