လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက်
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၂ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၄
လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက်
လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေက မြေပြင်စိုးမိုးမှုမှာ သိသိသာသာ အားနည်းသွားတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးဗျူဟာတရပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလတွေတုန်းက လေကြောင်းတိုက်ခိုက်မှုက ရှားပါးတဲ့ ဖြစ်စဥ်အနေနဲ့ သိရှိထားကြပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် အချို့သော တိုက်ပွဲတွေမှာသာ အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုကာလတွေမှာ စစ်တပ်အနေနဲ့ ပိတ်မိနေတဲ့အခါမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတို့လိုမျိုးကို လက်တုံ့ပြန်တိုက်ခိုက်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် အထောက်အကူအနေနဲ့ လေကြောင်းက တိုက်ခိုက်တာမျိုး ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေက တဖြည်းဖြည်း များပြားလာပြီး အခုလက်ရှိအနေအထားမှာ နေ့စဥ်ဖြစ်ပျက်နေကျ အဖြစ်အပျက်သဖွယ် နိုင်ငံရဲ့နေရာ အနှံ့မှာ လေကြောင်းကနေ တိုက်ခိုက်နေတာ ဖြစ်လာပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်၊ PDF တပ်ဖွဲ့တွေ ရင်ဆိုင် တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာသာ မကတော့ပဲ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်/ PDF တပ်တွေ သိမ်းယူထားတဲ့ မြို့တွေ နယ်မြေတွေကိုလည်း သတင်းအချက်အလက် စုံစမ်းထောက်လှမ်းပြီး ဗုံးကြဲတာ၊ တိုက်ခိုက်တာတွေက နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက်သဖွယ် ဖြစ်လာနေပါတယ်။ တနိုင်ငံလုံးနီးပါး အတိုင်းအတာနဲ့ စစ်မျက်နှာတွေ ရင်ဆိုင်နေရသလို မြို့၊ တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းတွေ လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီအဖို့ အရင်ကာလတွေလို စစ်အင်အားအသာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ရင်ဆိုင်တိုက်ခိုက်နိုင်တဲ့ အနေအထားမဟုတ်တော့တာကြောင့် လေကြောင်းတိုက်ခိုက်မှုကို မြေပြင်က တပ်ဖွဲ့တွေအတွက် အသက်ရှူပေါက်ရအောင် ၊ ထွက်ပေါက်ရအောင် တိုက်ခိုက်ပေးနေရတဲ့ အနေအထားဖြစ်လာတာတွေ့ ရပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ၄င်းတို့ လက်လွှတ်ခဲ့ရတဲ့ မြို့တွေ၊ ရွာတွေမှာ PDF သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ စုဝေး အခြေစိုက်တယ်လို့ ယူဆတဲ့၊ သို့မဟုတ် မြေပြင်က သတင်းအချက်အလက် ထောက်လှမ်းစုဆောင်းရရှိတဲ့အပေါ် အခြေခံပြီး လေကြောင်းက ဗုံးကြဲတာတွေ လုပ်ဆောင်တာလို့ ယေဘုယျ ဆိုနိုင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအနက် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်း ကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေနဲ့ လူကြီးတချို့ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်၊ ၂၀၂၃ ခုနှစ် ဧပြီလမှာ ကန့်ဘလူမြို့နယ် ပဇီကြီး ကျေးရွာမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဖွင့်ပွဲမှာ စုဝေးရောက်ရှိနေတဲ့ ကျေးရွာသူကျေးရွာသား အများစုပါဝင်တဲ့ နေရာကို ဗုံးကြဲတာ ပစ်ခတ်တာတွေ လုပ်ခဲ့လို့ လူ ၁၇၀ ဝန်းကျင်အထိ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်ကုန်ကနေ ၂၀၂၄ ခုနှစ် ကုန်ခါနီး လက်ရှိ ရောက်နေတဲ့ ကာလအတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုဆိုတာ နေ့စဥ် အဖြစ်အပျက်သဖွယ် ဖြစ်နေတဲ့ ဒေသတွေ အများအပြား ရှိလာနေပါတယ်။ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ကရင်နီပြည်တို့မှာ လေကြောင်းတိုက်ခိုက်မှုက နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက်တွေသဖွယ် ဖြစ်လာနေတာပါ။
အခု နိုဝင်ဘာ ၁၂ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကတော့ TNLA လက်နက်ကိုင် အဖွဲ့က သိမ်းယူနိုင်ခဲ့ပြီး ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ နဲ့ မန္တလေးတိုင်းထဲက ပတ္တမြား ထွက်ရှိရာ မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲခဲ့တဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ မိုးကုတ်မြို့က အဖြစ်အပျက်နဲ့ ပတ်သက်လို့တော့ သေဆုံးသူ အရေအတွက်နဲ့ အရပ်သား၊ လက်နက်ကိုင် စတဲ့အချက်အလက်တွေ အသေးစိတ် ပေါ်ထွက်လာတာ မကြားသိရသေးပေမယ့် နောင်ချိုမြို့ အဖြစ်အပျက်မှာတော့ ခရီးသည်ကားတွေ ရပ်နားစားသောက်ကြတဲ့ လန်းဆန်း စားသောက်ဆိုင်ကို တည့်တည့်ထိမှန်ပြီး ကားသမား၊ ခရီးသည်နဲ့ အခြားသူ အနည်းဆုံး ၁၁ ဦးသေဆုံးပြီး တဒါဇင်ကျော် ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်တွေမှာ လန်းဆန်းစားသောက်ဆိုင်နေရာမှာ TNLA တပ်ဖွဲ့ဝင်တွေ စုစည်းနေကြတာကြောင့်လို့ ရေးသားထားတာ တွေ့ရပေမယ့် ဒီနေရာမျိုးဟာ လက်နက်ကိုင် တပ်ဖွဲ့တွေ နေရာယူစုဝေးလေ့ရှိတဲ့
သာမန် အရပ်သားတွေ ဝင်ထွက်နေတဲ့ အုပ်ချုပ်ရေးရုံး၊ အရပ်ဘက် ဌာနဆိုင်ရာနေရာ၊ ဘာသာရေး အဆောက်အဦတွေ၊ ဆေးရုံတွေ နဲ့ စာသင်ကျောင်းတွေဟာ စစ်ရေးပစ်မှတ် မဟုတ်တာ လွယ်လွယ်ကူကူ နားလည်သိရှိနိုင်ပါတယ်။ သို့ပေမဲ့ စစ်ကောင်စီတပ်တွေ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ မြို့တွေမှာ ကောင်းမွန်စွာ သွားလာလုပ်ကိုင် စားသောက်နေတာမျိုး မမြင်လိုဘဲ၊ ကြောက်ကြောက်လန့်လန့်နဲ့ သွားလာနေရတာမျိုး သို့မဟုတ် မြို့ကို စွန့်ခွာပြီး တနေရာရာမှာ တိမ်းရှောင်နေထိုင်တာမျိုးကိုသာ လိုလားတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ ခေါင်းဆောင် တရုတ်နိုင်ငံမှာ ကျင်းပတဲ့ မဟာမဲခေါင်နိုင်ငံများ အစည်းအဝေးကို သွားတက်ရောက်ပြီး ပြန်အလာမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြင်းထန်လာသလို စစ်ကောင်စီတပ်တွေအနေနဲ့ ထိုးစစ်ဆင်မယ့် အရိပ်လက္ခဏာတွေလည်း တွေ့မြင်လာနေရတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်၊ ကျောက်ဂူကနေ ရှမ်းပြည်နယ် မြောက်ပိုင်းကိုသွားမယ့် ကားတွေကို နိုဝင်ဘာ ၁၂ ရက်နေ့က စတင်ပြီး သွားလာခွင့် မပေးတော့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ရှမ်းမြောက်ကနေ ရှမ်းတောင်ဘက်ကို ဆင်းလာတဲ့ ကားတွေကိုတော့ ဝင်ခွင့်ပြုထားပေမယ့် ရှမ်းမြောက်ဘက်ကို သွားခွင့်မပေးတော့တာ ဖြစ်ပါတယ်။ နောင်ချို၊ ကျောက်မဲ၊ လားရှိုးတို့ကို စစ်ကောင်စီအနေနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ မှန်းဆနေကြပြီး တရုတ်နိုင်ငံ ခရီးစဥ်အပြီး အခုလို စစ်ရေး လှုပ်ရှားမှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar