Breaking News

မောင်တူး - တင်မိုး ၉၁ နှစ် မွေးနေ့ သူ့ကဗျာတိုလေးများ



မောင်တူး - တင်မိုး ၉၁ နှစ် မွေးနေ့ သူ့ကဗျာတိုလေးများ

(မိုးမခ) နိုဝင်ဘာ ၂၀ ၊ ၂၀၂၄


"တင်မိုး" ဖွဲ့ဆို၊ ကဗျာတိုများ

သံချိုသာမြ၊ ကာရန်လှနှင့်

ဘဝသရုပ်၊ ဖော်ကာထုတ်ထား

လင်္ကာများဖြစ်၊ ငါဖတ်သစ်ခဲ့

ကိုးဆယ့်တနှစ် မွေးနေ့၌။ ။ 

ကဗျာဆရာကြီးတင်မိုးဟာ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုပါက ၉၁ နှစ်ပြည့်ပြီ။ ဒီနေ့ နိုဝင်ဘာ ၁၉ မှာ ၉၁ နှစ်ပေါ့။ ကျနော်ဟာ ဆရာတင်မိုးကို ငယ်စဉ် စာဖတ်တတ်စကတည်းက သိပါတယ်။ ကျောင်းသုံးစာအုပ်တွေထဲက သူ့ရဲ့ "အလှကိုယ်စီ" ကဗျာနဲ့ စတင်ရင်းနှီးလာရတယ်။ 

ဖိုးလမင်းလည်း 

သူ့အဆင်းနှင့် အလင်းနှင့်။

မီးတိုင်ငယ်လည်း

သူ့အရွယ်နှင့် အစွယ်နှင့်။ 

ဒါက သူ့ "အလှကိုယ်စီ" ကဗျာရဲ့ အစပိုဒ်ပါ။ ဆရာဟာ ကလေးကဗျာ၊ နိုင်ငံရေးကဗျာ၊ လူမှုပြုပြင်ရေးကဗျာ၊ ခရီးသွားကဗျာ စသဖြင့် ကဗျာမျိုးစုံကို ရေးခဲ့တာပါ။ 

မမဝဝ ထထက လိုမျိုး ကကြီးကညစ် ပေမှာခြစ်၊ ခကွေးခရာ အသံသာ ဆိုတာမျိုး အတိုအစကလေးတွေကအစ ကဗျာရှည်ကြီးတွေအထိလည်း ရေးထားခဲ့ပါတယ်။ ဒီနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ ကျရောက်တဲ့ သူ့ ၉၁ နှစ်ပြည့် မွေးနေ့မှာတော့ သူ့ကဗျာတိုကလေး နည်းနည်းပါးပါးကိုသာ ဖော်ပြသွားပါမယ်။

(ဧည့်သည်ကြီး)

ဆေးလိပ်လည်းတို

နေလည်းညိုပြီ

ငါ့ကိုပြန်ပို့ကြပါလေ။ ။ 

(တင်မိုး)

ဧည့်သည်ကြီး ကဗျာဟာ ဆရာ့ရဲ့ ၁၉၆၂ ခုနှစ်ထုတ် ဖန်မီးအိမ်ကဗျာများ  စာအုပ်မှာ ပါဝင်ပါတယ်။ ဒီကဗျာကို ဆရာက သာမန်သာ ရေးစပ်လိုက်ပေမဲ့ ကဗျာတိုကလေးသာ ဖြစ်ပေမဲ့ ဖတ်သူများက နက်နဲတဲ့ အဓိပ္ပာယ်မျိုးစုံ ဖွင့်ဆိုကြပါတယ်။ ဆရာကတော့ ကဗျာရေးသူက ရေးလိုက်တာပဲ လိုသလို အဓိပ္ပာယ်ကောက်ကြပေါ့လို့ ပြန်ပြောခဲ့ပါသတဲ့။ သူ့ကဗျာကို သူက အဓိပ္ပာယ် ဖွင့် ရှင်းမပြခဲ့ပါ။ ဒါပေမဲ့ ဆရာကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် ကဗျာတွေ ရေးသားမှု၊ ကျောင်းသားခွပ်ဒေါင်းကဗျာတွေရေးမှု၊ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ အပြီး အာဏာလွှဲမပေးကြောင်း (ဘောလုံးပွဲ) ကဗျာ ရေးသားမှုတွေနဲ့ ထောင်ထဲရောက်သွားတော့မှ ထောင်နံရံတွေမှာ သူ့ "ဧည့်သည်ကြီး" ကဗျာကို တွေ့ရသတဲ့။ ဒီအခါမှ ငါ့ကဗျာဟာ ငါ့ထက်အရင် ထောင်ထဲကို ရောက်နှင့်နေပါလား လို့ ပြောမိသတဲ့။

(လှိုင်း)

မြကန်သာလယ်

ခဲငယ်ငယ်လျှင်

ကမ်းကျယ်အနှံ့ရိုက်သတည်း။ ။ 

(တင်မိုး)

အခု "လှိုင်း" ကဗျာဟာလည်း "ဧည့်သည်ကြီး" ကဗျာလိုပါပဲ။ အဓိပ္ပာယ် ဖွင့်လျှင် ဖွင့်သလောက် ကျယ်နိုင်သည်ကော။ စာဖတ်သူတွေသာ အဓိပ္ပာယ်ဖွင့်ကြပါတော့။ ကဗျာတိုကလေး တွေ့မိလို့ တင်ပြလိုက်တာပါ့။ ဒီကဗျာဟာလည်း ဆရာ့ရဲ့ ၁၉၆၂ ခုနှစ်ထုတ် ဖန်မီးအိမ်ကဗျာများ  စာအုပ်မှာ ပါဝင်ခဲ့တာပါပဲ။

(ရှုခင်းနှစ်ကွက်)

ကောင်မလေး နက်ခြောက်ခြောက်

မြေပဲတတောင့်ကောက်။

အမောက်မလေး လှယဉ်မှူး

ဖောင်တိန်လေးနှင့်မြူး။ ။ 

(တင်မိုး)

ကလေးမကလေးတွေ ဝမ်းစာရေးအတွက် အလုပ်လုပ်စ အရွယ်တူကြပေမည့် ဘဝမတူကြပုံလား။ ပင်ပမ်းတာခြင်း မတူကြတာလား။ လုပ်အားခရတာခြင်း ကွာခြားကြတာလား။ တင်ကျီးတဝမ်း ဗျိုင်းတဝမ်း ဆိုစမ်းချင်တာလား။ ကဗျာက တိုတိုကလေးသာ ဆိုပေမည့် အဓိပ္ပာယ်ဖွင့်သလောက်တော့ အနက်ကျယ်နေလေမလား။ ဆရာတင်မိုးကတော့ ကဗျာရေးသူကျုပ်က ရေးလိုက်တာပဲ လိုသလို အဓိပ္ပာယ်ကောက်ကြပေါ့လို့ ပြန်ပြောဦးမှာပါပဲ။

လက်ဆောင်ကောင်း

ဖေဖေ့ရဲ့လက်ဆောင်

နေရောင်နှင့်ဖွေး။ 

ငှက်ကြီးတောင် ကျောက်စီဓား

အင်အားကွဲ့လေး။ 

မေမေ့ရဲ့ လက်ဆောင်

လရောင်နှင့်အေး။ 

ပွင့်ကြွားဖွယ် စံပယ်ကုံး

နှလုံးကွဲ့လေး။ ။ 

(တင်မိုး) 

အခု နွေဦးတော်လှန်ရေးမှာတော့ မေမေရော ဖေဖေရော မိဘ ၂ ပါးစလုံးက သား သမီး PDF တွေအတွက် နှုတ်ခမ်းနီတောင့်တွေ အတိုအရှည်တွေ ဝယ်ပေးနေ ကြပါပြီ။ ဆရာဟာ ၂၀၀၇ ခုနှစ် ဇန်နဝါရီလမှာ ကွယ်လွန်ခဲ့တာမို့ ဒါတွေကို မသိနိုင်တော့ပါပြီ။ ဆရာများ သက်ရှိထင်ရှား ရှိနေဦးမည်၊ စာတွေ ရေးနိုင်ဦးမည် ဆိုပါက . . 

မိဘရဲ့ လက်ဆောင်

ကိုင်ဆောင်ဖို့လေး။

နှုတ်ခမ်းနီ တို ရှည်များ

ဝယ်ပေးခဲ့သေး။ ။          

ဆိုပြီးတော့များ ကဗျာတွေ စပ်ဆိုနေဦးမည်လား။ ဘာပဲဖြစ်ဖြစ် ဆရာဟာ  ကဗျာစုံ ရေးပါတယ်။ လူထုကဗျာဆရာ၊ ပြည်သူ့စာဆို၊ တော်လှန်ကဗျာဆရာ ဆိုတဲ့ ဂုဏ်ပုဒ်တွေဟာ  သူနဲ့ထိုက်တန်လှပေါ့။

(သမိုင်းဆရာ၏တွေ့ရှိချက်)

လက်နက်သခင်၊ ရှင်ဘုရင်၏

ပလ္လင်အောက်က၊ တွေ့ရှိရသည် 

နိုးထသူတို့ခေါင်းခွံများ။ ။ 

(တင်မိုး) ၈ -၁၂ -၁၉၆၅

မြန်မာပြည်စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ပုံတွေကို ရေးဖွဲ့ထားသလိုပါပဲ။ အခု အာဏာသိမ်း စစ်ကောင်စီ မအလတို့ ရက်စက်နေပုံတွေအတွက် ကဗျာကို ကြိုရေးထားသလိုပါပဲ။ အခု မအလ အာဏာသိမ်းပြီး သတ်ခဲ့တဲ့ ပြည်သူ ၆၀၀၀ နီးပါး ရှိလာနေပါပြီ။ မီးရှို့လိုက်တဲ့ အိမ်ပေါင်းလည်း ၁ သိန်း ကျော်နေပြီ။ 

ရက်ရှည်ရကောင်းလားလို့

မျက်ရည် မကျနဲ့။

အံကြိတ်ပြီး အမောင်ဇွဲသန်မှ

အလံချိတ်ပြီး အောင်ပွဲခံရမှာ။

အကြောက်သန် အတွေးဖောက်ပြီး

နောက်ပြန် ပြေးပေါက်မရှာနဲ့။

ရှေ့ကိုသာ ဆက်လျှောက်

တနေ့နေ့မှာ ရောက်ရမယ်။ ။ 

(တင်မိုး)

အထက်ပါ ကဗျာပိုဒ်တိုကလေးဟာ ဆရာ့ရဲ့ "အောင်နိမိတ် အောင်စိတ်" ကဗျာထဲက စာပိုဒ်ပါ။ ဒီကဗျာကလေးကို ဖတ်ရတော့ ဆရာဟာ နွေဦးတော်လှန်ရေးအတွက် ကဗျာတချို့ကို ကြိုတင်ရေးစပ်ထားသလားလို့တောင် တွေးမိပါတယ်။  ဒီနေ့ ပြောပြောနေကြတဲ့ " မင်းကိုယ်တိုင် ပါဝင် ကြိုးစားတိုက်ပွဲဝင်ရင် တော်လှန်ရေး အောင်ပြီ" ဆိုတာကို ထပ်မံ သတိပေးနေသလိုပါပဲ။ " ရှေ့ကိုသာ ဆက်လျှောက် ရောက်ရမယ်။" လို့ ဆရာက ရေးထားတော့ (ဆက်လျှောက်) ဆိုတဲ့ ရင်ထိုးဝိုင်းကလေးတွေ လိုက်ဝေနေတဲ့ PDF ရဲဘော်ကောင်းကောင်းကို သတိရလိုက်တယ်။ ခြေတဖက် မရှိတော့ပေမဲ့ ခြေတုတပ်ဆင်ပြီး ဆက်လျှောက်ဖို့၊ ဆက်တိုက်ဖို့ ပြင်နေကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုထားတဲ့ ကဗျာကြိုတင်ရေးထားတာများလား။ နွေဦးတော်လှန်ရေးမှာ အံကြိတ်ပြီး အမောင်ဇွဲသန်မှ အလံချိတ်ပြီး အောင်ပွဲခံရမှာဟေ့လို့ သတိပေးနေတာလည်း ဖြစ်တာပါ့။

ဆရာတင်မိုးရဲ့ ကဗျာတိုကလေးတွေက မနည်းလှပါ။ အားလုံးကို ရှာဖွေ ရေးသားဖော်ပြ တင်ပြပေးနေရင်တော့ အချိန်ကြာကြာ ယူရပါမယ်။ ဒါကြောင့် နောက်ဆုံး တပုဒ်ကို တင်ပြလိုက်ပါတယ်။

(မာနမြေ၌)

"ငါ" ပင်စိုက်ပျိုး၊ ဤမြေမျိုး၌

ပွင့်ရိုးမပွင့်၊ အဆိပ်ပွင့်၏။

ပန်းရင့်ဝါရော်၊ ကြွေလာသော်လည်း

ပန်ဖော်မရ၊ စွန့်ခွာကြသည်

မာနမြေ၌ တပုံ့ပုံ့။ ။ 

(တင်မိုး)

ငါ့လှေငါထိုး ဘဂိုးရောက်ရောက် ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုသူများ၊ ငါတကောကော လောဘသများဟာ လုပ်သမျှ မအောင်မြင်နိုင်ကြောင်း ကဗျာတပုဒ်ပါ။ ငါဟူသော အတ္တ လောဘသားတို့ကို ပြည်သူက လက်မခံကြ။ မထောက်ခံကြ။ မအလ အာဏာသိမ်း စစ်ကောင်စီလိုမျိုး လူစားတို့အား ညွှန်းဆို ရေးသားခဲ့သလားလို့ ထင်ရသော ကဗျာပါ။ ဒါပေမဲ့ သက်ရှိထင်ရှားနေဦးမည်ဆို ဒီနေ့ ၉၁ နှစ်ပြည့် ဆရာတင်မိုးကတော့ ကဗျာရေးသူကျုပ်က ရေးလိုက်တာပဲ။ လိုသလို အဓိပ္ပာယ်ကောက်ကြပေါ့လို့သာ ပြန်ပြောနေဦးမှာကို မြင်ယောင်နေမိပါတော့တယ်။ ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar