ရဲဘော်တေး - ကရင့်သင်တိုင်းမှာ အိတ်ထောင် ပါပလား

ရဲဘော်တေး - ကရင့်သင်တိုင်းမှာ အိတ်ထောင် ပါပလား
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၄၁
ကျွန်ပြုမှုနဲ့ ရာဇဝတ်မှုများဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနေတဲ့ မြန်မာကို ခရီးမသွားကြဖို့ ကင်ညာအစိုးရက သူ့နိုင်ငံသားများကို ထပ်မံသတိပေးချက်ထွက်လာတယ်။
မြဝတီက အမည်ဆိုးနဲ့ ကျော်ကြားတဲ့ ငွေလိမ်ခြံဝန်းများကနေ ကင်ညာလူငယ်အများကြီးက အကူအညီတောင်းနေတုန်း တခြားသူတွေက အဲဒီခြံဝင်းတွေဆီ ဆက်လက်သွားရောက်နေပြီး တရုတ်ရာဇဝတ်ဂိုဏ်းများရဲ့ ကျေးကျွန်ဖြစ်နေတာမို့ အဲဒီလို သတိပေးနေတာဖြစ်တယ်လို့ သံအမတ် ကင်ဝိုးလ်က ပြောတာပါ။
“ကင်ညာနိုင်ငံသားများကို ပြန်လွှတ်ပေးရန် ပြောတဲ့အခါ လူဆိုးဂိုဏ်းခေါင်းဆောင်များက အဲဒီကင်ညာနိုင်ငံသားများကို ကျွန်များအဖြစ် တဦးကို ရင်မင်ဘီ ၄၅၀၀၀ ပေးဝယ်ထားတာမို့ အစိုးရက သူတို့ကိုလွှတ်ပေးစေလိုရင် အမေရိကန် ဒေါ်လာ ၁၂၀၀၀ ခန့်နဲ့ ညီမျှတဲ့ငွေကို ပြန်ထုတ်ပေးဘို့ ပြောတယ်” တဲ့။
ကင်ညာနိုင်ငံသား ၅ ဦး မြဝတီမှာ ကျွန်ပြုခံရခြင်းက လွတ်မြောက်လာပြီး တခြားပိတ်မိနေတဲ့ ကင်ညာနိုင်ငံသားတဦး ဆေးရုံမှာ သေဆုံးခဲ့တယ်။
ငွေလိမ်လည်မှုဂိုဏ်းတွေမှာ လုပ်ကိုင်နေရတဲ့ ကင်ညာနိုင်ငံသား ၄၅ ဦးရဲ့ စာရင်းကိုလဲ ရရှိထားပြီး သူတို့ထဲက တချို့ဟာ ငွေညှစ်ခံရပြီးနောက် လွတ်မြောက်လာတာရှိတယ်တဲ့။
အလုပ်အကိုင် အေဂျင်စီတွေဟာ ထိုင်းနိုင်ငံက အလုပ်များကို ကြော်ငြာပြီး ထိုင်းနိုင်ငံဟာ ခရီးတထောက်နားတဲ့ နိုင်ငံသာဖြစ်တယ်၊ မြန်မာပြည်က မြဝတီမှာလုပ်ရမယ်ဆိုတာ မဖေါ်ပြခဲ့။
အဆက်အသွယ်များကို အခကြေးငွေပေးပြီး ခရီးထွက်လာတဲ့ ကင်ညာနိုင်ငံသားတွေဟာ မြဝတီက အစောင့်အကြပ် အကြီးအကျယ်ချထားတဲ့ခြံဝင်းတွေထဲကို လူကုန်ကူးခံရကာ ခရစ်တိုငွေကြေးလိမ်လည်မှုလုပ်ငန်းများနဲ့ တခြား တရားမဝင်အလုပ်များမှာ လုပ်ဖို့ ကျွန်ပြုခံရတယ်။
အဲဒီနေရာမှာ သတ်မှတ်ချက် မပြည့်မီသူများကိုတော့ အငတ်ထားပြီး လျှပ်စစ်နဲ့ ရှော့တိုက်တာ၊ တင်းတင်းကျပ်ကျပ် ချုပ်နှောင်အပြစ်ပေးတာတွေလုပ်တယ်။
ကင်ညာနိုင်ငံသား ၁၀၈ ဦး၊ ယူဂန်ဒါဒနိုင်ငံသား ၁၉ ဦး၊ အီသီယိုပီးယား နိုင်ငံသား ၁၁ ဦး၊ ဘူရွန်ဒီ နိုင်ငံသား ၁ ဦး၊ ဇင်ဘာဘွေ နိုင်ငံသား ၁ ဦးနဲ့ ဆီနီဂေါ နိုင်ငံသား ၁ ဦး အပါအဝင် အာဖရိကတိုက်သား ၁၄၁ ဦးကို ကယ်ဆယ်ဖို့ ထိုင်းနိုင်ငံအာဏာပိုင်များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ပြောပါတယ်။ အိန္ဒိယနိုင်ငံသားတွေလဲ အဲလိုပါဘဲ။ လွတ်သွားသူတွေရှိသလို ကျန်နေသူတွေရှိပါတယ်။
၂
“ဇာတ်အဖွဲ့တွေ ပြောင်းလာသလိုပဲ သူတို့အဖွဲ့နဲ့ သူတို့ လာကြတာ။ ဆံပင်ညှပ်ဆိုင်တို့၊ စားသောက်ဆိုင်တို့ပါ ဖွင့်လာကြတယ်။ တချို့က ရွှေကုက္ကိုက ကူးလာကြတာ”
ဘုရားသုံးဆူကို ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့အဖွဲ့တွေ ရောက်လာကြတဲ့အတွက် အိမ်ငှားခဈေးနှုန်းများလဲ နှစ်ဆနီးပါး ဈေးတက်သွားကြတယ်။
တချို့ ကျားဖြန့်နဲ့ ကာစီနို လောင်းကစားလုပ်ငန်း လုပ်ကိုင်သူများဟာ ဘုရားသုံးဆူမြို့၊ ဓမ္မဂီရိတောင်ခြေရင်းမှာ ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းတွေဆီကနေ မြေငှားရမ်းပြီး အဆောက်အဦးဆောက် လောင်းကစားရုံ ဖွင့်ကြတယ်။
ဘုရားသုံးဆူမြို့မှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် ခလရ ၉၇ တို့ ရှိပါတယ်။
ဘုရားသုံးဆူမြို့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေမှာ တည်ရှိပြီး ဘုရားသုံးဆူမြို့ရဲ့ အုပ်ချုပ်ရေးကို KNU က ၂၀၂၃ ခုနှစ်၊ ဇွန်၊ ဇူလိုင်တုန်းက စတင် အကောင်အထည်ဖော်နေပြီလို့ ကရင်သတင်းဌာန (KIC) က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖော်ပြခဲ့ပေမယ့် လက်ရှိ မြေပြင်ပကတိအခြေအနေအရ ဘုရားသုံးဆူမြို့ရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကို DKBA အဖွဲ့က အဓိက တာဝန်ယူထားတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။
နောက်ထပ် ကျားဖြန့်နဲ့ ကာစီနိုလောင်းကစားရုံများ ဖွင့်လှစ်လာတဲ့ ဝေါ်လေ၊ ကျောက်ခက်ဒေသများဟာလဲ DKBA မှ ထိန်းချုပ်ထားတဲ့ ဒေသများဖြစ်ပြီး ဖလူးနဲ့ မင်းလက်ပံဒေသများကတော့ DKBA နဲ့ BGF တပ်ဖွဲ့များက အဓိက စိုးမိုးထားတဲ့ဒေသများ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီမြို့တောင်ဘက်မှာရှိတဲ့ မယ်ထော်သလေးကျေးရွာမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်တဲ့နေရာ ခြောက်ခုအထိ ရှိလာပြီး အဲဒီမှာ ကျားဖြန့်နဲ့ ကာစီနိုလောင်းကစားလုပ်ငန်း လုပ်ကိုင်သူများကို နယ်ခြားစောင့်တပ် (BGF) က လုံခြုံရေးတာဝန် ယူပေးထားပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူရဲ့ BGF တပ်ဖွဲ့က ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်တဲ့ ရွှေကုက္ကိုမြို့သစ်ကို လုံခြုံရေးယူပေးထားပြီး ရွှေကုက္ကိုဒေသက ကျားဖြန့်နဲ့ ကာစီနိုရုံများကို စက်တင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်းရန်ဆိုပြီး အတည်ပေါက် စာထုတ်ခဲ့ပါသေးတယ်။
စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ရွှေကုက္ကိုမြို့သစ်မှာ ကာစီနိုလောင်းကစားရုံများ၊ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေကြပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွှေကုက္ကိုမြို့သစ်အပြင် KK Park နဲ့ ကျောက်ခက်ဒေသတွေပါ ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်လာကြပါတယ်။
၃
ရွှေက္ကိုကတရုတ်တွေအဖို့ ဘန်ကောက် ဟွေ့ခဝမ်နယ်မြေ ဆူထိဆန်မြို့နယ်ထဲက စီးပွားရေးသမား တရုတ်နိုင်ငံသား ၂ ယောက်ကို ပြန်ပေးဆွဲခံရတဲ့ကိစ္စမျိုးအရှုပ်ထုတ်တွေကတော့ အပျင်းပြေလုပ်နေကြတာမျိုးပါ။ အဲဒီဖြစ်ရပ်မှာ ပြန်ပေးဆွဲခံရသူဘက်က ဘတ်ငွေ ၁၂ သန်းကျော် ဆုံးရှုံးခဲ့တယ်။
မြ၀တီမြို့ ကျောက်ခက်က တရုတ်ကျားဖြန့်လုပ်ငန်းတစ်ခုကနေ လူမှောင်ခိုကူး လိမ်လည်ခေါ်ဆောင်ပြီး ပြန်ပေးငွေ ယွမ် ၃၀၀၀၀၀ (ဘတ် ၁၅၀၀၀၀၀) တောင်းခံရတဲ့ တရုတ်ကျောင်းသူ ကျောင်းသား ၃ ယောက်အမှုမျိုး တရုတ်ချင်း တရုတ်ကြိတ်တဲ့ဟာတွေလဲ မှိုပေါက်နေပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာ အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနဲ့နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနဲ့ ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ပိတ်ဆို့အရေးယူလိုက်ကြောင်း EU ရဲ့ ထုတ်ပြန်ချက်လဲ တွေ့ရမှာပါ။
ချစ်လင်းမြိုင်အုပ်စု (CLM) နဲ့ တည်ထောင်သူ စောချစ်သူတို့ဟာ ရွှေကုက္ကိုအပါအဝင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း လိမ်လည်လှည့်စားတဲ့အွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်နေတဲ့သူတွေဆီက ငွေကြေးအများကြီးရနေပါတယ်။ စောချစ်သူပိုက်နက်နေရာတွေဟာ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများအတွက် အချက်အချာနေရာဖြစ်ပါတယ်။ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားနေတယ်။ အဲဒါအပြင် ချစ်လင်းမြိုင်ကုမ္ပဏီက အကြမ်းဖက် စစ်ကောင်စီနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေပြီး စစ်တပ်ကို ဆန့်ကျင်နေသူတွေနဲ့ပတ်သက်တဲ့ သတင်းတွေလဲ ပို့သလို စစ်သားစုဆောင်းတဲ့နေရာမှာလဲ ပါဝင်ပတ်သက်နေပါတယ်။ ဒုတိယဗိုလ်မှူးကြီး မုတ်သုန်နဲ့ ဗိုလ်မှူးတင်ဝင်းတို့မှာလဲ မြဝတီမြို့အနီးရှိ ရွှေကုက္ကို၊ KK Park Project နဲ့ Huanya Project လို အွန်လိုင်းလိမ်လည်မှု ဗဟိုစင်တာများအတွက် အလုပ်လုပ်နေကာ အွန်လိုင်းလိမ်လည်လှည့်စားမှုများမှ အကျိုးအမြတ်တွေ ရရှိနေကြပါတယ်။ အဲဒါတွေကြောင့် EU က အရေးယူတာပါ။
၄
မြန်မာနိုင်ငံမှာ လူကုန်ကူးခံထားရသူ ၁၁၀ ခန့်ကိုကယ်တင်ရာမှာ ကူညီဖို့အတွက် ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲဌာန (ATPD) က စတင်ဆောင်ရွက်နေပါတယ်။
လူကုန်ကူးခံရပြီး ကရင်ပြည်နယ်မှာ တရုတ် ဒုစရိုက်ဂိုဏ်းက အဓမ္မခိုင်းစေနေတဲ့ လူ၁၀၀ကျော် အမြန်ပြန်လွတ်အောင် ကူညီပေးဖို့ ထိုင်းအစိုးရကို အရပ်ဘက်အဖွဲ့တစ်ဖွဲ့က တိုက်တွန်းလိုက်ပြီးနောက် ထိုင်းအာဏာပိုင်တွေဘက်က အခုလို တုံ့ပြန်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
လူကုန်ကူးခံရသူများ ထောက်ပံ့ကူညီရေး အရပ်ဘက်လူမှုအဖွဲ့အစည်း (Civil Society Network for Victim Assistance in Human Trafficking) က ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ဆီကို အောက်တိုဘာ ၂၄ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ပြီး မြန်မာနိုင်ငံမှာ လူကုန်ကူးခံထားရသူတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့တာပါ။
အဲဒီအဖွဲ့ဟာ လာအိုနိုင်ငံက လူ ၁၉ ဦး အပါအဝင် နိုင်ငံကိုးနိုင်ငံက လူအယောက် ၁၁ဝ ဟာ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ နယ်ခြားစောင့်တပ် BGF တို့ ထိန်းချုပ်တဲ့ဒေသမှာ ပိတ်မိနေတယ်လို့ RFA ကိုပါ ပူးတွဲ မိတ္တူပေးပို့တဲ့ပေးစာမှာ ဖော်ပြထားပါတယ်။
၅
"ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ တရုတ်တွေကတော့ ဝင်လာမဆဲ တဖွဲဖွဲပဲ။ တရုတ်တွေကို ၁၀ လပိုင်းကုန်မှာ နှင်ထုတ်တဲ့ စာတွေက BGF ကထုတ်ထားတာရှိတယ်။ အဲဒါတွေက ဟန်ဆောင်ပါပဲ။ တနေ့ တနေ့ လာလိုက်တာတွေ နည်းတာမဟုတ်ဘူး။ BGF နဲ့ တရုတ်ဂိုဏ်းတွေ နှင်ထုတ်နေတာက လုပ်ငန်းခွင်မှာ အသုံးမကျတဲ့သူမျိုး သောက်စား မူးယစ် ဘယ်လိုမှ နေဖို့အဆင်မပြေတဲ့ တရုတ်တွေလောက်သာပြန်ပို့ပြီး တရုတ်အပါဝင် လူပေါင်းစုံက ထပ်လာနေဆဲပါ"
"လူ ၃၀၀ ကနေ လူ ၅၀၀ ဆန့်တဲ့ အဆောက်အအုံတွေ ထပ်ဆောက်ကြတယ်။ အဓိက ကျားဖြန့်အတွက် လုပ်ကိုင်ဖို့ နယ်စပ်တလျှောက် အဆောက်ဦးတွေ ထပ်တိုးဆောက်နေတယ်။ စားသောက် ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်စုံဆိုင်၊ တရုတ် ဆေးရုံ ဆေးခန်းတွေ ပိုများလာပြီး တရုတ်စာတွေနဲ့ နေရာတိုင်း တွေ့နေရတယ်။ ပုံမှန်ပြည်သူတွေနေတဲ့ ရပ်ကွက်တွေထဲလူပေါင်းစုံရောက်လာတယ်။ အလုပ်သမားတွေ နေထိုင်ဖို့ အဆောင်လိုင်းခန်း ဆောက်သလောက် လူအပြည့်ပဲ၊ ငှါးမလောက်ဘူး။ ကျားဖြန့်မှာလုပ်တဲ့ လူတွေ စားသောက်ဖို့အတွက် ရပ်ကွက်ထဲကအိမ်တွေမှာ အစားသောက်ချက်ပြီး သီးသန့်အော်ဒါ ပို့ဖို့ စားဖိုဆောင် လုပ်ကြတာ။ လူ ၃၀၀၊ လူ ၅၀၀ စသဖြင့် စားဖိုချက်တဲ့ အလုပ်လုပ်သူတွေ ရပ်ကွက်တိုင်းပဲ။ အနံ့အသက်တွေ အညစ်ကြေးတွေ ရေမြောင်းအပြည့်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာသုံးတဲ့ ပစ္စည်းမှန်သမျှ တရုတ်ပစ္စည်းတွေကို သုံးကြတယ်။ ထိုင်းဘက်ကနေ တရုတ်ပစ္စည်းတွေကို ကွန်တိန်နာအလုံးလိုက် သယ်လာကြတာ။ နယ်စပ်က BGF ဂိတ်တွေကနေ တွဲကားတွေကို ဇက်ပေါ်တင်ပြီး ဖြတ်ကြတယ်။ စားသောက်ကုန်မျိုးစုံ အသုံးဆောင်ပစ္စည်းမျိုးစုံအားလုံးပဲ တရုတ်ပစ္စည်းတွေ"
စက်တင်ဘာ ၁၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့ BGF ရဲ့ အမိန့်စာမှာ ရထိုက်ကျားဖြန့်ကုမ္ပဏီကို ၂၀၂၄ ခုနှစ်၊ ၁၀ ပိုင်းမှာ ဖျက်သိမ်းမယ်ဆိုတဲ့ စာက မမှန်၊ အတုအယောင်သတင်းသာ ဖြစ်တယ်၊ အဲဒီသတင်းအတုကြောင့် ကုမ္ပဏီဝန်ထမ်းတွေ အလုပ်ထွက်ကြလို့ ကုမ္ပဏီအတွက် နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့တယ်၊ ရထိုက်သူဌေးဆီ ဆက်သွယ်မေးမြန်းကြည့်တော့ ကုမ္ပဏီဖျက်သိမ်းခြင်းမှာ အမှန်မဟုတ် လန်ကြုတ်၊ ဝန်ထမ်းများအားလုံး စိတ်ချ လက်ချ ဆက်လက်အလုပ်လုပ်နိုင်တယ်လို့ ရထိုက်ကုမ္ပဏီက ကြေညာထားတယ်။
" ကြေညာချက်ကို ၉ လပိုင်း ၁၁ ရက်နေ့ နေ့စွဲ တပ်ပြီးတော့ ဖြန့်ဝေနေတာပါ။ BGF တွေကသာ ကျားဖြန့်လုပ်ငန်းကို တကယ်ဖျက်သိမ်းမလိုလိုနဲ့ ကြေညာပြီးတော့ အခုတော့ သူတို့ကိုယ်တိုင် အဲဒီစာတွေကို ဖြန့်ဝေနေတာပါ။ တကယ်တော့ ဘာမှလုပ်တာလည်းမဟုတ်ဘူး။ တရုတ်ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေက ဘာမှ မဖြစ်ဘူး။ BGF က ကုမ္ပဏီတွေ ၁၀ လပိုင်းမှာဖျက်သိမ်းမယ်ပြောခဲ့ပေမယ့် အခု ၁၁ လပိုင်း ရောက်နေပြီ၊ ဘာမှ မဖြစ်တဲ့အပြင် လုပ်ငန်းတွေတောင် တိုးချဲ့နေပါတယ်"
ဒါက ကျားဖြန့်ထပ်တိုးအခြေအနေတွေပါ။
အဲဒါအပြင် နိုင်ငံခြားသားများကို ရွှေကုက္ကို၊ မယ်ထော်သလေးနဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ဇုန်များဆီ ထိုင်းနယ်စပ်ကတစ်ဆင့် သွားရောက် ကြိုဆိုပြီး ပို့ဆောင်ပေးတဲ့လုပ်ငန်းကလဲ ကြီးထွားလာနေပြီး BGF က အဓိကလုပ်ကိုင်တယ်၊ နိုင်ငံခြားသား ၁ ဦးကို ဘတ်ငွေ ၃ သောင်းနဲ့ ပို့ဆောင်ပေးနေတာပါတဲ့။
၆
အမေရိကန်အခြေစိုက် USIP က ကရင်ပြည်နယ်မှာ ရှမ်းမြောက်က ကျားဖြန့်ဂိုဏ်းတွေ အရှိန် အဟုန်ကောင်းကောင်း အင်အားကောင်းကောင်းနဲ့ရောက်ရှိနေပြီး အမေရိကန်ကို ပစ်မှတ်ထားလာတယ်၊ BGF ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနဲ့ မုတ်သုန်တို့ ကျားဖြန့် လုပ်ငန်းများမှာ ပါဝင်ပတ်သက်နေတယ်၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေတယ်၊ ထိုင်း၊ အမေရိကန်အပါအဝင် အိမ်နီးချင်း နိုင်ငံတွေပါဝင်တဲ့ အရေးယူဆောင်ရွက်ရေးအဖွဲ့ ဖွဲ့ဖို့ အကြံပြုထားတယ်တဲ့။
မြ၀တီမြို့နယ်မှာ အွန်လိုင်းကျားဖြန့်များ အခြေစိုက်တဲ့ ရွှေက္ကိုမြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ်စတဲ့ စီမံကိန်းများစွာကို BGF က ဦးဆောင်ပြီး တရုတ်စီးပွား ရေးသမားများ၊ ပြည်ပ ဒုစရိုက်ဂိုဏ်းများနဲ့အတူ တွဲဖက်အကောင်အထည် ဖော်နေတာပါ။
ကမ္ဘာတဝှမ်းက လူပေါင်းများစွာ လူကုန်ကူးခံရပြီး၊ သူတို့ကို ရာဇဝတ်မှုများ ကျူးလွန်ဖို့အတင်း အကြပ် ခိုင်းစေခံရ၊ နှိပ်စက်ခံရတာတွေ ရှိနေတဲ့အပြင် အမြတ်ထုတ်ခံရတဲ့ အလုပ်သမားများနဲ့ ဆိုက်ဘာလိမ်လည်မှုစခန်းတွေကို လုပ်ငန်း လည်ပတ်နေတယ်။
ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF အတွက် အွန်လိုင်းရာဇ၀တ်ဂိုဏ်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ရရှိနေပြီး BGF အဖို့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်တယ်လို့ (USIP)က မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Jason Tower က ပြောပါတယ်။
ယခုအခါ BGF ကို KNA အဖြစ် နာမည်ပြောင်းထားပြီး တပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ ကျော်နဲ့ အင်အားကောင်းတဲ့ BGF/KNA ကို KNU နဲ့ စစ်တပ်ကပါ တိုက်ရိုက် ရင်ဆိုင်ဖို့ ဆန္ဒမရှိဘူးလို့ USIP က ဆိုပါတယ်။
၇
ကင်ညာတင်မဟုတ်၊ မြန်မာကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ သားကောင်အဖြစ် ခိုင်းစေခံရတဲ့ သီရိလင်္ကာ နိုင်ငံသားတွေ ပိုမိုများပြားလာတဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လာပြန်ပါတယ်။
ယူအေအီးနိုင်ငံမှာ လက်ရှိနေထိုင်နေကြတဲ့ သီရိလင်္ကာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံက ဆိုက်ဘာလိမ်လည်မှုစင်တာတွေဆီ အုပ်စုလိုက် ပို့ဆောင်ခံထားရတဲ့အကြောင်း အမျိုးသားလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (NAHTTF) က ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကတဆင့် သတင်းအချက်အလက်တွေ လက်ခံရရှိထားကာ သီရိလင်္ကာနိုင်ငံသားအသစ်တွေ စုဆောင်းခံရတဲ့ အရေအတွက် တိုးလာတယ်လို့လဲ ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ အိုင်တီသမားတွေကို အလုပ်အင်တာဗျူးတွေအဖြစ် ဒူဘိုင်းလို နေရာတွေဆီ ခေါ်ဆောင်သွားကာ မြန်မာနိုင်ငံက ဆိုက်ဘာလိမ်လည်မှုစင်တာတွေမှာ တရားမဝင်အလုပ်လုပ်ကိုင်ဖို့ အတင်းအကျပ် ဖိအားပေးခံရတာတွေကိုလဲ တွေ့ရှိရသလို အဲဒီ လိမ်လည်မှုစင်တာတွေမှာ လျှပ်စစ်နဲ့ ရှော့တိုက်တာလို ရက်စက်ကြမ်းကြုတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေကိုတောင် ခံကြရကြောင်း ထပ်မံတွေ့ရှိရတယ်လို့ ဆိုပါတယ်။
သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ကာမဲလ် ဂူနာရက်တ်နေးက မြန်မာနိုင်ငံတွင်း ကျားဖြန့်အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းမှာ ခိုင်းစေခံထားရတဲ့ သီရိလင်္ကာနိုင်ငံသားတွေကို ကယ်တင်ပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အခုနှစ် ဇူလိုင်လတုန်းက တိုက်တွန်းတောင်းဆိုခဲ့ပါသေးတယ်။ သူဖန်တည်းထားတာတွေနဲ့ဘဲ မင်းအောင်လှိုင်က နိုင်ငံတကာဆက်ဆံရေးမှာ အလုပ်ဖြစ်နေပြန်ပါတယ်။
ဒါဟာ လတ်တလော ဖထီးတို့ အမိုးတို့မြေက ကြောက်မက်ဖွယ်ကမ္ဘာလုံးချီ ရာဇဝတ်ဂိုဏ်းကြီးတွေအကြောင်းသတင်းတချို့စုစည်းမှုပါ။
ထိုင်းမှာ ဖိထာရွေးကောက်ပွဲဝင်တော့ ကရင်သင်တိုင်းကို ဝတ်ပြီး စည်းရုံးရေးဆင်းပါတယ်။ သူတို့ပါတီအလံနီးနီးတောင် ဖြစ်သွားပါတယ်။ ကရင်သင်တိုင်းဟာ ရှေ့နောက်အတူတူ၊ ထညိ့စရာအိတ်ထောင်မပါ၊ ဟိတ်ဟန်အတွက် ကော်လံ ကြယ်သီးမပါပါဘူး၊ သူတို့လဲ ကရင်သင်တိုင်းလိုပါဘဲပေါ့။
ကရင့်မြေက ကျားဖြန့်လုပ်ငန်းတွေကြည့်ရင်တော့ ကရင့်သင်တိုင်းမှာ အိတ်ထောင်တပ်ပြီးပြီလားလို့ မေးရမလို ဖြစ်လာပါကြောင်း။
ရဲဘော်တေး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar