အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၈ )
ကျောက်ဖြူမှာ စစ်ကောင်စီတပ်တွေနဲ့ တရုတ်လုံခြုံရေး ကုမ္ပဏီတပ်တွေ နေရာယူထားပြီလို့ သူငယ်ချင်းတစ်ယောက်က စိုးရိမ်တကြီး ဖုန်းဆက်တယ်။ ခုတလော မြန်မာပြည်သူတွေဟာ တရုတ်လုံခြုံရေးကုမ္ပဏီတွေက မြန်မာ့လုံခြုံရေးကို တာဝန်ယူတော့မယ်၊ တရုတ်လက်နက်ကိုင်တွေ မြန်မာပြည်ထဲ ဝင်လာတော့မယ်၊ နွေဦးတော်လှန်ရေးကို တရုတ်က နှိပ်ကွပ်တော့မယ် ဆိုတဲ့ သတင်းတွေ တဟုန်ထိုး ပျံ့နှံ့နေတယ်။ မြန်မာပြည်သူတွေဟာ စိုးရိမ်စိတ်တွေနဲ့အတူ တရုတ်ဆန့်ကျင်ရေးစိတ်တွေ တဖွားဖွားပေါ်လာနေကြတယ်။ စစ်ရှုံးလို့ ကြံရာမရ ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ တရုတ်သည်သာအမိ၊ တရုတ်သည်သာ အဖ စီမံချက်ကြီးကို လူထုက ရွံရှာ စက်ဆုပ်နေကြတယ်။ စစ်ကောင်စီကို မုန်တီးရွံရှာတဲ့စိတ်ဟာ တရုတ်အပေါ်ကို ပုံကျလာနေပါပြီ။ တရုတ်ဟာ မြန်မာလူထုကို မင်းအောင်လှိုင်နဲ့ပေါင်းပြီး စိန်ခေါ်လိုက်တာလားလို့ တွေးမိသွားကြပြီ။
ဒါကြောင့် နွေဦးတော်လှန်ရေးကို လူထုက အရှိန်မြှင့်ထောက်ခံလာကြတယ်။ ကချင်တော်လှန်ရေးတပ်တွေဟာ တရုတ်က ဖိအားပေးတာ ခံနေရတဲ့ အခြေအနေမှာပဲ တရုတ်နယ်စပ်ဂိတ်မြို့တွေကို တမြို့ပြီးတမြို့ သိမ်းလိုက်ကြတယ်။
ရခိုင်မှာလည်း အလားတူပါပဲ။ အမ်းမြို့နယ်တခုလုံး ကို AA က သိမ်းတော့မယ် ဆိုတဲ့ ဟိန်းသံတွေ အဆက်မပြတ် ကြားနေရတယ်။
မြန်မာပြည်အလယ်ပိုင်းမှာလဲ မကြာမီတိုက်ပွဲတွေ အရှိန်မြင့်တက်လာမယ်လို့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောနေပါပြီ။
ကရင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်တွေဟာ အစဉ်အလာမပျက် ရှုံးပြီရင်း ရှုံးနေဆဲပါ။ ဒီမနက် မှော်ဘီ မြဝတီ အသံလွှင့်ဌာနလည်း ဗုံးစာမိခဲ့ပြီ။
လူယုတ်မာ အာဏာရှင်နဲ့ပေါင်းမိတဲ့ ဘယ်သူမဆို မရှုမလှ ကျဆုံးသွားလေ့ရှိတာ သမိုင်းက သက်သေပြပြီး ဖြစ်ပါတယ်။
စစ်ကောင်စီဟာ သူနဲ့အတူ မင်းအောင်လှိုင် ဓားပြဂိုဏ်းကို တပ်မတော်ကြီးလို့ ထင်နေတဲ့ စစ်သည်တွေ၊ နိုင်ငံရေးပါတီတွေ၊ စီးပွားရေးသမားတွေ၊ လူမျိုးရေး၊ ဘာသာရေးသမားတွေကို အရှုံးနွံထဲ ဆွဲနှစ်ခဲ့တာ အတော်အောင်မြင်ခဲ့ပါပြီ။ အခု အင်အားကြီး တရုတ်နိုင်ငံကိုပါ အရှုံးနွံထဲ ဆွဲနှစ်ဖို့ ကယ်ပါ ယူပါ တစာစာအော်ရင်း လက်ကမ်း လှမ်းဆုပ်နေပါပြီ။
မိုးနတ်မင်းကြီးရေ ကျွန်တော်မျိုးကြီး ရှီကျင်းပင် တစ်ယောက် မင်းအောင်လှိုင်နဲ့အတူ သေသင့်ပါတယ် ဆိုတဲ့ စကား ဘယ်နေ့ကြားရမလဲ စောင့်နေမယ်နော်။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar