အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၁ )
လျှပ်စစ်မီး လာချိန်ကိုမျှော်ရင်း အောင်ပွဲတွေ မျှော်ရတာလည်း မမောနိုင်မပန်းနိုင်။
အမ်း ကျသွားပြီ။ စစ်ကောင်စီ ဗိုလိမှူးချုပ် သုံးယောက် ဒူးထောက်နေတဲ့ပုံတွေ တက်လာတယ်။ လိုင်းပေါ်မှာ သတင်းတွေ အဆက်မပြတ် တင်နေကြတာ တညလုံး မအိပ်ကြဘူးနဲ့ တူတယ်။ စကစ လော်ဘီတွေလည်း မင်းအောင်လှိုင်ကိုဆဲကြ။ ဆိုကြ။ ငိုကြ။ တော်လှန်ရေးထောက်ခံသူတွေ လိုင်းပေါ်မှာ အောင်ပွဲခံကြ။
ဂွမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်ပြီ။ အစိုးရဝန်ထမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မြို့ကို စွန့်ခွာကြပြီ။ ဧရာဝတီတိုင်းထဲကို AA နဲ့ တော်လှန်ရေးတပ်တွေ ဝင်လာကြပြီ၊ စတဲ့ တော်လှန်ရေး အောင်စည် အောင်မောင်းသံတွေ လိုင်းပေါ်မှာ သောသောညံနေတယ်။
သူငယ်ချင်းတစ်ယောက် ဖုန်းဆက်တယ်။ တနေ့ည က တောင်ဒဂုံမြို့နယ်မှာ လူငယ် ၃၀ ကျော် စစ်မှုထမ်းဥပဒေအရ အဖမ်းခံလိုက်ရတယ်တဲ့။ ဒီသတင်းမျိုးဟာ မြန်မာပြည် နေရာအနှံ့မှာ ကြားနေရတဲ့ သတင်းမျိုးဖြစ်လို့ သတင်းထူးလို့ မခေါ်နိုင်တော့ပါ။ ဒါပေမဲ့ ကိုယ်မိသားစုအသိုင်းအဝိုင်းအတွက်တော့ သေရေးရှင်ရေး သတင်း ဖြစ်နေပါတယ်။
ကုန်ဈေးနှုန်းတက်တဲ့ သတင်း၊ ရွှေဈေးတက်တဲ့ သတင်း၊ ဒေါ်လာဈေးတက်တဲ့ သတင်း၊ ဖုန်းလုခံရတဲ့ သတင်းတွေကို လူတွေ စိတ်မဝင်စားနိုင်တော့။ စစ်ကောင်စီတပ်သားတွေ ထော့ကျိုးထော့ကျိုးနဲ့ ဖော့ဖြူပြားကြီး ခေါင်းပေါ်တင်ကာ လက်နက်ချတဲ့ ရုပ်သံဖိုင်တွေ ကြည့်ရင်း အားတွေတက်လိုက်၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး အာဆီယံက အသံထွက်လာလို့ ဝမ်းသာလိုက်၊ စစ်မှုထမ်းဖို့ လူဖမ်းပွဲ သတင်းတွေ ကြားပြီး တုန်လှုပ်ချောက်ချားလိုက်နဲ့ ယောက်ယက်ခတ်နေကြတယ်။
ဗိုလ်ချုပ်မှူးကြီး၊ သမ္မတကြီး၊ ဝရမ်းပြေးကြီး မင်းအောင်လှိုင်ကတော့ တော်လှန်ရေးတပ်တွေကို လက်နက်ချဖို့ ရာဇသံပေးလိုက်၊ အားကစားပွဲတွေ တက်ရောက်ကာ အလံကလေး တလှုပ်လှုပ် ဝှေ့ယမ်းလိုက်နဲ့ ပြည်သူ့ထံက အဆဲတောင်းတဲ့ ပုံတွေ အဆက်မပြတ် တင်နေကြပါတယ်။ ဒီတပွဲမှာ ဆဲနည်းပဒေသာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် အားပေးနေသူတွေထဲမှာ စစ်ကောင်စီ လော်ဘီတွေနဲ့ အောက်ခြေစစ်သားတွေရဲ့ ဇနီး သားသမီးတွေ ထိပ်ဆုံးက ပါလာပါတယ်။
အောင်ပွဲကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေရပါပြီ။
လျှပ်စစ်မီး လာချိန်ကို မျှော်ရင်း အောင်ပွဲတွေ မျှော်ရတာလည်း မမောနိုင် မပန်းနိုင်။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar