Breaking News

နိုင်ငံတကာသာဂိ - အမေရိကန်-တရုတ် ဆက်ဆံရေး ပြေလည်စေဖို့ အီလန်မတ်နဲ့ တေလာဆွစ် တို့၏အခန်းကဏ္ဍ

နိုင်ငံတကာသာဂိ - အမေရိကန်-တရုတ် ဆက်ဆံရေး ပြေလည်စေဖို့ အီလန်မတ်နဲ့ တေလာဆွစ် တို့၏အခန်းကဏ္ဍ

 (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၄

နယူးယောက်တိုင်းစ်သတင်းစာ၊ ဒီဇင်ဘာ ၁၈၊ သောမတ်စ်ဖရစ်မင်း၏ ဆောင်းပါးကို မှီးပါတယ်

တရုတ်ပြည်ဟာ အခုအချိန်အနည်းငယ်အတွင်း နည်းပညာမှာ မဟာခုန်လွှားမှုနဲ့ တိုးတက်သွားပြီလို့ ဆိုကြပါတယ်။ တရုတ်တွေက ထရန့်ကို အမည်ပြောင်ပေးထားတယ်။ တရုတ်ပြည်ကို ထူထောင်ပေးသူကြီး တဲ့။ (Chuan Jianguo).

ထရန့် ၂၀၁၆ လက်ထက်ကတည်းက ကုန်သွယ်ရေးစစ်ပွဲစပြီးနောက် တရုတ်ဟာ ကမ္ဘာမှာ လျပ်စစ်ကား၊ စက်ရုပ်၊ ရှားပါးသတ္တုတွေ ထုတ်လုပ်ရာမှာ အမေရိကန်ကို မှီခိုစရာမလိုတဲ့ ဆူပါဝါဝါနိုင်ငံ ဖြစ်လာပါတယ်။

သို့သော် တရုတ်ဟာ ထုတ်လုပ်ရေးမှာ စွမ်းအားကြီးသော်လည်း စားသုံးသူကဏ္ဍမှာတော့ အားနည်းနေတုန်းပဲလို့ ဆိုပါတယ်။ ဥပမာတခုက လူဗလကြီးဟာ အပေါ်ကြီးပြီး အောက်က ခြေထောက်လေးတွေက ကြက်ခြေထောက်လို သေးနေတယ်တဲ့။

တရုတ်က ကုန်ပစ္စည်းတွေ တင်ပို့သူ ဖြစ်သော်လည်း အမေရိကန် သွင်းကုန်တွေကိုလည်း တရုတ်ပြည်တွင်းမှာ ကန့်သတ်လိုက်တာမို့ တရုတ်ပြည်သူတွေအတွက် သွင်းကုန်လိုအပ်ချက်ကို မဖြည့်နိုင်ဖြစ်ရတယ် ဆိုပါတယ်။

အခု အမေရိကန်နဲ့ တရုတ်မှာ လိုနေတာက အီလန်မတ်နဲ့ တေလာဆွစ် ပါရာဒိုင်း (ရှုမြင်နည်း) ဖြစ်ပါတယ်။ အမေရိကားမှာ အီလန် မတ်လို အင်ဂျင်နီယာတွေ များများလိုပြီး၊ ပြည်ပကို ထုတ်ကုန်တွေ များများ တင်ပို့ကြဖို့ ဖြစ်ပါတယ်။ တရုတ်မှာကတော့ တေလာဆွစ်လို အနုပညာတွေ စားသုံးကုန်တွေ လိုအပ်ပြီး တရုတ်လူငယ်တွေဟာ ဒါတွေကို များများသုံးစွဲခွင့်တွေ ရဖို့ လိုအပ်ပါသတဲ့။ ကျန်းမာရေးလို ဝန်ဆောင်မှုတွေ တရုတ်ပြည်သူတွေအတွက် များများ ရဖို့လည်း လိုအပ်ပါတယ်။

၁၉၅၇ က ရုရှားပြည်၏ ပထမဆုံး စပွန်းနစ် ဂြိုဟ်တု လွှတ်တင်မှုကြောင့် အမေရိကန်ပြည်ကြီး နိုးထခဲ့ရသလိုမျိုး အမေရိကန်တွေက တရုတ်ပြည်၏ ခုန်ကျော်ပျံလွှားမှုကို မတုန့်ပြန်နိုင်ကြရင် နည်းပညာ၊ သိပ္ပံ၊ တီထွင်ဖန်တီးနိုင်စွမ်း၊ စက်မှုစွမ်အားတွေမှာ နောက်ကျကျန်ခဲ့ဖို့ များပါတယ်။

အမေရိကန်နိုင်ငံရေးသမားတွေ တရုတ်ပြည်ကို များများလည်ပတ်ကြဖို့ လိုပါတယ်။ အောက်တိုဘာ ၂၀၂၃ တုန်းက အမေရိကန်အထက်လွှတ်တော်အမတ် ချတ်ရူးမား တရားဝင်ခရီးစဉ်ဟာ ၂၀၁၉ ပြီးနောက် ပထမဆုံး ဖြစ်ပါတယ်။ 

သက္ကရာဇ် ၂၀၀၀ တုန်းက ကမ္ဘာ့စက်မှုလက်မှုထုတ်လုပ်ရေးမှာ အမေရိကန်၊ အာရှ၊ ဥရောပနဲ့ တောင်အမေရိကားတို့က ထိပ်ဆုံးမှာ နေရာယူထားခဲ့ပါတယ်။ အဲသည်တုန်းက တရုတ်က ကမ္ဘာထုတ်ကုန်၏ ၆% သာ ရှိပါတယ်။ အခုတော့ တရုတ်က ကမ္ဘာထုတ်ကုန်၏ ၄၅% ကို စိုးမိုးထားပါတယ်။ တနိုင်ငံတည်းက အားလုံးအပေါ် စိုးမိုးထားနိုင်တာပါ။ အခုဆိုရင် တရုတ်ကို နိုင်ဖို့ အမေရိကန်က သူ့မဟာမိတ်တွေနဲ့ ပေါင်းပြီး တွန်းလှန်ဖို့တောင် စက်မှုလက်မှုနယ်ပယ်မှယ မလွယ်တော့ပါဘူး တဲ့။

၂၀၁၉ ထရန့်၏ ပထမသက်တမ်းအကုန်မှာ တရုတ်က သူ့ပြည်တွင်းလုပ်ငန်းတွေကို ချေးငွေက ၈၃ ဘီလျဲံဒေါ်လာ။ အခု အချိန်မှာ ၆၇၀ ဘီလျံ ချေးငွေ ထုတ်သုံးထားနိုင်ပါပြီ။ ၂၀၁၉ တုန်းက တရုတ်မှာ ဖုန်းစျေးကွက်မှာ Xiomi & Huawei  ပဲ ရှိတယ်။ အခုတော့ အဲသည်ကုမ္မဏီ ၂ခုက လျပ်စစ်ကားထုတ်လုပ်သူတွေ ဖြစ်နေပြီ။ သူတို့ ဘက်ထရီပညာက အလွန်လှတဲ့လျပ်စစ်ကားကို ထုတ်နိုင်ပြီ။

Xiomi  ၏ SU7 ကို ဓာတ်ဆီကားထုတ်တဲ့ စက်ရုံအဟောင်းကနေ ပြောင်းလဲပြီး ထုတ်ခဲ့တာ ဖြစ်ပါတယ်။ BYD လျှပ်စစ်ကားက တရုတ်ပြည်၏ အူဘာတက္ကစီ - DiDi ကို စိုးမိုးထားပါတယ်။ လျပ်စစ်ကားအသေးစားလေးက Seagull လို့ခေါ်ပြီး ဒေါ်လာ တသောင်းအောက်မှာ ရောင်းပေးနေပါတယ်။

အခုအချိန်မှာ အဲသလို ကားတွေကို ထောင်နဲ့ချီပြီး တင်ပို့ဖို့ ကုန်တင်သင်္ဘောပေါင်း ၁၇၀ ကို ဆောက်နေပါပြီ။ ၂၀၁၉ မတိုင်ခင်က ကမ္ဘာပေါ်က သင်္ဘောကျင်းတွေက တနှစ်လုံးမှ ၄ စီးပဲ ထုတ်နိုင်ခဲ့တာပါ။ 

တရုတ်ပြည်မှာ လျပ်စစ်ကား အားသွင်းကွန်ရက်ကြီး နိုင်ငံတဝှမ်းမှာ ဆောက်ထားပြီး ကားသစ်တွေထဲက တဝက်လောက်က အီးဗီကားတွချည်း ရောင်းနေရပါတယ်။ အက်ပဲက လျပ်စစ်ကားလုပ်နေတာ ၁၅ နှစ်တောင်ရှိနေပြီး အက်ပဲကားကို လူတွေ စီးဖူးပြီလား။

ကျည်ဆံရထားဆိုတာ ပီကျင်းနဲ့ ရှန်ဟိုင်းကို ပြေးနေပြီ။ နယူးယောက် ချီကာဂိုလောက် ဝေးပါတယ်။ ၄နာရီခွဲပဲ ကြာပါတယ်။ တနာရီကို မိုင် ၂၀၀ နှုန်းပြေးနေတယ်။ တနေ့ကို အစီး ၁၀၀ လောက် အသွားအပြန် ပြေးနေတယ်။ ရထားပြတင်းပေါ်မှာ မတ်စေ့ကို ချထား၊ တဝက်က ဘောင်မှာ၊ တဝက်က တန်းလန်းလေး။ ခရီးဆုံးတဲ့အချိန်အထိ သည်အတိုင်း လှုပ်တောင် မလှုပ်ပါဘူး တဲ့။ နယူးယောက်ကနေ ဝါရှင်တန်ဒီစီလောက်သွားတဲ့ အမေရိကန်ရထားကတော့ ရထားစထွက်တာနဲ့ ၂စက္ကန့်အတွင်း ဘယ်လိမ့်သွားမှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး။

ပေကျင်းက GM ကားကုမ္မဏီက ၅ ဘီလျံ နဲ့ စဖွင့်ခဲ့တယ်။ ခေတ်အမှီဆုံး စက်ရုံလို့ဆိုပါတယ်။ အခုကတော့ ဂျီအမ်ဖက်စပ်ကုမ္မဏီက ဒီနှစ်မှာ ၁၁လအတွင်း ၅၉% အရောင်းကျသွားပါပြီ။ BYD ကားတွေ၏ အရောင်းက မနှစ်ကထက် ၁၀ ဆ တက်လာပါတယ်။ 

ဘာမှတော့ မပူပါနဲ့။ ထရန့်က အမေရိကန်တွေ ပြန်ကြီးကျယ်အောင် လုပ်ပါလိမ့်မယ်။ ပြည်တွင်းမှာ ရေနံတွေ တူးပြီး ဓာတ်ဆီစားတဲ့  ကားတွေ ထုတ်ပါလိမ့်မယ်။ လျစ်စစ်ကားဝယ်စီးသူတွေအတွက် အစိုးရကူညီငွေကို ဖြတ်တောက်ပါလိမ့်မယ်။

သည်တော့ တကမ္ဘာလုံးက တရုတ်လုပ်တဲ့ မောင်းသူမဲ့လျပ်စစ်ကားတွေဆီကို အသွင်ပြောင်းနေချိန်မှာ အမေရိကားကတော့ ကျုးဘားလိုမျိုး ဆီစားတဲ့ ကားကြီးတွေလမ်းပေါ်မှာ ပြည့်နေတာမျိုး ဖြစ်လာပါလိမ့်မယ်။ 

အမေရိကန်တွေ တရေးပြန်နိုးတဲ့ တနေ့ကျရင် တရုတ်က မောင်းသူမဲ့ လျပ်စစ်ကားနဲ့ နည်းပညာကို စိုးမိုးထားပါပြီ။ တရုတ်က အနာဂတ်ကို ပိုင်စိုးထားပါပြီ။ 

သည်တကြိမ်မှာ တရုတ်ကို အမေရိကန်သမ္မတကြီး ထရန့်က ကုန်သွယ်ခွန်တွေနဲ့ ခြိမ်းခြောက်ပြီးတော့ ဟေ ့ မင်းတို့ စက်ရုံတွေ အမေရိကားမှာ လာဆောက်ကြလို့ ပြောလိုက်ရင် ကုန်သွယ်ရေးကွာဟမှုကို လျော့ချနိုင်မှာ သေချာပါတယ်။ ဒါပေမယ့် ရီပတ်လစ်ကန် ရှေးရိုးစွဲတွေကတော့ ကြိုက်မှာ မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ တရုတ်က ပြန်ပြောမယ့်စကားကတော့ - စက်ရုံဘယ်နှရုံ ဆောက်ချင်သလဲ။ ၄၀ လား၊ ၅၀ လား။ အေး ငါတို့စက်ရုံတွေက စက်ရုပ်တွေနဲ့ လည်ပတ်မှာ။ ပြီးတော့ ငါတို့က အဝေးကနေ ထိန်းချုပ်လည်ပတ်နေမှာ လို့ ပြန်ပြောမှာ ဖြစ်ပါတယ်။

အခု တရုတ်ပြည်မှာ ခေတ်စားနေတာက မီးမှောင်ချထားတဲ့ စက်ရုံ - Dark Factory တွေ ဖြစ်ပါတယ်။ စက်ရုံမှာ ဈေးဝယ်ဖို့သွားတဲ့ အဝယ်တော်ဟာ မီးတွေ မှိတ်ထားပြီး သူလာမှ မီးလိုက်ဖွင့်ပေးတဲ့ စနစ်ကို ကြုံတွေ့ရပါတယ်။ စက်ရုပ်တွေနဲ့ လည်ပတ်တဲ့ စက်ရုံမှာ အလုပ်သမားတွေအတွက် မီးဖွင့်ပေးထားစရာ မလိုပါဘူး။ လျှပ်စစ်မီး စာရိတ်မလိုတော့ပါဘူး။ တရက်တခါ လာစစ်တဲ့ အင်ဂျင်နီယာတွေအတွက်ပဲ မီးဖွင့်ပေးစရာ လိုပါတော့ သတဲ့။

တရုတ်စက်ရုံတွေ က AI ကို သုံးနေပြီ။ AI ကနေ မောင်းနှင်နေတဲ့ စက်ရုံတွေမှာ လူတွေအတွက် မီးထွန်းထားစရာမလိုလို့ Dark Factory လို့ ခေါ်ကြသလို - Smart Factory လို့လည်း ခေါ်ကြတယ်။ ဟော်တယ်တွေမှာလည်း အခန်းအရောက်ဝန်ဆောင်မှု room service  ကို စက်ရုပ်တွေ သုံးလာတယ်။ အခန်းမှာ ခေါင်းလောင်းသံ မြည်တယ်၊ တံခါးဖွင့်လိုက်တယ်။ စက်ရုပ်ရပ်နေတယ်။ ခလုပ်နှိပ်လိုက်တယ်။ မှာထားတဲ့ အစားအသောက် ထွက်လာတယ်။ တစ်ပေးစရာ မလိုဘူး။ သည်လိုမျိုးတဲ့။

အမေရိကားမှာ ကော်လာပြာလုပ်သားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ သမဂ္ဂတွေ ရှိတယ်။ သည်တော့ စီးပွားရေးအရ တွက်ခြေကိုက်တဲ့၊  ကိုယ်ပြောတာ တသွေမတိမ်းလုပ်တဲ့ စက်ရုပ်တွေ မထွန်းကားအောင် ကန့်သတ်ထားသလို ဖြစ်နေတယ်။ တရုတ်ကတော့ တပါတီအာဏာရှင်ဆိုတော့ စိတ်ကြိုက်လုပ်ခွင့်ရှိတယ်။ တရုတ်က ကော်လာပြာတွေ မထကြွခင်မှာပဲ စက်ရုပ်တွေ ဝင်လာကြပြီ ဖြစ်ပါတယ်။ 

တရုတ်မှာလည်း လူဦးရေမွေးဖွားနှုန်း ကျနေတယ်။ လွန်ခဲ့တဲ့ ၇ နှစ်အတွင်းမှာ ကလေး ၁၈သန်းကနေ ၉ သန်းအထိ ကျဆင်းသွားတယ်။  လက်ရှိတရုတ်လူဦးရေ ၁.၄ ဘီလျံကနေ နောက် ၂၀၅၀ မှာ သန်း ၁၀၀ ကျမယ်။ ရာစုနှစ်ကုန်မှာ သန်း ၇၀၀ အထိ ကျဆင်းမယ်။ လူနေမှုအဆင့်အတန်းကို ထိန်းသိမ်းဖို့ လူအိုတွေကို ပြုစုစောင့်ရှောက်ပေးဖို့ လိုတယ်။ အလုပ်သမားလူတန်းစားဦးရေကလည်း ကျဆင်းလာနေတယ်။ တရုတ်ပြည်ဟာ အခြားနိုင်ငံတကာတွေကိုပါ သူနဲ့အတူ စက်ရုပ်စနစ်ဆီကို တွန်းပို့မှာ ဖြစ်ပါတယ်။

တရုတ်ကို လိုအပ်လို့ ထရန့်နဲ့ ဘိုင်ဒင်က ကုန်သွယ်စစ် ဆင်နွှဲကြရတာ ဖြစ်ပါတယ်။ တရုတ်က ကမ္ဘာကုန်သွယ်ရေးအဖွဲ့ချုပ်က သတ်မှတ်ထားသလို စီးပွားဘက်တွေကို လမ်းမဖွင့်ပေးဘဲ သူတို့ပြည်တွင်းကုမ္မဏီတွေကိုသာ အကြီးအကျယ် စျေးလျော့ပေးတာတွေ ထောက်ကူတာတွေ လုပ်ခဲ့တယ်။ အမေရိကန်က ၄ဒေါ်လာ ဖိုး တရုတ်ဆီက ဝယ်ရင် တရုတ်က ၁ကျပ်ဖိုးပဲ ပြန်ဝယ်တယ်။ ဝယ်တာကလည်း ပဲပိစပ်နဲ့ စိုက်ပျိုးရေးထုတ်ကုန်သာ ပြန်ဝယ်တာ ဖြစ်ပါတယ်။

ကြောက်စရာကောင်းတဲ့အချက်တော့ တရုတ်ကလိုချင်တဲ့ ပစ္စည်းတွေ အမေရိကားက သိပ်မထုတ်နိုင်ဘူး။ ပြီးတော့ တရုတ်က သည်မှာထက် စျေးချိုပြီး ပိုကောင်းတာ တခြားမှာ ရနိုင်တယ်။

တရုတ်နည်းပညာရှင်တွေက အမေရိကန်အင်တာနက်ကနေ ဘာမှ သင်ယူစရာ မရှိဘူးလို့ ဆိုကြတယ်။ သူတို့ သိချင်လုပ်ချင်တာတွေကို တရုတ်အင်တာနက်ဘုရင်ကြီးတွေ ဖြစ်တဲ့ Tencent, ByteDance & Alibaba  ကနေ အတုယူနေကြရတယ်။ သူတို့အင်တာနက်တွေက အမြဲ တိုးတက် ပြောင်းလဲ ပြုပြင်နေကြတယ် ဆိုပါတယ်။ နိုင်ငံတကာကပြိုင်ဖက်တွေက ပစ္စည်းတွေ အသစ်ထုတ်တာ နှေးတယ်၊ ကြာတယ်။ စက်ရုံအသစ်တခုကို ၆ နှစ်လောက် ကြာအောင် ဆောက်နေကြတယ်။ တရုတ်က ထုတ်ကုန်တွေကို ရက် ၃၀ အတွင်း အဆင်မြှင့်တယ်။ ကုန်အသစ်ကို ၆ လအတွင်း ထုတ်နိုင်တယ်။ အီလွန်မတ်နဲ့ စတိဂျော့ကို သူတို့က အတုယူပါတယ်။ သို့သော် အမေရိကန်တွေက 

သုညကနေ တစ်ဖြစ်အောင်သာ လုပ်နိုင်တယ်။ ၂ ကနေ ၁၀၀ ဖြစ်အောင်က တရုတ်တွေက စွမ်းဆောင်နီုင်ကြပါတယ်။

တရုတ်က ပြည်တွင်းမှာ ကုန်ပစ္စည်းတွေ အစအဆုံး ထုတ်နီုင်ပါပြီ။ ဘယ်နိုင်ငံကမှ ဒါမျိုး မတတ်နိုင်ပါဘူး။ တရုတ်တွေက ၃ နှစ် စီမံကိန်းနဲ့ အလုပ်သမားစာရိတ် သုညနဲ့ စက်ရုပ်ရယ် အေအိုင်ရယ်ကိုသာ သုံးပြီး ထုတ်လုပ်ရေး၊ သိုလှောင်ရေးကို လုပ်ဖို့ မှန်းထားတယ်။ 

စက်ရုံတွေကို တရုတ်ပြည်ပြင်ပမှာ ဆောက်မယ်၊ စားသုံးသူတွေအနီးမှာ စက်ရုံဆောက်မယ်။ တရုတ်ပြည်တွင်းကနေ အဝေးရောက် ထိန်းကြောင်းမယ်။ သည်လို ရည်မှန်းထားကြတယ်။

တကယ်က အေအိုင်ကိုသာ အမေရိကားက စိုးရိမ်ရမှာ ဖြစ်တယ်။ တရုတ်ကို စိတ်ပူနေစရာ မလိုဘူး။ အားလုံး ဂရုစိုက်ရမှာ အေအိုင်သာ ဖြစ်ပါတယ် တဲ့။

မိတ်အင်ချိုင်းနားဆိုတာ အတိတ်မှာ ကျန်ခဲ့ပြီး တရုတ်ကဒီဇီုင်းလုပ်သည် - ဒီဇိုင်းချိုင်းနား၊ မိတ်အင် ယူအက်စ်အေတွေ ဖြစ်လာနိုင်တာမို့ အမေရိကန်နဲ့ ပြည်ပက စက်မှုလက်မှုခေါင်းဆောင်တွေက ဒါကို စိတ်ပူကြဖို့သာ လိုပါတယ်။

တရုတ်ပြည်က လုပ်သားတွေက ၉-၆-၆ နဲ့ အလုပ်လုပ်ကြတယ်။ မနက် ၉ ကနေ ညနေ ၆ နာရီ။ တပတ်ကို ၆ရက်။ အလုပ်လုပ်ကြရတာပါ။ သူတို့မှာ စားသုံးသူဖြစ်ခွင့်ကို ချိုးနှိမ်ခံထားရတယ်။ တရုတ်ပြည်မှာ သိပ္ပံပညာနဲ့ အင်ဂျင်နီယာတွေ ထုတ်လုပ်တယ်။ ပညာတော်သင်ပို့နေတယ်။ အားကစားတို့ လူမှုသိပ္ပံတို့ လိင်ပိုင်းဆိုင်ရာ လေ့လာရေး စီမံရေးပညာတွေ အားနည်းပါတယ်။

အမေရိကန်တွေက သူတို့အားကစားကို ရူးသွပ်လိုက်စားကြသလိုမျိုး တရုတ်တွေက ပညာရေးကို ရူးသွပ်ကြတယ်။ ဒါမျိး ပြောကြပါတယ်။

တရုတ်ပြည်ကြီး ကျဆုံးတာ ဘယ်သူမှ မမြင်ချင်ပါဘူး။ ကမ္ဘာလူဦးရေ၏ ၁.၄ ဘီလျံကို ထိန်းသိမ်း ကျွေးမွေးထားဖို့ လူနေမှုမြှင့်တင်ပေးဖို့ တရုတ်တွေကသာ လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ ဘယ်အမေရိကန်ကမှ လာကျွေးနေမှာ မဟုတ်ပါဘူး။

တရုတ်ပြည်ကို နိုင်ငံခြားသားတွေ အလည်လာရောက်မှု အားနည်းတာကြောင့် တရုတ်တွေက သူတို့ကို နိုင်ငံခြားက ဘယ်လို ရှုမြင်နေသလဲဆိုတာ ကို မျက်ခြေပြတ်နေကြပါတယ်။ မိတ်အင်ချိုင်းနား ၂၀၂၅ လို့ ကြေညာလိုက်တော့ အမေရိကန် ဥရောပလို နိုင်ငံတွေက တုန်လှုပ်သွားသလို အခြား ဖွံဖြိုးဆဲ အာရှနိုင်ငံတွေ တောင်အမေရိကန်တွေကလည်း စိတ်ပူကုန်ကြပါတယ်။ ဘာကြောင့်ဆိုတော့ တရုတ်က ပြည်ပမှာသာ ပို့ကုန်တွေနဲ့ စိုးမိုးဖို့သာ ကြိုးစားတာပါ တရုတ်ကိုယ်တိုင်က ပြင်ပထုတ်ကုန်ကို စားသုံးဖို့ကိုတော့ တင်းကြပ်ထားတာကြောင့် ဖြစ်ပါတယ်။

တရုတ်တွေဆီမှာ ဘီလျံနဲ့ ချီပြီး စုဆောင်းငွေ ရှိပါတယ်။ ဒါကို သူတို့က အစိုးရကို မယုံကြည်တာကတကြောင်း၊ သူတို့အနာဂတ်အတွက် စိတ်မချတာကြောင့်တပိုင်း မသုံးမစွဲ ဖြစ်နေကြပါတယ်။ သည်တော့တရုတ်တွေက စီးကုပ်နေကြပါတယ်လို့ ဆိုပါတယ်။

မသုံးမစွဲ မရင်းမနှီးကြတာမို့ (ပြည်သူအဆင့်ကို ဆိုလို၊ အစိုးရအဆင့်ကိုမဟုတ်) တရုတ်လူငယ် ၁၇ %က အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။ အိမ်ပိုင်ဆိုင်မှု ကျဆင်းနေပါတယ်။ မိသားစုတွေ မတိုးပွားပါ။ လာဘ်စားမှုတွေ ဖြစ်နေပါတယ်။ တရုတ်က နိုင်ငံတော်အဆင့် ထုတ်လုပ်ရေးကိုသာ ဦးစားပေးပါတယ်။ တရုတ်ကွန်မြူနစ်-ဝါဒကို ခေါင်းတင်ပါတယ်။ သည်တော့ ပုဂ္ဂလိကလုပ်ငန်းထွန်းကားမှု ကျဆင်းလာပါတယ်။ လူတွေက သူတို့ငွေတွေကို အခြားတိုင်းပြည်တွေကို လွှဲပြောင်းကြတယ်။ စင်ကာပူ ဒူဘိုင်း၊ ဂျပန်တွေဆီကို သွားမြုတ်နှံနေကြပါတယ်။

နောက်ဆိုရင် တကမ္ဘာလုံးက တရုတ်ကို ဆန့်ကျင်လာနိုင်တယ်။ တရုတ်က အကုန်လုံး ထုတ်ပြီး အကုန်လုံး ရောင်းမယ်။ သို့သော် အပြင်ကနေပြီး အာလူးနဲ့ ပဲပိစပ်ပဲ ဝယ်နေတာမျိုးက မတရားပါ။ တရုတ်က ပိုပြီး ဝယ်ယူစားသုံးဖို့ လိုပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုကို ပိုပြီး ချဲ့ထွင်ရပါမယ်။ လူတွေကို အနုပညာ ခံစားခွင့်၊ လိုက်စားခွင့်၊ စားသုံးခွင့် လွတ်လပ်ခွင့် ပိုပေးရပါမယ်။ လွန်ခဲ့ ၁၅ နှစ်လိုမျိုး မဟုတ်တော့ပါဘူး။ တရုတ်လူငယ်တွေက နိုင်ငံခြားကိုပဲ သွားပြီး ထွက်ခွာကြဖို့ ပြင်ဆင်နေကြပါတယ်။

အမေရိကားမှာ ထရန့်နောက်ကနေ လိုက်ပြီး ဘောမနေတဲ့ အီလန်မတ် မလိုအပ်ပါ။ အမေရိကားမှာ အီလန်မတ်ဟာ ပါရမီရှင် အင် ဂျင်နီယာအဖြစ် သာ အလိုရှိပါတယ်။ လျပ်စစ်ကား၊ ပြန်သုံးလို့ရတဲ့ ဒုံးပျံ၊ ဆက်တလိုက်အင်တာနက်စနစ်တွေ ကြီးကြီးကျယ်ကျယ်တွေ လုပ်နေဖို့ လိုပါတယ်။ တရုတ်ပြည်မှာက သူလိုလူမျိူးတွေ ရှိနေပြီးပါပြီ။ 

အမေရိကားမှာ အီလန်မတ်က အမေရိကန်ဗျူရိုကရေစီစနစ်ကို ကန့်သတ်ရေးအလုပ်ကို လုပ်နေတာမျိုးထက် ပိုကောင်းတဲ့ အင်ဂျင်နီယာတွေ ထုတ်ဖော်ရေးကိုသာ လုပ်ရမှာ ဖြစ်ပါတယ်။ ထရန့်၏ နိုင်ငံရေးအလုပ်တွေမှာ အီလန်မတ်အချိန်ဖြုံးနေတာ ဘာအကျိုးမှ ဖြစ်မှာ မဟုတ်ပါဘူး။

အမေရိကားက သူတို့ကိုယ်သူတို့ မောင်းတင်ဖို့ တင်းကြပ်ဖို့ လိုအပ်ချိန်မှာ တရုတ်ပြည်ကတော့ လျော့ပေါ့ပေးဖို့ လွတ်လပ်ခွင့် ပိုလိုပါတယ်။ 

ဧပြီ ၂၆၊ ၂၀၂၄က အမေရိကန်နိုင်ငံခြားရေးအတွင်းဝန် ဘလစ်ကန်က တရုတ်ပြည်ကိုလာတော့ နမူနာတခု လုပ်ပြသွားတယ်။ ပီကျင်းမြိုတော်က အနုပညာဈေးတခုကို သွားပြီး တရုတ်အဆိုတော် နာမည်ကြီး ရော့ကာ - DAou Wai ၏ အခွေတခု၊ တေလာဆွစ်၏ ၂၀၂၂ အခွေ Midnight အယ်လဘန်ကို ဝယ်ပါတယ်။ ၂၀၁၉ တုန်းက တေလာဆွစ်၏ အခွေ Lover က ထွက်ထွက်ချင်း တပတ်အတွင်းမှာ တရုတ်ပြည်က ဒေါင်းလုပ်ပြီး ဝယ်ယူအားပေးတာ ၁သန်း ကျော်ခဲ့တယ်။ တရုတ်ပြည်ပက နိုင်ငံခြားအဆိုတော်တဦးအတွက် တရုတ်စွချိန်လို့ သတင်းတွေက ဆိုကြပါတယ်။

တရုတ် စားသုံးသူတွေ၏ တောင်းဆိုမှုက အကြီးအကျယ် အလားအလာ ရှိနေပါပြီ။ တရုတ်ခေါင်းဆောင်တွေက သူတို့ပြည်သူတွေကို ပျော်ရွှင့်ခွင့် ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ်လို့ စာရေးသူက တိုက်တွန်းချင်ပါတယ်။ ဒါက အမေရိကန်ကော တရုတ်အတွက် နှစ်ဘက်အကျိုးရှိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar