Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးဘီလူးရူးနဲ့ ဘောမှုထမ်း PR စနစ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးဘီလူးရူးနဲ့ ဘောမှုထမ်း PR စနစ်

(မိုးမခ) ဒီဇင်ဘာ ၁၉ ၊ ၂၀၂၄


ရခိုင်ဘက်မှာ ဒီရေလှိုင်းတွေလို အကျအဆုံး သတင်းတွေ  တဝုန်းဝုန်းတက်လာကထဲက ခွေးဘီလူးတွေ သွေးရူးသွေးတမ်း တရကြမ်း လုပ်လာတာကတော့ လူဖမ်းတာ။ ဆိုင်ဝင်ဆွဲ အိမ်ထဲဖမ်း လမ်းပေါ်ခေါ်  တော်တော်ဆိုးဆိုးထက်ကို ပိုလုပ်နေကြတာ။ တခြားလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူးလေ။ ဗိုလ်မှူးချုပ်တွေပါ အတုံးအရုံးနဲ့ အကျအဆုံးသတင်းတွေ တဖိတ်ဖိတ်လက် တရိပ်ရိပ်တက်နေတာ မဟုတ်လား။ ဘောမှုထမ်းဖို့ ရုပ်ပျက်ဆင်းပျက် ဖမ်းပြီဆိုတော့ အသက်ကယ်အကွက် ထုတ်သုံးတဲ့အဆင့်ပေါ့။ ဒါပေမဲ့ ဒီလူဖမ်းဆို လူကော့တက်နဲ့လဲ မအလနဲ့ သူ့တပ်အသက်ကတော့ ထွက်မယ့်ဟာ ထွက်မှာဘဲ။ ရက်မကြာတော့။ 

အရူးက လေတပ်သွား ဖားယားလိုက်၊ မြှောက်ပေးလိုက်၊ ဗိုလ်သင်တန်းဆင်းပွဲမှာ အတင်းဖြဲဟောင်လိုက်နဲ့ ကြောင်တောင်ငမ်းတမ်း မျက်နှာလဲ ခွေးသေးပန်းထားတဲ့ နွားချေးပုံလို ပျော့အက်ပြဲ ကော့တက်ကွဲနေပြီ။ 

ရခိုင်မှာက ပို့သမျှ ပျောက်၊ ရောက်သမျှ ဂန့်၊ ဖြန့်သမျှ ပြေး၊ ပေးသမျှ ကုန်၊ ဖော့ဘူးခွံနဲ့ ကြုံရာလက်နက်ချ၊ ထွက်လာရင်လဲ လမ်းမှ မလျှောက်နိုင်ကြတော့တဲ့ အပဲ့အနာအဆာ‌၊ ဘုမသိဘမသိ အသေခံနေကြရရှာတဲ့ ငတာလေးတွေချည်း။ ခုတောင် ဒုတိုင်းမှူးက အလကားအသေမခံနိုင်လို့ လာတဲ့ ရဟတ်ယဉ်ခြေထောက်နား အတင်းနသားပယား လိုက်လာရတာကို အမိန့်မရဘဲ ဆုတ်လာလို့ဆို ဖမ်းထားပြီ။ ဖမ်းမှာတော့ သူလဲ သိတာပေါ့။ မသေဖို့ဘဲ လိုတာလေ။ မဟုတ်ရင် မိန်းမနဲ့ ခိုးရာပါ တိုက်ရာပါ စည်းစိမ်က နောက်ကောင်အတွက် သက်သက်ဖြစ်သွားမှာပေါ့။ မအလလဲ တကယ်အရေးမယူရဲတော့ဘူး ဆိုတာ သူ သိတယ်။ လူကုန်ပလေ။ သူကိုယ်တိုင်လဲ ရှေ့တန်းသွား မတိုက်ရဲ။ တနေ့ကမှ မေမြို့မှာ မိန့်ခွန်းပြောတုန်း နှင်းလေးကျတာနဲ့ ဆင်းပြေးလာတာ မဟုတ်လား။ ဒါတောင် အစောင့်အရှောက်အပြည့်နဲ့၊ ဗိုလ်သင်တန်းဆင်းပွဲ‌နော်၊ ရှေ့တန်းစခန်း မဟုတ်ဘူး။ ပြီးရင် သူ့အတွက် သက်သက်အသေခံပေးမယ့် ကောင်တွေကို ပွားစိန်လုပ်ရတာရယ်။

ဒီရက်ပိုင်း မအလကြည့်ရတာလဲ ရပ်ကွက်ထဲ ဝင်လာတဲ့ ခွေးရူးတကောင် အဖြစ်မျိုး။ ခွေးရူးဟေ့လို့ စအော်သံ ကြားတာနဲ့ ကလေးတွေ အိမ်ထဲထည့် ဝင်းတံခါးပိတ်ကြသလို ပြည်သူတွေက ကိုယ့်သားမြေးကို ဝှက်ကြ၊ အိမ်ထဲ ဝင်ခိုင်းကြ။ ခွေးရူးကိုက်မှာ ကြောက်ကြတာကိုး။ ခွေးတွေကပါ ခွေးရူးမှန်း၊ အန္တရာယ်ကောင်မှန်း သိကြတယ်။ သူတို့က ပိုသိမှာပေါ့၊ ခွေးခွေးချင်းဆိုတော့။ သတိအနေအထားနဲ့ အခြေအနေ ကြည့်ရှောင်ကြတယ်။ သူတို့ကလေး ခွေးပေါက်စတွေကို အကပ်မခံဘူး။ သူတို့လဲ ဝင်မကိုက်ဘူး။ ဟောင်ရုံဘဲ။ ရပ်ကွက်ထဲ ရှိသမျှ အရွယ်ရောက်သူတွေက ခွေးရူးသတ်ဖို့ တုတ်ဆွဲ ဓားဆွဲ လှံဆွဲ မှိန်းဆွဲ ရရာဆွဲထွက်လိုက်ချကြတာ။ မသတ်လို့ မဖြစ်ဘူးလေ။ ခွေးကိုက် ခွေးရူး၊ ခွေးရူးမျိုးဆက်နေမှာဆိုတော့ ခွေးကောင်းတွေကိုလဲ အကပ်မခံ မောင်းထုတ်၊ ကိုယ့်ခွေးဆို ကိုယ့်အိမ်ထဲသွင်း လုပ်ကြရတာ။ ခွေးရူးဆိုတာ နေမြင့်လေ အရူးရင့်လေ၊ စိုက်စိုက်စိုက်စိုက်နဲ့ တွေ့ရာထိုးကိုက်တာမျိုး။ အရူးရင့်ပြီးရင်တော့ သူ့ဟာသူ သေတာပါဘဲ။ ဒါပေလို့ သူ့ဘာသာသေတာ စောင့်နေလို့ကလဲ မဖြစ်။ သူ မသေမချင်း လိုက်ကိုက်တာဆိုတော့ လိုက်မသတ်လေ ခွေးရူးပြန်ပိုးပြန့်လေ အကုန်အန္တရာယ်ကြီးလေ။ ပြီးတော့ ခွေးရူးမအလက ရိုးရိုးခွေးရူးမဟုတ်၊ ခွေးဘီလူးမျိုးက ရူးလာတဲ့ ခွေးဘီလူးရူး။ ခွေးရူးဘီလူး၊ ဒီရက်ပိုင်း အကုန် တလတွန်းပတ်ကိုက်နေတဲ့ ခွေးရူးဘီလူး။ လူတွေက ကိုယ့်ကိုယ်ကိုယ်တင်မက ခွေးကောင်းလေးတွေပါ ခွေးရူးဆက်မဖြစ်ဖို့ ကာကွယ်ပေးနေကြရ။ အလံဖြူထောင်တွေ သုံ့ပန်းတွေ များများရတာ ဝမ်းသာစရာ။ တမူးမှာတော့ ရထားပြီးသား သုံ့ပန်းတွေက  အစောင့်တွေကို အရက်တိုက်ပြီး ထွက်ပြေးသွားတာတော့ မြွေပူရာ ကင်းမှောင့်တာ။ အချင်းချင်းတော့ ရန်ရှာ အကျအန ဖမ်းဆီး ထောင်ချထားတာဘဲ။ ပြည်သူကိုတော့ မျှစ်ချိုးတာနဲ့ဘဲ သေဒဏ်ပေးမှာတွေထိ။

ဒီမနက်ဘဲ နပခစစ်ဌာနချုပ်ထဲက အလံဖြူကြိုးတပ်တဖွဲ့ ထွက်ပေါ်လာပုံ AA  က ထုတ်ပြလိုက်ပြန်ပြီ။ စပါယ်ရှယ် ဧရာမစစ်ဌာနချုပ်ကြီး မီးလောင်နေတာနဲ့ တွဲရက်လေး ဆိုတော့ အရပ်သားတိုက်တာအိုးအိမ်တွေ မီးတိုက်ခံရတုန်းက ခံစားရတဲ့သူတွေရဲ့ စိတ်ဒဏ်ရာတွေကိုလဲ နားလည်စေချင်ပုံရပါတယ်။ အဲဒါတွေ မြင်ရလေ ခု မင်းအောင်လှိုင်နဲ့အတူ ပူးတွဲသွေးပျက်လာလေက ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ။ ဒီလို ဒီလို.. 

ဖေဖော်ဝါရီ ၂၅ ရက်တုန်းကတဲ့၊ နေ့လယ် ၁နာရီတိတိကြီးမှာတဲ့၊ မင်းအောင်လှိုင်ရဲ့ ကြက်ခြံထဲမှာတဲ့၊ ကြံ့ဖွတ်ခင်ရီနဲ့ နိုင်ငံရေးပါတီ ၁၃ ခုက ဥက္ကဋ္ဌတွေ တွေ့ဆုံခဲ့ကြသတဲ့။ အဲဒီမှာ ပါတီဝင်တွေကို အချိုးကျ ဘောမှုထမ်းစာရင်း ပေးသွင်းကြဖို့ အလွတ်သဘော ဆွေးနွေးခဲ့ကြသတဲ့။ 

ခင်ရီ တယောက်တည်းက ဘောမှုထမ်းဖို့အတွက် ကြံ့ဖွတ် ပါတီဝင်အင်အား အနည်းဆုံး ၅၀၀၀၀ ပေးမယ်လို့ မင်းအောင်လှိုင်ဆီ အဖားလွန်ထားပြီး တခြားပါတီတွေကိုလည်း ပါတီဝင်အင်အားအလိုက် အချိုးကျစနစ်နဲ့ ဘောမှုထမ်း စာရင်းပေးသွင်းဖို့ ပြောသတဲ့။ ဘောမှုထမ်း PR စနစ်ပေါ့လေ။ ရွေးကောက်ပွဲ PRက မသေချာဘူးမဟုတ်လား။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar