Breaking News

စစ်ဘေးစစ်ဒဏ်နဲ့ ဒုက္ခရောက်တဲ့ ပြည်သူတွေ ဒုက္ခခံရကျိုးနပ်စေဖို့

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၈ မြင်ကွင်း

မိုးမခ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၄


စစ်ဘေးစစ်ဒဏ်နဲ့ ဒုက္ခရောက်တဲ့ ပြည်သူတွေ ဒုက္ခခံရကျိုးနပ်စေဖို့

နေ့စဥ် သတင်းတွေထဲမှာ တွေ့နေ၊ ကြားနေ၊ ဖတ်ရှုနေရတဲ့ အဖြစ်အပျက်တွေအများစုက တိုက်ပွဲတွေ၊ မြို့သိမ်း နယ်သိမ်းစစ်ဆင်ရေးတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ မိမိတို့နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ သတင်း၊ စစ်ဘေးရှောင်စခန်းတွေ၊ နေအိမ်တွေ မီးလောင်ဆုံးရှုံးရတာတွေ နဲ့ လူ့အသက်တွေ ထိခိုက်သေဆုံးမှု၊ စားနပ်ရိက္ခာ မလုံလောက်တဲ့ အခက်အခဲတွေ က အခက်အခဲ ဒုက္ခအမျိုးပေါင်းများစွာတွေအကြောင်း သတင်းတွေ ဖြစ်ပါတယ်။ 

နိုင်ငံပြင်ပမှာ နေထိုင်နေကြသူတွေမဆိုထားနဲ့ နိုင်ငံတွင်းမှာ နေထိုင်သူတွေသည်ပင်လျင် ကိုယ်တိုင်ကြုံတွေ့ကြရသူတွေလောက် ဒုက္ခတွေရဲ့ အငွေ့အသက်၊ ဆိုးရွားမှု၊ ရက်စက်မှု၊ ခါးသည်းမှုတွေကို ကိုယ်တွေ့ မသိ၊ မခံစားဖူးဘူးလို့ ဆိုရမှာပါ။ နိုင်ငံပြင်ပမှာ နေထိုင်သူတွေ အနေနဲ့တော့ သတင်းတွေမှာ မြင်တွေ့  ကြားသိရတာ အခက်အခဲ ဒုက္ခတွေကို ကိုယ်ချင်းစာနာသည့်တိုင် လက်တွေ့ရင်ဆိုင်ရသူတွေရဲ့ ခံစားချက်မျိုး အပြည့်အဝ နားလည်နိုင်ကြမှာ မဟုတ်တာ သေချာပါတယ်။ 

စစ်ပွဲတွေ ဖြစ်ပွားရာဒေသတွေက ကျေးလက်လူထုအဖို့  အသက်အန္တရာယ်က လွတ်မြောက်ဖို့က နံပါတ် ၁ အရေးကြီးသလို မိမိတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ ပိုင်ဆိုင်တဲ့ ရိက္ခာ၊ အသုံးအဆောင် နေအိမ်တွေ ထားရစ်ခဲ့ပြီး တောထဲ တောင်ထဲ သို့မဟုတ် စစ်ဘေးလွတ်ရာ မြို့ကို တိမ်းရှောင်တဲ့ အခြေအနေမျိုးမှာ လနဲ့ နှစ်နဲ့ချီ ရှင်သန်စားသောက်နိုင်ဖို့ မလွယ်ကူတာ အမှန်ပဲဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားတဲ့ မြို့လူထုတွေ အဖို့တော့ နေအိမ်၊ ပိုင်ဆိုင်မှု၊ စီးပွားရေး လုပ်ငန်းကိုင်ငန်းတွေ ပျက်စီးဆုံးရှုံးကြရတဲ့ အဖြစ်မျိုးတွေ ကြုံနေကြရပြီး သူတို့တွေအဖြစ်တွေလည်း ကျေးရွာလူထုတွေရဲ့ အဖြစ်မျိုးထက် မဆိုးသည့်တိုင် မနီးယိုးစွဲ အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။ 

စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေကို ကူညီထောက်ပံ့တဲ့ ယန္တရားတွေလည်း ပျက်စီးနေချိန်၊ နိုင်ငံထဲမှာ တနေရာနဲ့ တနေရာ စားနပ်ရိက္ခာ၊ လောင်စာ သယ်ယူမှုတွေကို ဖြတ်တောက်ထားချိန်တွေမှာ မြန်မာနိုင်ငံထဲက စစ်ဘေးတိမ်းရှောင်ရသူတွေရဲ့  အခြေအနေတွေက အခက်အခဲ ဒုက္ခတွေကို မိမိတို့ဘာသာ ဖြေရှင်းနေကြရတာပါ။ 

နိုင်ငံရေးသမားတွေရဲ့ စကားလုံးအရ လူသားချင်းစာနာမှု အကူအညီလို့ ဆိုတဲ့ အကြောင်းအရာက အခုအချိန်ကာလမှာ ဘယ် နိုင်ငံရေးသမား၊ လက်နက်ကိုင် ခေါင်းဆောင်တွေကမှ အရေးတကြီးမထားသလို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေကို ဦးစားမပေးနိုင်တဲ့ အခြေအနေမျိုး ရောက်နေတယ်လို့ ဆိုရင် မမှားပါဘူး။ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က ယူကရိန်းစစ်ပွဲ နောက်မှာ၊ အရှေ့အလယ်ပိုင်းအရေးရဲ့ နောက်ကို ရောက်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မြန်မာ့အရေးကို ကူညီဖို့ အဖြေရှာဖို့ ကိစ္စတွေနဲ့ ပတ်သက်ရင် အနောက်နိုင်ငံတွေ အနေနဲ့ အာဆီယံလို အဖွဲ့အစည်းရဲ့ ဦးဆောင်မှုကို ပံ့ပိုးတဲ့ အနေအထားမျိုးသာ ရှိနေတာဖြစ်ပါတယ်။ 

ဒီအနေအထားတွေကြောင့် မြန်မာနိုင်ငံတွင်းက လူထုအနေနဲ့ မိမိတို့ အခက်အခဲ၊ အကျပ်အတည်းတွေကို မိမိတို့ အချင်းချင်းက ကူညီဖေးမမှုနဲ့သာ ဖြတ်ကျော်ကြရမှာ ဖြစ်ပါတယ်။ မြို့တွေ၊ ရွာတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားတဲ့အခါ တိမ်းရှောင်ဖို့ သယ်ယူပို့ဆောင်တဲ့ ယာဥ်တွေ လိုအပ်သလို စစ်ပွဲ လွတ်ကင်းရာ နေရာတွေမှာ နေထိုင်ဖို့ အမိုးအကာ၊ ရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ စတဲ့ ပြဿနာတွေကိုလည်း မိမိတို့အင်အားနဲ့ မိမိတို့ဘာသာ ရင်ဆိုင်ဖြေရှင်းနေကြရတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု မဖြစ်ခင်ကာလတုန်းကလို ဒေသတခုမှာ သဘာဝဘေးအန္တရာယ်၊ စစ်ဘေးအန္တရာယ် ကျရောက်တဲ့အခါ အခြားသော ဒေသတွေက လူထုတွေက အကူအညီဝိုင်းဝန်းပေးအပ် နိုင်တဲ့ အခြေအနေလည်း အခုမရှိတာတွေ့ရမှာပါ။ 

ပြီးခဲ့တဲ့ စက်တင်ဘာ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့နဲ့ တောင်ပိုင်းတွေမှာ ရေဘေးအန္တရာယ် ကျရောက်ချိန်မှာ ပြည်သူက ပြည်သူသို့ အတိုင်းအတာတခုထိ ကူညီခဲ့ကြတာ တွေ့ရပေမယ့် အရင်အခြေအနေတွေနဲ့ နှိုင်းယှဥ်လို့မရလောက်အောင် အင်အားနဲ့ အခြေအနေ မပေးတော့တာတွေ့ရမှာပါ။ 

ဒီဒုက္ခတွေ ရင်ဆိုင်နေကြရတဲ့ မြန်မာနိုင်ငံက ကျေးလက်ရော မြို့တွေက လူထုတွေအဖို့ အခုလို အဖြစ်အပျက်မျိုး ဘဝမှာ နောက်တကြိမ် မကြုံတွေ့ချင်တော့တာ အသေအချာပဲ ဖြစ်ပါတယ်။ နေအိမ်၊ မိသားစုတွေ၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံး၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ၄င်းတို့တသက်တာအတွက် ဖူလုံရုံမျှမက ပိုတောင်ပိုနေတဲ့ သဘောပါ။ ဒီအဖြစ်မျိုး စစ်အာဏာရှင် စနစ်ဖယ်ရှားရေး လက်နက်ကိုင် တော်လှန်မှုတွေပြီးနောက် ဘဝမှာ နောက်ထပ် မကြုံချင်ကြတော့တာ အသေအချာပါ။ 

လက်နက်ကိုင်အဖွဲ့တွေကို ခေါင်းဆောင်ကြသူတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေကို ခေါင်းဆောင်ကြသူတွေအနေနဲ့ လူထုရဲ့ ဘဝတွေနဲ့ ရင်းနှီးခဲ့ရတဲ့ တော်လှန်ရေးကို တော်လှန်ရေးပီပီသသ နဲ့ ဖော်ဆောင်ကြဖို့ အရေးကြီးပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းအဆင့်ကနေ နောက်တဆင့် ဖြစ်တဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့၊ လူထုရဲ့ လုံခြုံမှု၊ တရားဥပဒေစိုးမိုးမှု၊ ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်တဲ့ ရပ်ရွာအဖြစ် တည်ထောင်နိုင်တဲ့ အထိ ရည်မှန်းချက် ထားရှိကြဖို့ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်တခု အဆင့်၊ လက်နက်ကိုင်တပ်နဲ့ လူထုကို တခြားသောတပ်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနေရတယ်ဆိုတဲ့ မိမိတို့ဘာသာ ယုံကြည်ကြတဲ့ ယုံကြည်မှု ယုတ္တိစကားနဲ့ ပိတ်မိနေတာမျိုး မဖြစ်သင့်ပါ။ 

အခုကာလမှာ ငြိမ်းချမ်းရေး ဆိုတဲ့ စကားက အချိန်အခါ မသင့်တဲ့ စကားလုံး၊ နားမထောင်လိုတဲ့ စကားလုံးဖြစ်ကောင်း ဖြစ်နေပေမယ့်လည်း လက်နက်ကိုင်တော်လှန်ရေး ကြာရှည်ကြာမျော ဖြစ်ပြီး ဆယ်စုနှစ်များစွာ လက်နက်ကိုင် ပဋိပက္ခဝဲဂယက်တွေထဲ မကျဆင်းဖို့ လက်နက်ကိုင်အဖွဲ့တွေရော နိုင်ငံရေးအဖွဲ့အစည်းတွေ အနေနဲ့ တာဝန်ရှိနေတယ်လို့ ဆိုချင်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar