ဟာရှိန်း - သဲနာရီ၊ ထင်းရှူးရိပ် ဘောင်ခတ်မထားသော တိမ်များ
သဲနာရီ၊ ထင်းရှူးရိပ် ဘောင်ခတ်မထားသော တိမ်များ
ဟာရှိန်း
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၅
လေက စိမ်းစိမ်းလေးပြေးနေတယ်။ နွေဦးရဲ့ ရွက်ကျန် ချဥ်စော်ခါးရွက်ကလေးတွေ ပင်ယံထက် မခို၏သို့ ခို၏သို့နှင့်။ လေထုထဲ တောင်ပေါ်ရနံ့တွေဝင်လာတဲ့အခါ ဥပမာ။ ထင်ရှူးရနံ့၊ စွတ်စိုစ မြေသင်းရနံ့ စသည်။ ကိုယ့်မှာ ငယ်ရွယ်နုပျိုမှုရဲ့ အတိတ်ဦးဆီ နောက်ကြောင်းပြန် အချိန်ခရီးသွားရတယ်။အဲဒီမှာ စိန်ပန်းပြာနဲ့ ငုဝါနဲ့။ ချယ်ရီပန်းနဲ့ ငုစပ်နဲ့။ အဖြူနဲ့အစိမ်းနဲ့။ စင်ကြယ်ညှပ်ဖိနပ်နဲ့။ဘေး လွယ်အိတ်ကို ကျောပိုးထားတဲ့ လမ်းနဲ့။ ကြောင်ပီကယ်၊ရေမွှေးစာအိတ်နဲ့။ ပြင်သစ်ဘောပဲင်နဲ့။
ဇော်ပိုင် မြို့အဝင်ညစီရီးနဲ့။ ငါ့သမီးစာကျက်နေတယ် စီးရီးနဲ့။ နောက်...အခုထိပြန်မဆုံနိုင်သေးတဲ့ ပြန်ဆုံမယ့်ညနေနဲ့။ အိန်ဂျယ်တယောထဲက နှောင်ကြိုးလေးတမျှင်ကိုဖွဲ့မိသူ ပျော်ဆုံးဝိဉာဥ်နဲ့။ စသည်ဖြင့်မှာ သူ့နှုတ်ခမ်းကွေးလေးပေါ် လရောင်တွေ နေ့ခင်းဘက်ကြီး လင်းဖြာလို့။
ညညဆို ထင်းရှူးတောအုပ်ကြီးဟာ တရှဲရှဲမြည်လို့။
အလွမ်းဆိပ်တက်နေတဲ့ ကြယ်တွေ အဲဒီညတွေ ကြွေကျလို့။ ဪ.... ရင်ခုန်ဖူးသစ် ညရဲ့မှောင် မိုက်သော အလင်းတွေ။ ဒီလိုနဲ့ လျှောက်ပြန်သံပေး သီချင်းတွေ။ ဒီလိုနဲ့ အင်္ဂလိပ်ပုံနှိပ်ထဲက Do you remember Ma Sein Kyi တွေ။
နောက်တော့ စာကြည့်တော့လည်း စာရွက်ထဲ မင်းမျက်နှာတွေ။ ဒီလိုနဲ့ တောင်ဇလပ်တွေ ပျိုရွယ်ခဲ့ ဖူးပွင့်ခဲ့ ကြွေကျခဲ့။ ဒီလိုနဲ့ လမ်းမှာတွေ့ရင် ခေါ်ပါပြောပါနှုတ်ဆက်ပါ။ ဒီလိုနဲ့ ဝိုင်ဝိုင်းရဲ့ မေ့မှာပါကို ငိုညည်းခဲ့။
နောက်လာတဲ့မိုးဥတုဟာ ထီးရောင်စုံကလေးတွေနဲ့ရောက်လာတယ်။ အီကိုခန်းထဲ ကျောင်း သားအသစ်ရောက်လာတယ်။ ကိုယ်တို့ရဲ့ Biology is study of living things ခန်းထဲမှာတော့ ဂစ်တာတလုံးက နောက်ဆုံးခုံတန်းထဲ တဗွေတည်း C major key တွေ လေ့ကျင့်လို့။အဲဒီနှစ်ဟာ ကျောင်းသင်ခန်းစာအရ အရသာရှိတဲ့နှစ်။ အခု နာမည်ကြီး မွန်းချို(ဗကရှိန်းလိန်း)ရဲ့ဖေဖေ ဆရာဦးလိန်းရှိန်းရဲ့ ရီလေတီဗီတီတွေကြားနာရ။ ဆရာဦးနိန်နိုင်းဆီက English အခြေခံနည်းတွေ နဲ့ဒေသစီးပွားတွေ ကြားနာရ။ ဆရာဦးမောင်းမာန်ဆီက မြန်မာစာနဲ့ English စာတွေ အကျိုးများများ ရခဲ့ကြရ။ အဲဒီနှစ်မှာပဲ ဦး A တမ်အောင်ရဲ့ အဘိဓာန်ကျမ်းပါလိုအပ်ရင် လိုအပ်သလို လေ့လာခွင့်ရခဲ့။ အဲဒီအဘိဓာန်ဆိုတာကလည်း သမိုင်းနဲ့ရာဇဝင်နဲ့။ တနေ့ ဆရာဦးAတမ်အောင် နေထိုင်တဲ့အိမ်မီးဘေးသင့်တော့ ဆရာက အဲဒီအဘိဓာန်ကိုပဲရအောင် ထုတ်ပြီး ထွက်ခဲ့တယ်ဆိုပ။
အဲဒီနှစ်ရဲ့ လှေကားထစ်တွေဟာ ကောင်းကင်အထိထောင်ထားတဲ့လှေကားထစ်တွေ။ အဲဒီနှစ်ရဲ့ လှေကားထစ်ကျောင်းတော်ဟာ ဘဝရဲ့ အကောင်းဆုံးသော ရသာရုံ၊ဘဝတဏှာ ကို ပျိုး ထောင်ရာ။ ယုန်ဖြူရေ သူငယ်ချင်းရေ။ မင်းမှတ်မိရဲ့လား အညတရ ပန်းခင်း။ ကိုယ့်ရဲ့ ပထမဆုံး စုတုပြုထဲကခွာပြီးရေးခဲ့တဲ့ကဗျာ။ သိုင်းလောကလိုလို ဘာလိုလိုနဲ့ရယ်လေ။
ဒီလိုနဲ့အချိန်တွေဟာ တိမ်လို လေလို။ဒီလိုနဲ့ ကာလတွေဟာ ရေလို မြစ်လို။ ဒီလိုနဲ့ တနေ့ကျ သီချင်းတစ်ပုဒ်စနားထောင်ရ။ဒီလိုနဲ့ အဲဒီသီချင်းကနေ နောက်ထပ် သီချင်းတွေဆီ။
ဒီလိုနဲ့ စာမျက်နှာတွေ လှန်လှော ကျော်သွားလိုက်။ပိတ်ချလိုက်။ တွေးတော ငေးမောလိုက်။ဒီလိုနဲ့ ပညာ့ကြေးမုံ၊ပညာတန်ဆောင်။စသည်ဖြင့် ပညာရေးနယ်ပယ်ထဲက စာနယ်ဇင်းတွေမှာ။
စနစ်တွေဟာ ပြိုကျလိုက် ပျက်ဆီးလိုက်။
ကိုယ်တို့ရဲ့ ချစ်ရပါသော တောင်တန်းတွေသာ ထာဝစဥ် ဆင်းရဲ လဲလျောင်းခဲ့။ဒီလိုနဲ့ သပိတ်သပိတ် မှောက် မှောက်။ ဒီလိုနဲ့ သပိတ်တရားတွေ။ ဒီလိုနဲ့ဂန္ဓီ့လမ်းစဥ်တွေ။ နောက်တော့ ချေဂွေဗားရားလမ်းတွေ။
အဲဒီမှာ ချိုးတို့ရဲ့ကဗျာ။ မုန်းချောင်းကဗျာ။ နှစ်ပုဒ်စလုံး ချင်းတို့ရဲ့ကဗျာမှ ဂီတသံစဥ်ဆီသို့။အဲဒီနှစ်ပုဒ်ကို ဆရာဂေဆီကနေဆိုခွင့်ရတာ ကိုယ်တို့ရဲ့ လှေကားထစ်ကျောင်းတော်က မနားနိုင်းထန်း။အီကိုခန်းထဲ အသစ်ရောက်ခဲ့သူ ကျောင်းသားသစ်ကလေးပေါ့။
အပေါ်မှာဆိုခဲ့တဲ့ ပညာရေးနယ်ပယ်စာနယ်ဇင်းတွေမှ အရေးတော်ပုံကာလတွေအထိ သပိတ်တရားဟောကြားသူ ဆလိုင်းအောက်ချင်းငှက်။ အဲဒါလှေကားထစ်ကျောင်းတော်က ကိုယ်တို့ရဲ့အတန်းဖော် ထန်းလိန်းအွမ်။
ကိုယ်ပထမဆုံးစနားထောင်ခဲ့ဖူးတဲ့ K'cho သီချင်းတပုဒ်မှသည် ချိုသာ ကြည်လင်သောတေးများ ဆက်လက်ထုတ်လွှင့်နေပါသည်။ သူကလည်း ကိုယ်တို့ လှေကားထစ် ကျောင်းတော် ရာစုသစ် အသုတ်ထဲက မိုင်ဂျူလီ။ကိုယ်တို့ရဲ့ရွှေတောင်ကြား။ဂန္ဓီ့လမ်းစဥ်ပေါ်က သူရဲကောင်းတဦး။
မြေနီနီလမ်းကလေးပေါ် လွေပွေရိုင်းတို့ ကခုန်လျက်။ ၁၉:၁၈ မိနစ်ထဲ ဒီအချိန်ကျောင်းတော်ကြီးရဲ့အလယ်မှာ စိန်ပန်းတွေလည်း ပွင့်ဝေလျက်။ အားလုံးကိုထားခဲ့ရပါတယ်။ သားလေးကြီးရင်ဘာလုပ်မယ်။သမီးလေးကြီးရင် ဘာလုပ်မယ်။ ကိုယ်တို့ဘာမှမဖြစ်ချင်ကြတော့ပုံပဲ။ ရိုးရှင်းစွာ ရိုးသားစွာ အသက်မွေးမှုကိုပဲ ဆက်ဆက် မွေးမြူကြတော့မယ်ပုံပါပဲ။
လေက ပြင်းပြင်းထန်ထန် တိုက်ခတ်နေတယ်။
လေထုထဲ အစိုင်အခဲတွေ ဝဲလို့ လွင့်လို့ ။ ကိုယ်တို့အိပ်မက်တွေ ပါသွားသေးလား။ ဟင့်အင်း...ကိုယ်တို့ အနုပညာအပေါ်မြဲမြဲမြံမြံရူးသွပ်စွာရပ်နေမိကြတုန်းပဲ။ ကိုယ်တို့ရဲ့ တချို့သော အတန်းဖော်တွေ ငွေနဲ့ကြေးနဲ့ တိုက်နဲ့ကားနဲ့ဆိုပါလား။ ကိုယ်အားမကျရပါဘူး။ကိုယ်တို့ဟာ အမှန်တရားနဲ့။ ကိုယ်တို့မှာ အနုပညာနဲ့။ သက္ကရာဇ်မျဥ်းပြိုင်ထဲ ကိုယ်တို့ရဲ့ ဖြူစိမ်းတန်းလေးဟာ ဂီတ နှစ်၊ ကဗျာ နှစ်။ စစ်သည်လေးသိန်းအားနှင့်။ ကိုယ်တို့ဟာ လှေကားထစ်ကျောင်းတော်ရဲ့ သူရဲကောင်း လှေကားထစ်တွေအဖြစ်နဲ့။
HLO/MNNH/JLAL သို့
ဟာရှိန်း
၁၉ ဂျန်နဝါရီ ၂၀၂၅
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar