၂၀၂၅ ခုနှစ်မှာ မြန်မာနဲ့ ကမ္ဘာမှာ ဘာတွေ ကြုံတွေ့ရမလဲ
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၂ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၂၃၊ ၂၀၂၅
၂၀၂၅ ခုနှစ်မှာ မြန်မာနဲ့ ကမ္ဘာမှာ ဘာတွေ ကြုံတွေ့ရမလဲ
၂၀၂၅ ခုနှစ်ထဲ ဝင်ရောက်လာတာ သီတင်း ၃ ပတ်မျှ အချိန်ကာလသာ ရှိပေမယ့် အဖြစ်အပျက်တွေက လျင်မြန်စွာပြောင်းလဲ နေပြီး တခုပြီးတခု ဆွေးနွေးငြင်းခုံစရာ ၊ အငြင်းပွားစရာတွေသာမက စိုးရိမ်ထိတ်လန့်စရာ၊ စိတ်ပျက်အားလျော့စရာတွေလည်း ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာလည်း စစ်ပွဲတွေ၊ ပိတ်ဆို့မှု ကန့်သတ်မှုတွေ၊ တားမြစ်တဲ့ ဥပဒေတွေနဲ့ အသစ်တက်လာတဲ့ ကမ္ဘာ့ပုလိပ်နိုင်ငံကြီးက သောက်တလွဲလုပ်မယ့် သမ္မတရဲ့ နေ့မဆိုင်း ညမဆိုင်း ထုတ်ပြန်တဲ့ အမိန့်တွေ၊ ဥပဒေတွေက ကမ္ဘာ့နိုင်ငံတွေ၊ လူတွေအပေါ် သက်ရောက်မှုတွေနဲ့ ဆူညံပွက်လောရိုက်နေကြသလို မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံအတိုင်းအတာနဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရှုပ်ထွေးနေတာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ဆိုတာက ၂၀၂၄ ခုနှစ်ရဲ့ အရှုပ်ထုပ်တွေ အဲဒီမတိုင်ခင် နှစ်တွေကတည်းက စတင်ခဲ့တဲ့ အရှုပ်အထွေးတွေကို ဆက်ခံရတာဖြစ်လို့ သီတင်း ၃ ပတ်သာရှိသေးတဲ့ ၂၀၂၅ နှစ်ကိုတော့ ရွေးပြီး အပြစ်မတင်သင့်ဘူးလို့ ယူဆမိပါတယ်။ အရင်နှစ်တွေကတည်းက မဖြေရှင်းနိုင်တဲ့ အရှုပ်ထုပ်တွေကို နောင်နှစ်ဆီ ရွှေ့ခဲ့ကြတာကြောင့်လည်း ၂၀၂၅ ခုနှစ် နှစ်သစ်မှာကတည်းက ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ စတင်ကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အရင်နှစ်က ဘာတွေ သယ်လာပြီး အခုနှစ်ဆန်းမှာ ဘာတွေနဲ့ ကြုံနေကြရသလဲဆိုတာ အရင်ကြည့်ကြရအောင်ပါ။ လွန်ခဲ့တဲ့ ၅ နှစ်ကျော် ဆယ်နှစ်ဝန်းကျင်ကတည်းက အခြေတည်ခဲ့ကြတဲ့ နိုင်ငံကျော်ဖြတ်ပြီး လောင်းကစားလုပ်ငန်း ဖြစ်တဲ့ ကာဆီနိုလို လောင်းကစားလုပ်ငန်းတွေကနေ မကြာသေးတဲ့ နှစ်ပိုင်းတွေမှာတော့ အွန်လိုင်းပေါ်က ငွေလိမ်လည်တဲ့ဒုစရိုက်လုပ်ငန်းတွေအဖြစ် အသွင်ပြောင်းခဲ့ကြပါတယ်။ အဲဒီလုပ်ငန်းတွေ အခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကို နဲ့ KK Park လို နေရာတွေက အဓမ္မစေခိုင်းမှု၊ နှိပ်စက်ကျွန်ပြုမှုတွေက ယခင် နှစ်ကုန်ဒီဇင်ဘာလမှာ သတင်းတွေထဲ ဆက်တိုက်ဆိုသလို ပါရှိလာရာက မြဝတီမြို့နယ်က အွန်လိုင်းငွေလိမ်လည်မှု ဒုစရိုက်ဂိုဏ်းတွေရဲ့ အဓမ္မစေခိုင်းမှု၊ ကျွန်ပြုမှု သတင်းတွေက ကမ္ဘာနဲ့ ချီပြီး ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံသား သရုပ်ဆောင်တဦး၊ ထိုင်ဝမ်နိုင်ငံက ကချေသည်၊ အခြားသော တရုတ်နိုင်ငံသား မိုဒယ်တဦး စသဖြင့် လူစိတ်ဝင်စားစရာကောင်းတဲ့ ရာဇဝတ်မှု သတင်းတွေရဲ့ အခြေတည်ရာ နေရာက မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုနဲ့ KK Park တည်ရှိရာ ဝေါ်လေဒေသတို့ ဖြစ်လာပါတယ်။ လေကြောင်းကတဆင့် ထိုင်းနိုင်ငံကိုအလည်လာသူ၊ အလုပ်အကိုင်ရှိတယ် ဆိုပြီး ဖျားယောင်း ခေါ်ဆောင်ခံရတဲ့ လူသိများတဲ့ တရုတ်၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ သီရလင်္ကာ၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေက သားကောင်ဖြစ်သွားရသူတွေ မဲဆောက်မြို့ကတဆင့် နယ်စပ်ကို တရားမဝင်လမ်းကနေ ဖြတ်ကူးပြီး မြဝတီမြို့နယ်ထဲက ငွေလိမ်ဂိုဏ်းတွေထံ ရောက်ရှိသွားပြီး အဓမ္မစေခိုင်းခံရသူတွေ အကြောင်းက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေမှာ စိတ်ဝင်စားစရာ သတင်းတွေဖြစ်လာနေပြီး ဒီဒုစရိုက်လုပ်ငန်းတွေကို ဘယ်လို အစိုးရတွေက ခွင့်ပြုထားတာလဲ၊ ဘာကြောင့် မတားဆီးနိုင်ကြတာလဲဆိုတဲ့ မေးခွန်းတွေ လူအများထံက ပေါ်ထွက်လာနေကြတာကြောင့် သက်ဆိုင်တဲ့ အစိုးရ အသီးသီးက တုံ့ပြန်ဆောင်ရွက်ဖို့ လုပ်ရတော့မယ့် အခြေအနေ ဖြစ်လာနေတဲ့ အနေအထား ဖြစ်ပါတယ်။
၂၀၂၅ ခု နှစ်ဆန်းတာနဲ့ မြဝတီနယ်က ကျားဖြဲန့်လုပ်ငန်းနဲ့ အဓမ္မကျွန်ပြုမှုကို နှိမ်နှင်းကြဖို့ နှိုးဆော်မှုတွေ အရှိန်မြင့်လာပြီ ဖြစ်ပါတယ်။ BGF/KNA မှာ တာဝန်ရှိတာလား၊ ၄င်းကို BGF အဖြစ် အသွင်ပြောင်းမွေးထုတ်ခဲ့တဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီမှာ တာဝန်ရှိတာလား၊ နယ်စပ်ကနေ အင်တာနက်၊ လျှပ်စစ်မီး ဆက်သွယ်ဝန်ဆောင်ပေးထားပြီး ဖြားယောင်းသွေးဆောင်ပြီး ကျွန်ပြုခံရသူတွေ ဖြတ်သန်းသွားတဲ့ ထိုင်းနိုင်ငံမှာ တာဝန်ရှိတာလား၊ ဒီလို ဒုစရိုက်လုပ်ငန်းတွေကို ဦးဆောင်နေကြတာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ဖြားယောင်းသိမ်းသွင်းခံရတဲ့ တရုတ်နိုင်ကပဲ တာဝန်ရှိတာလား ဆိုတာ ဘုံသဘောတူညီချက်မရသေးတဲ့ မေးခွန်းဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း စစ်ကောင်စီကလည်း BGF /KNA လက်နက်ကိုင် အဖွဲ့ကို ၄င်းတို့ ထိန်းချုပ် ညွှန်ကြားနိုင်ခြင်း မရှိတဲ့သဘောမျိုး ပြောဆိုထားသလို၊ တရုတ်နိုင်ငံကလည်း ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်နဲ့ ဝနယ်တို့မှာ လုပ်ဆောင်တဲ့ ကျားဖြဲန့်နှိမ်နှင်းရေး ဒုတိယပိုင်းအဖြစ် ကရင်ပြည်နယ် မြဝတီနယ်မှာ လုပ်ဆောင်မယ့် သဘောပြောဆိုထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဆိုင်ဘာရာဇဝတ်မှုလို့ ရည်ညွှန်းခေါ်ဆိုပြီး အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းနှိမ်နှင်းဖို့ အသင့်ရှိကြောင်း နှိုးဆော် ဖိတ်ခေါ်ချက်ကို ခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အာဏာသိမ်းစစ်ကောင်စီကတော့ မြဝတီနယ်ကို လက်ရှိအချိန်မှာ ၄င်းတို့ ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ခြင်း မရှိတာကို အကြောင်းပြုပြီး ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓါတ်အား၊ အင်တာနက် ရရှိနေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းအစိုးရကတော့ ကာကွယ်ရေးအရာရှိကြီးတဦး နေပြည်တော်သွားရောက်ပြီး စစ်ကောင်စီ ဒုခေါင်းဆောင် နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်းဖော်ပြထားကြပါတယ်။
ဒီအခင်းအကျင်းတွေ ပေါ်ထွက်လာနေတဲ့ ပြောဆိုချက်တွေ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရတွေကို နောက်ကွယ်က တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှု ဖိအားပေးမှုတွေက မြဝတီနယ်ထဲက ကျားဖြဲန့်လုပ်ငန်းတွေ အနာဂတ်ကို ဆုံးဖြတ်ကြမယ့် သဘောဖြစ်ပါတယ်။ ရှမ်းမြောက်လို စစ်ရေးနဲ့ စစ်ဆင်ရေး ဖြစ်ပွားမယ်လို့ တထစ်ချ မဆိုနိုင်ပေမယ့်လည်း ဒုစရိုက်လုပ်ငန်းကို အကာအကွယ်ပေးထားသူတွေက လက်နက်ကိုင် အဖွဲ့တွေ ဖြစ်နေတာကြောင့် လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းမှုတွေက အတိုင်းအတာတခုထိ ရှိကောင်း ရှိလာနိုင်တာလည်း ဖြစ်ပါတယ်။ ဘယ်အဖွဲ့က အခု အကြပ်အတည်းမှာ အမြတ်ထွက်မလဲဆိုတာတော့ လတ်တလောမှာ ပြောဖို့ စောသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အထက်က အရေးကိစ္စတွေ မြန်မာနိုင်ငံမှာ ကြုံနေရချိန် ကမ္ဘာမှာလည်း ပါလစ္စတိုင်းက ဟားမားစ်နဲ့ အစ္စရေးလ် တို့အကြား၊ လက်ဘနွန်ကဟစ်ဇ်ဘိုလာ အဖွဲ့နဲ့ အစ္စရေးလ်တို့အကြား စစ်ပွဲတွေက လောလောဆယ် ရပ်ဆိုင်းသွားခဲ့ပေမယ့် ၃ နှစ်နီးပါး ကြာမြင့်လာတဲ့ ယူကရိန်း-ရုရှားစစ်ပွဲက ရပ်တန့်နိုင်ခြင်း မရှိသေးပါဘူး။
အသစ်တက်လာတဲ့ အမေရိကန် သမ္မတ ထရန့်ရဲ့ တာဝန်ယူမှု ရက်မကူးခင်မှာပဲ ကမ္ဘာ့နေရာအသီးသီးက ရွှေ့ပြောင်းဝင်ရောက် အခြေချလာသူတွေကို လက်ခံတဲ့ အစီအစဥ် ရပ်ဆိုင်းလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းက စစ်ပွဲတွေ၊ လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ ဘာသာရေး လူမျိုးရေး ခွဲခြားဖိနှိပ်မှုကြောင့် တိမ်းရှောင်ရွှေ့ပြောင်းပြီး အမေရိကန်နိုင်ငံမှာ အခြေချဖို့ စောင့်ဆိုင်းနေသူတွေလည်း ထရန့်ရဲ့ ပိတ်ပင်မှု အကျိုးဆက်ကို ခံစားကြရမှာ ဖြစ်ပါတယ်။ ထိုင်းနယ်စပ်ဒေသက ဒုက္ခသည်စခန်းမှာ နှစ်များစွာ နေထိုင်စောင့်ဆိုင်းနေကြရတဲ့သူတွေ အပါအဝင်၊ မလေးရှားနိုင်ငံရောက် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားပြီး အမေရိကန်နိုင်ငံကို အခြေချဖို့ သွားရောက်ကြမယ့် မြန်မာနိုင်ငံမှာ မွေးဖွားသူတွေလည်း ပါဝင်ကြတာ ဖြစ်ပါတယ်။
ဒါတွေက လူသားချင်းစာနာမှု ဆိုင်ရာ အပိုင်းဖြစ်ပြီး မြန်မာ့နွေဦးတော်လှန်ရေးအပေါ်မှာလည်း ထရန့်ရဲ့ မူဝါဒတွေက သက်ရောက်မှုတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။ လောလောဆယ် မြင်ရ သိရ ခန့်မှန်းရသလောက်တော့ မြန်မာ့အရေးကို စိတ်ဝင်စားမှုမရှိတဲ့ ထရန့်အနေနဲ့ မြန်မာ့အရေးကို အထောက်အပံ့ဖြစ်ဖို့ထက် အတားအဆီးဖြစ်ဖို့အလားအလာက ပိုများနေတာတွေ့ရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar