Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျားကြီး ခြေရာကြီး

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျားကြီး ခြေရာကြီး

(မိုးမခ) ဇန်နဝါရီ ၂၁ ၊ ၂၀၂၅


တခြားအဖွဲ့အစည်းတွေ စာထုတ်ရင် ပြောရင် ကျားဖြန့်တိုက်ဖျက်ရေး ပါပေမယ့် KNU က ပြောရင်တော့ ကျားဖြန့်ကိစ္စကို တမင်ရှောင်ထားပါတယ်။ သူ့ဆီမှာ တကမ္ဘာလုံးက ရက်ရက်စက်စက်ကျွန်ပြုနှိပ်စက်ခံရသူတွေ လတ်တလောမှာတင် ခြောက်ထောင်ကျော်ရှိနေပေမယ့် ဘယ်တော့မှ ထည့်ဟလေ့ မရှိပါဘူး။ ကရင်နှစ်သစ်ကူးမိန့်ခွန်းရှည်တွေ စာအရှည်ကြီးတွေမှာလဲ တစိုးတစိမှ မတွေ့ရပါဘူး။ တကယ်တော့ ကျားဖြန့်နဲ့ လောင်းကစားရုံတွေဟာ ကရင်သင်တိုင်းအဓိပ္ပာယ်နဲ့ ဘယ်လိုမှ ဆက်စပ်လို့မရတဲ့ လူမျိုးဂုဏ်သိက္ခာ ကိစ္စပါ။

ခုတော့ မပြောချင်လဲ ပြောရတော့မယ့် အခြေဆိုက်အောင်ကို ပွထနေပါပြီ။ ပိုလိမ်ကောင်းအောင် လုပ်ငန်းထိရောက် မြန်ဆန်ဖို့အတွက် ဆယ်လီတွေကို ပစ်မှတ်ထားရာကနေ အုတ်အော်သောင်းနင်း ကရင်ကျားဖြန့်သတင်းကြီး ဖြစ်လာပြီ ဆိုပါစို့။

BGF နဲ့ DKBA ရဲ့ စောင်မမှုနဲ့ နိုင်ငံ၂၁ ခုက လူပေါင်း ၆၀၀၀ ကျော်ထဲမှာ တရုတ်နိုင်ငံသား ၃၉၀၀ ပါပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံရတယ်။ သူတို့ကို ငွေနဲ့ရွေးထုတ်ဖို့အတွက် မိသားစုတွေကိုလဲ အတင်းအကျပ် ဖိအားပေးခြိမ်းခြောက်ခံနေရတယ်။ သူတို့ကိုသတ်ဖြတ်ဖို့နဲ့ ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကို ဖြတ်ထုတ်ရောင်းစားဖို့ စတဲ့ ခြိမ်းခြောက်မှုများနဲ့ အကြိမ်ကြိမ် နှိပ်စက်ခံနေရတယ်တဲ့။

ဘာမြူဒါတြိဂံဒေသဟာ သူ့အပေါ်နဲ့ သူ့နား ရောက်လာတဲ့အရာမှန်သမျှ မျိုချသွားသလို ကရင်ဒေသဟာလဲ အနားရောက်လာတဲ့ နိုင်ငံတကာသားများကို မျိုချနေပါတယ်။

လူကုန်ကူးခံရတဲ့ သရုပ်ဆောင် Xingxing ကို ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ပြီးနောက် ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာ ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်သွားတဲ့ တရုတ်မော်ဒယ်လ် Yang Zeqi အမှုကို ထိုင်းရဲတပ်ဖွဲ့က အရှိန်အဟုန်မြှင့် စုံစမ်းစစ်ဆေးနေပါသတဲ့။

ထိုင်ဝမ်က အသက် ၂၇ နှစ်အရွယ် အကသမား Hsieh Yueh-pengဟာ facebook မှာ တွေ့ရတဲ့ မီးတောက်အက တင်ဆက်မှုအတွက် အခကြေးငွေ များစွာပေးမယ် ဆိုတဲ့ အလုပ်အကိုင် ကမ်းလှမ်းချက်ကို ယုံကြည်မိပြီး ထိုင်း-မြန်မာနယ်စပ်ကို အပို့ခံရ။ အဲဒီကနေ ကျားဖြန့်မှာ ၁၀ ရက်ကျော်ကြာ ကျွန်ပြုညှဉ်းပန်းခံခဲ့ရပြီး မိသားစုက ဒေါ်လာ ၃၀,၀၀၀ ပေးပြီး ရွေးထုတ်နိုင်မှ ပြန်လည်လွတ်မြောက်လာသတဲ့။

အွန်လိုင်းရာဇဝတ်ဂိုဏ်းများလက် ကျရောက်ခဲ့တဲ့ ထိုင်ဝမ်နိုင်ငံသားက ၁၅၀၀ ထက် မနည်းရှိသတဲ့။ အဲဒီလူတွေ လွတ်မြောက်ပြီးနောက်ကို ဆက်လက်ကျွန်ပြုခံနေရသူက ၅၀၀ ခန့် ရှိနိုင်သေးသတဲ့။

ဇန်နဝါရီ ၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ပြီးနောက် အဆက်အသွယ်ပြတ်သွားခဲ့တဲ့ ၂၁ နှစ်အရွယ် တရုတ်အမျိုးသမီးကို ထိုင်းနိုင်ငံ ကလေး၊ အမျိုးသမီး၊ မိသားစုနဲ့ လူမှောင်ခိုကာကွယ်ရေးစင်တာ ဦးဆောင်တဲ့အဖွဲ့က ကယ်ထုတ်ပြီး တရုတ်နိုင်ငံဆီ ပြန်ပို့ပေးခဲ့ရသတဲ့။

သူ့ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကယ်တင်လိုက်နိုင်တဲ့ တရုတ်နာမည်ကြီး သရုပ်ဆောင် ဝမ်ဇင်းကို လိမ်လည် ခေါ်ဆောင်သွားတဲ့ အဖွဲ့ကပဲ လိမ်လည်ခေါ်ယူခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကို ရောက်ချိန် ဇန်နဝါရီ ၆ ရက်က WeChat မှာ မိခင်ဖြစ်သူနဲ့ အဆက်အသွယ်ရသေးကြောင်း၊ ဟိုတယ်တစ်ခုမှာ Check In ဝင်ပြီး အဲဒီမနက် ၉ နာရီမှာပဲ ကားတစ်စီးက လာခေါ်သွားပြီးနောက် အဆက်အသွယ်မရတော့တာတဲ့။

၀ူကျားကျီဟာ မကြာသေးခင်ကမှ ဘွဲ့ရခဲ့သူဖြစ်ပြီး ပြည်ပနိုင်ငံတွေကို ပထမဆုံး ခရီးသွားခဲ့တာဖြစ်ကာ သူမနဲ့ အတူ အွန်လိုင်းမှာ တစ်လအကြာက သိခဲ့ပြီး အတူတူ လူမှောင်ခိုကူးခံရတဲ့ သူငယ်ချင်းကိုလဲ တပါတည်း ကယ်ထုတ်နိုင်ခဲ့သတဲ့။

နိုဝင်ဘာတုန်းက မြဝတီ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီ ရောက်ရှိ လူကုန်ကူးခံရနိုင်တဲ့ တရုတ်ခရီးသွား  ၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ သူတို့ဘာသာ ခရီးသွားနေတဲ့သူတွေကို ကားသမားနဲ့ပေါင်းပြီး စိတဲ့ဟာပါ။ 

နိုဝင်ဘာ ၂၅ ရက် မနက်ကပဲ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ  မြန်မာဘက်ခြမ်း ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့  နိုင်ငံခြားသား ၃၉ ယောက်ကို ထိုင်းအစိုးရက ကူညီပေးခဲ့ရပါသေးတယ်တဲ့။

ကျားဖြန့်ဂိုဏ်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းတိုက်ဖျက်ဖို့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ဇန်နဝါရီ ၁၆ ရက်က လုပ်တဲ့ အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးမှာ ပြောခဲ့တယ်။ မပြောလို့လဲမရ၊ သူ့ကိုပါ လိမ်ဖို့ ကြိုးစားလာတာ ခံရပြီဆိုတော့ တွယ်တော့မယ်ပေါ့လေ။ ပြီးတော့ သူ့နိုင်ငံရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ ခရီးသွားလုပ်ငန်းတွေကိုပါ ထိခိုက်လာပြီမဟုတ်လား။ ဒီကျားဖြန့်တွေက တကယ်တော့ တရုတ်နဲ့ အာဆီယံပိုင် ကျားဖြန့်လို့ ပြောရင် ရပါတယ်။ တရုတ်နဲ့ အာဆီယံနိုင်ငံတွေ ပူးပေါင်းလုပ်ဆောင်တဲ့ အိုင်တီလုပ်ငန်းကြီးပါဘဲ။

လတ်တလောမှာ မြန်မာနိုင်ငံမှာတင် ငွေလိမ်လုပ်ငန်း ၁၀၀၀ ကျော်ရှိနေပြီး နေ့စဉ် အွန်လိုင်းနဲ့ တခြားဆက်သွယ်ရေးလမ်းကြောင်းတွေကနေတဆင့် လိမ်လည်မှုစုစုပေါင်း ၁၀၀၀၀၀ ဝန်းကျင်ခန့်စီ ရှိတယ်လို့ CCTV က ဖော်ပြပါတယ်။

အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းပစ်ဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဇန်န၀ါရီ ၁၆ ရက်နေ့တွင် ပြောလာပါတယ်။

တရုတ်နိုင်ငံသား ၃၀၀၀ ကျော်ကို မြန်မာနိုင်ငံမှ လူကုန်ကူးတဲ့ တရုတ်အဖွဲ့က ထိန်းသိမ်းချုပ်နှောင်ပြီး ညှဉ်းပန်းနှိပ်စက်မှုသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်တာပါ။

ဘာလို့တောင်းဆိုတာတုံး ဆိုတော့ သူ့နိုင်ငံသားတွေကို ထိခိုက်လို့ပါတဲ့။ သူ့နှုတ်သီး ရိုက်ခံရတော့မှ ကိန်ကိန်အော်တဲ့ ဝမ်ယိပေါ့။ မြန်မာတပြည်လုံး ထိခိုက်ပျက်စီးသေကျေစေတဲ့ စစ်အုပ်စုကို တိုက်ဖျက်နေတဲ့ မြန်မာပြည်သူတွေ မျက်နှာမှ မထောက်တဲ့ အူသံပါ။ မြန်မာတပြည်လုံး ဗုံးကြဲ သတ်ဖြတ်ဖို့ စစ်ရာဇဝတ်ဂိုဏ်းသားတွေကို ဘက်စုံပံ့ပိုးပေးနေတဲ့ ဝမ်ယိရဲ့ ဟောင်သံလေ။

မြဝတီ ကျားဖြန့်ဂိုဏ်းတွေကို ရှင်းလင်းဖို့ ကိုးကန့်ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နှင်းတဲ့တပ်တွေကို တပ်ဖြန့်ထားတယ်တဲ့။ စောချစ်သူကလဲ တပ်သားသစ် စုဆောင်းနေပါပြီ။ ကျားဖြန့်ကနေ ဒေါ်လာသန်းပေါင်း အများကြီး ရထားတာ ဆိုတော့ လက်နက်တွေလဲ တော်တော်စုထားလောက်ပါပြီ။

မင်းအောင်လှိုင်က စောချစ်သူကို ထိုးအပ်နိုင်မလား၊ စောချစ်သူက မအလကို ဖျင်ချမလား ကြည့်ရမယ့်ပွဲပေါ့လေ။

 တရုတ် ဖအော်ခေတဲ့ မအလ ခြေလှမ်း သိလို့ စောချစ်သူက တပ်သားသစ် ၁၅၀၀ ကို ၃ လကြာ အပတ်စဉ် ၁၄ စစ်သင်တန်းပေးထားတယ်။ လာမယ့် ၃ လပိုင်းမှာ အပတ်စဉ် ၁၅ စစ်သင်တန်းကို ထပ်မံခေါ်ယူဖွင့်လှစ်မယ်လို့လဲ သင်တန်းဆင်းပွဲမှာ ပြောခဲ့တယ်။ ကိုယ့်နေရပ်ဒေသကို ကာကွယ်ဖို့အတွက် လက်ရှိတပ်အင်အားနဲ့ မလုံလောက်သေးဘဲ တပ်အင်အားအများကြီး လိုအပ်တယ်တဲ့။

BGF/KNA တပ်ထဲဝင်ပြီး ကျားဘောထမ်းဖို့ လူငယ်များကိုလဲ ခြိမ်းခြောက်ပြောဆိုသတဲ့။ ကျားဖြန့်ဂိုဏ်းစောင့်တပ်ထဲ မဝင်ချင်တဲ့ တချို့လူငယ်များလဲ ထွက်ပြေး တိမ်းရှောင်ကြသတဲ့။

KNU လဲ ငုတ်တုတ်ထိုင်ကြည့်နေရပုံဘဲ။ ဘာကြောင့်ရယ် မသိ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar