အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၄ )
လက်ဝါးကြီးအုပ် စစ်ဘုရင်စနစ်ဆိုတာကြီးကို မျက်ဝါးထင်ထင် မြင်နေရတယ်။ ကံထူးပါပေရဲ့ ၊ ငါတို့ဘဝတွေ။
ဧရာဝတီတိုင်းမှာ ဂွမြို့ကို သိမ်းပြီးနောက် ပုသိမ်မြို့ကို တော်လှန်ရေးတပ်တွေ ခြိမ်းခြောက်နေပြီ။ ကရင်ပြည်နယ်ဖက်မှာ ဘီးလင်းမြို့ ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်။ မြဝတီကို အပိုင်စီးထားတဲ့ စောချစ်သူ ပျာယာခတ်နေတယ်။ သူက စစ်တပ်နဲ့ပေါင်းပြီး ရွှေက္ကုကိုမြို့သစ်မြို့မှာ ကျားဖြန့်လောင်းကစားဒိုင် ဖွင့်စား ကြီးပွားနေသူ။ ခု တရုတ်က အရေးယူတော့မယ်ဆိုတော့ ကျနော်လဲပူးပေါင်းပါမယ်လို့ ကြေညာချက်ထုတ်နေသူ။ မင်းအောင်လှိုင်နဲ့ပေါင်းပြီး နွေဦးတော်လှန်ရေးကို နောက်ကျောက ဓားနဲ့ထိုးသူ။
ဗန်းမော်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး သံချပ်ကာ ကား သုံးစီးကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မနေ့က သိမ်းပိုက်လိုက်ကြတယ်။
ရခိုင်မှာလဲ အစိုးရတပ်တွေ အစုလိုက်အပြုံလိုက် လက်နက်ချနေကြတယ်။ စစ်အစိုးရ ထိန်းထားတဲ့ နယ်မြေတွေမှာ အဓမ္မ စစ်မှုထမ်း ဆင့်ခေါ်မှုတွေကြောင့် အိမ်တိုင်းလိုလို ထိတ်လန့်နေကြတယ်။ အချို့ရပ်ကွက်တွေမှာ စစ်မှုထမ်းကြေး ကောက်နေကြတယ်။ တအိမ် သုံးသောင်းမှ တစ်သိန်းကျော်ပေးနေရတယ်။ စစ်မှုထမ်းမဲကျတဲ့ရင် တစ်ယောက်သိန်းရှစ်ဆယ်မှ သိန်းတစ်ရာကို အုပ်ကြီးတွေဆီမှာ လာဘ်ထိုးရတယ်။
အရေးပေါ်စုဆောင်းခံရတဲ့ တပ်သားသစ်တွေဟာ ရှေ့တန်းရောက်တာနဲ့ သေကြ။ ထွက်ပြေးကြ။ လက်နက်ချကြ။
စစ်တပ်ဟာ နေရာတကာမှာ အဘက်ဘက်က ရှုံးနေတယ်။ အထူးသဖြင့် အစိုးရတပ်တွေဟာ လက်နက်ချဖို့ စိတ်စောနေကြတယ်။ လက်နက်ချတဲ့သူတွေကို ဗုံးကြဲ၊ နောက်ကျောက ပစ်ပြီး လိုက်လံသတ်ဖြတ်နေတဲ့ သတင်းတွေလဲ နေ့စဉ် တက်နေတယ်။
လားရှိုးဒေသခံတယောက်က ပြောတာက လားရှိုးမှာ MNDAA က မြို့ပြအုပ်ချုပ်ရေးကို ထူထောင်နေပြီ၊ အင်တာနက်နဲ့ လျှပ်စစ်မီးတွေလည်း ရနေပြီလို့ ပြောတယ်။ သူလဲ မြို့ပြန်တော့မှာမို့ လာနှုတ်ဆက်တာလို့ ပြောတယ်။
စီးပွားရေးကတော့ ကျပြီးရင်းကျ။ ဆန်ဈေးက တအိတ် နှစ်သိန်းကျော်သွားပြီ။ ဝယ်လို့ရနေတာကို ဝမ်းသာနေရတယ်။
ညနေ ၆ နာရီကျော်ရင် လိုင်းကားတွေ မရှိသလောက် နည်းသွားပြီ။
လျှပ်စစ်မီးက သုံးအုပ်စုခွဲပေးတယ်။ မလာရမယ့်အချိန် မလာပေမယ့် လာရမယ့် အချိန် မလာတာတွေ ရှိတယ်။ ဆိုလာကို အားကိုးဖို့ ကြံပေမယ် ဈေးကမြင့်နေလို့ မတတ်နိုင်။ အင်တာနက်လိုင်းတွေကလဲ ဖွတ်ချက်ဖွတ်ချက်။ ရပ်ကွက်ထဲမှာ အင်တာနက်လိုင်းတွေအတွက် ကြိုးသွယ်ဖို့ ဓာတ်တိုင်တွေ လိုက်စိုက်နေတယ်။ မင်းအောင်လှိုင်ရဲ့ သားတော်ကြီးက ဆိုလာနဲ့ အင်တာနက်ကို လက်ဝါးကြီးအုပ်ထားလိုက်ပြီလေ။
လက်ဝါးကြီးအုပ် စစ်ဘုရင်စနစ်ဆိုတာကြီးကို မျက်ဝါးထင်ထင် မြင်နေရတယ်။ ကံထူးပါပေရဲ့ ၊ ငါတို့ဘဝတွေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar