Breaking News

နည်းဥပဒေ မထွက်ခင်ကတည်းက အဓမ္မ ဆွဲခေါ်မှု ပြန်ပေးဆွဲမှုတွေ ဖြစ်နေခဲ့တဲ့ စစ်မှုထမ်းဥပဒေ

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၅ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၂၅၊ ၂၀၂၅

နည်းဥပဒေ မထွက်ခင်ကတည်းက အဓမ္မ ဆွဲခေါ်မှု ပြန်ပေးဆွဲမှုတွေ ဖြစ်နေခဲ့တဲ့ စစ်မှုထမ်းဥပဒေ

ယမန်နှစ် မတ်လ ၁၀ ရက်နေ့နေ့စွဲနဲ့ အသက်သွင်းလိုက်တဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ” လို့သုံးနှုန်းတဲ့ စစ်မှုမထမ်းမနေရ ဥပဒေရဲ့ နည်းဥပဒေက ၉ လကျော်ကြာမြင့်ပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကျမှ ထုတ်ပြန်လိုက်ပါတယ်။ နည်းဥပဒေ မထွက်ရှိခင်ကတည်းက စစ်မှုထမ်းဖို့ ယမန်နှစ် ဧပြီလကတည်းက ခေါ်ဆောင်ခံနေကြရပြီး ဖြစ်ပါတယ်။ ယမန်နှစ် ဧပြီလကတည်းက တလတကြိမ်နှုန်းနဲ့ စစ်မှုထမ်း ၅၀၀၀ (အမှန်တကယ် လက်တွေ့မှာ ဒီထက်များသလား နည်းသလား အတိအကျ မသိရှိနိုင်) ဆင့်ခေါ်လာတာကြောင့် အခုလက်ရှိအချိန်မှာ အမှတ်စဥ် ၈ ထိ ခေါ်ဆောင်ပြီး ခန့်မှန်းခြေ ၄၀၀၀၀ ထိ စုဆောင်းပြီးဖြစ်တယ်လို့ ယူဆရပါတယ်။ လူ ၄ သောင်းစုဆောင်းဖို့အတွက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ဒေသအနှံ့အပြားမှာ လူငယ် သောင်းဂဏန်းနဲ့ချီတဲ့ သူတွေကိုလည်း စစ်မှုထမ်းဖို့ ဆင့်ခေါ်တာ ဖမ်းဆီးတာ ငွေယူပြန်လွှတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ 

ဥပဒေဆိုင်ရာနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောသဘာဝအရ နည်းဥပဒေလိုအပ်တဲ့ ဥပဒေတရပ်ဟာ နည်းဥပဒေ မထွက်ရှိသေးရင် လက်တွေ့ မကျင့်သုံးနိုင်သေးဘူးဆိုပေမယ်လို့ စစ်မှုမထမ်းမနေရ ဥပဒေကတော့ နည်းဥပဒေ မရှိဘဲနဲ့ ၈ လကျော် ၉ လကြာ လက်တွေ့ကျင့်သုံးနေခဲ့ပါတယ်။ အဲသည်အတွက် နိုင်ငံသား သောင်းဂဏန်းနဲ့ချီ စုဆောင်းခံရပြီး စစ်မြေပြင်မှာ ထောင်ဂဏန်းလောက်ထိ ထိခိုက်သေဆုံးခဲ့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ၃ လကြာ စစ်သင်တန်း တက်စေပြီး စစ်မြေပြင်တွေကို စေလွှတ်ခဲ့ရာက လက်နက်ချ အလင်းဝင်သွားသူ၊ ထွက်ပြေးသူ၊ သေဆုံးသူတွေ ထောင်နဲ့ချီရှိနှင့်ပြီလို့ မှန်းဆရပါတယ်။ 

အခု ထွက်ရှိလာတဲ့ နည်းဥပဒေမှာ ထူးထူးခြားခြား အချက်အလက်တွေ မပါရှိပေမယ့် စစ်ကောင်စီလက်အောက်က ဝန်ကြီးဌာနတွေက အရပ်သားဝန်ထမ်းတွေကိုလည်း လိုအပ်ရင် စစ်မှုထမ်းဖို့ ထည့်သွင်းထားတဲ့အချက်၊ တကြိမ်မက လိုအပ်ရင် ထပ်မံခေါ်ယူနိုင်တယ်ဆိုတဲ့ နည်းဥပဒေ ပြဌာန်းချက်တွေ ပါဝင်တာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းခေါ်ယူခြင်း ခံရသူတွေက ပြည်ပကို ထွက်ခွာခွင့်မရှိဘူးလို့ ဆိုပေမယ့် ဒီနည်းဥပဒေ မထွက်ခင်ကာလတွေကတည်းက စစ်မှုထမ်းရမယ့် အသက်အရွယ်နဲ့ အကျုံးဝင်သူတွေ အများအပြား ပြည်ပထွက်ခွာတဲ့အခါ တားမြစ်ခံရတာတွေ ရှိနှင့်ပြီး ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်နဲ့ နယ်စပ်ဂိတ်တချို့တို့မှာ ပြည်ပကို ထွက်ခွာမယ့်သူတွေကို ထွက်ခွာမယ့်အကြောင်း မေးမြန်းတာတွေ ရှိနှင့်ပြီး ပြန်လှည့်ခိုင်းတဲ့ ဖြစ်ရပ်တွေဖြစ်ပွားနေတာ လအတန်ကြာရှိနေပြီ ဖြစ်ပါတယ်။ 

စစ်ကောင်စီ ရဲ့ စစ်မှုထမ်း ဥပဒေက တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ နေထိုင်ကြတဲ့ လူထုအဖို့တော့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ တောင်ကြီး၊ မုံရွာ၊ မော်လမြိုင် စတဲ့ဒေသတွေ တိုင်းဒေသတွေမှာ သက်ရောက်မှုရှိနေပြီး မြို့ကြီးတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ တိုင်းရင်းသားဒေသတွေက လူငယ်တွေလည်း သက်ရောက်မှုရှိတာဖြစ်ပါတယ်။ စစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတာနဲ့ အမျှ စစ်ကောင်စီရဲ့ စုဆောင်းမှုတွေတင်မကပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကလည်း ၄င်းတို့ထိန်းချုပ်နယ်မြေတွေမှာ ဒေသအခေါ် လူကောက်တယ် ဆိုတဲ့ စစ်မှုထမ်းစုဆောင်းတာ တွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေက စစ်မှုမထမ်းမနေရ အမိန့်က အရင့်အရင်ကတည်းက ရှိနှင့်ခဲ့တာဖြစ်ပြီး နှစ်ကာလ အကန့်အသတ်ကလည်း သတ်သတ်မှတ်မှတ်မရှိတဲ့ အနေအထား မိသားစု တစု သို့မဟုတ် အိမ်တအိမ်မှာ လူငယ် ၂ ယောက်ရှိရင် တယောက် စစ်မှုထမ်းရမယ် ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ လူငယ်မရှိရင် ငွေကြေးထည့်ဝင်ကြရတာမျိုးဖြစ်ပြီး စစ်မှုမထမ်းရင် ကျေးရွာက နှင်ထုတ်တာမျိုးတွေ အထိ အပြစ်ပေးတာမျိုးတွေ ရှိခဲ့ကြပါတယ်။ အခုလို စစ်ပွဲတွေ ကျယ်ပြန့်လာချိန်မှာ စစ်မှုထမ်းအရေအတွက် လိုအပ်ချက်မြင့်တက်လာတာနဲ့ အမျှ အဓမ္မ စုဆောင်းမှုတွေလည်း များပြားလာတဲ့ အနေအထားဖြစ်ပါတယ်။ ဒါတွေက အထက်က စစ်ကောင်စီ ဥပဒေ၊ နည်းဥပဒေနဲ့ မသက်ဆိုင်တဲ့ ဒေသက အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေ နယ်တွေမှာတော့ စစ်မှုမထမ်းမနေရ ဥပဒေက အဓမ္မ စစ်သားစုဆောင်းဖို့ ရည်ရွယ်ချက် တခုထည်းတင်မဟုတ်ပဲ၊ ဒီယန္တရားထဲက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေ၊ စစ်ကောင်စီတပ်သားတွေက ငွေရဖို့ ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်တွေကို ဖြစ်စေတဲ့ ဥပဒေအမိန့်တရပ်လည်း ဖြစ်ပေါ်စေတာတွေ့ရမှာ ဖြစ်ပါတယ်။ မြို့တွေရွာတွေ မှာ ညဘက် တချို့သောဒေသ နေရာတွေမှာ နေ့ခင်းမှာကိုပဲ လူငယ်တွေကို ဖမ်းဆီးပြီး စစ်ထဲထည့်ဖို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ရန်ကုန် မန္တလေးတင်မက စစ်ကောင်စီ ဌာနချုပ် နေပြည်တော်၊ ပျဥ်းမနားတို့လိုမြို့မှာတောင် ညဘက် ကင်းလှည့်တဲ့ ကားတွေနဲ့ တိုးမိတဲ့ လူငယ်တွေ ဖမ်းဆီးခံရပြီး စစ်မှုထမ်းဖို့ ထည့်မယ်ဆိုတဲ့ ခြိမ်းခြောက်တာကို ငွေပေးပြီး ရွေးထုတ်နေကြရတယ်လို့ ကြားသိနေကြရပါတယ်။ အရောင်းဆိုင် ဝန်ထမ်း၊ လက်ဘက်ရည်ဆိုင် ဝန်ထမ်းလူငယ်တွေ ဖမ်းခံရရင်တောင် အနည်းဆုံး ကျပ် ၅ သိန်း ပေးမှ ပြန်လွှတ်ပေးပြီး ငွေတတ်နိုင်တဲ့ သူတွေဆို နေရာဒေသ နဲ့ အလုပ်အကိုင် ပေါ်မူတည်ပြီး ၁၀ သိန်း သိန်း ၂၀ ကနေ သိန်း တရာဝန်းကျင် အထိပေးနေကြရတဲ့ အဖြစ်အပျက်တွေ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီး ပြစ်ဒဏ်ချပြီး မြန်မာအာဏာပိုင်တွေထံ ပြန်အပ်နှံသူ အမျိုးသားတွေ အသက်အရွက် အားဖြင့် စစ်မှုထမ်းအကျုံးဝင်သူတွေလည်း စစ်မှုထမ်းစုဆောင်းတဲ့ အထဲထည့်သွင်းခံရပြီး အနည်းဆုံး သိန်း ၂၀ ကနေ သိန်း ၆၀ ဝန်းကျင်ထိ ပေးမှ ပြန်လွှတ်ပေးတဲ့ အဖြစ်တွေ သတင်းတွေထဲ ဖတ်ရှုကြရတာ ဖြစ်ပါတယ်။ 

စစ်မှုထမ်းထဲ မပါဖို့ လူငယ်တွေ သိန်းနဲ့ချီ ပြည်ပကို တရားဝင်ရော တရားမဝင်ပါ ထွက်ခွာနေကြတာ ယမန်နှစ် မတ်လကတည်းက ယခု အချိန်ထိ ဖြစ်ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့ကို ဦးတည်ပြီး ထွက်ခွာနေကြတာ ဖြစ်ပါတယ်။ ငွေကြေးတတ်နိုင်တဲ့ သူတွေအဖို့တော့ တရားဝင် လမ်းကြောင်းကလာပြီး ထိုင်းမှာ ဗီဇာနဲ့ နေထိုင်နိုင်ကြပေမယ့် အများစုကတော့ ရွှေ့ပြောင်းလုပ်သား အဖြစ်နဲ့ နေထိုင်တာ တရားမဝင် ခိုးဝင်ရောက်သူတွေ အဖြစ်နေထိုင်နေကြရပြီး မကြာခဏ ထိုင်းရဲ၊ လူဝင်မှုကြီးကြပ်ရေး ဖမ်းဆီးတာတွေ ခံကြရတာလည်း ဖြစ်ပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ထွက်လာသူတွေ ထိုင်းမှာ အဖမ်းခံခဲ့ရရင် ပြန်ပို့တဲ့အခါ စစ်ကောင်စီလက်ထဲ ကျရောက်ပြီး စစ်မှုထမ်းအဖြစ်နဲ့ အဓမ္မသွတ်သွင်းခံရတဲ့ အဖြစ်က တွေးကြည့်ရင် ကံကြမ္မာရဲ့ သရော်ချက်လို့တောင် ဆိုကောင်းဆိုနိုင်ပါတယ်။ 

ပြည်တွင်းမှာ လူငယ်တွေ တဖြည်းဖြည်း နည်းပါးလာခြင်းက ပြည်တွင်းက စီးပွားရေး လုပ်ငန်းတွေ ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း ထိခိုက်စေတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ဘာကို အကောင်းမျှော်လင့်နေသလဲလို့ ဆိုရင်လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် အရာရာ ပျက်စီး ကျဆုံးခြင်း နဲ့ နယ်ပယ်တခုရဲ့ ကျဆုံးခြင်းက အခြားသော နယ်ပယ် ကဏ္ဍတွေကိုပါ ထိခိုက်ပျက်စီး ကျဆုံးစေတာ၊ မိသားစုတွေ တကွဲတပြားဖြစ်တာ အိမ်နီးချင်းနိုင်ငံတွေမှာ တရားဝင်၊ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ အဖြစ်နဲ့ မှီခို နေထိုင်ကြရတဲ့ အဖြစ်တွေအားလုံးက စိတ်မချမ်းသာစရာ ရင်နာစရာ ဖြစ်ရပ်တွေချည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar