နေပြည်တော်သိမ်းအောင် - ငွေဆောင်ရေနှင့်မျော၍ ကလောလေနှင့်လွင့်ခြင်း
နေပြည်တော်သိမ်းအောင် - ငွေဆောင်ရေနှင့်မျော၍ ကလောလေနှင့်လွင့်ခြင်း
(မိုးမခ) ဇန်နဝါရီ ၁၁ ၊ ၂၀၂၅
ငွေဆောင်ဂယက် နောက်ဆက်တွဲတွေရဲ့ အတိမ်အနက်ကို ကြည့်ရင် ‘ငွေဆောင်လည်းလှ ကလောလည်းသာယာ’ ဆိုပြီး၊ ပြီးပြီးရော ထားရစ်ခဲ့လို့ မရတာကို သတိပြုမိကြမှာပါ။ ဒီအတွက် ငွေဆောင်အကြောင်း ဆက်ပြီးပြောဆို ရေးသားကြတာတွေ တွေ့မြင်ကြရဦးပါမယ်။
စေတနာကို ယုံမှားသံသယဖြစ်ဖို့ ခက်တဲ့သူတွေ၊ နိုင်ငံရေးဂုဏ်သိက္ခာကို စောကြောဖို့ ခက်တဲ့သူတွေလည်း ငွေဆောင်ဇာတ်လမ်းမှာ ပါသလို၊ ဪ.. ဒီလိုလူမျိုးတွေလည်း ပါနေပါလားဆိုပြီး မှတ်ချက်ပြုရတဲ့ သူတွေကိုလည်း တက်ရောက်သူ စာရင်းထဲမှာ တွေ့ခဲ့ရတယ်။ ယုံကြည်ချက်၊ ခံယူချက်ဆိုတာက တဦး တယောက်စီတိုင်းရဲ့ အခွင့်အရေးဖြစ်သလို ထိုသူများရဲ့ သမိုင်းပါ။ ဒါ့ကြောင့် ဒီဖြစ်ရပ်ကြောင့် သက်ရောက်မှု အကျိုးအပြစ် ရှုထောင့်ကနေပဲ သမင်လည်ပြန် ကြည့်သင့်တယ်လို့ ယူဆပါတယ်။
တရားဝင်ထုတ်ပြန်ချက်မျိုး မဟုတ်တဲ့အတွက် သတင်းအချက်အလက် အတည်ပြုရတာ ခက်ခဲမှုတွေ ရှိပါတယ်။ ဒါပေမဲ့ အခု YouTubeမှာ ပျံ့နှံ့နေတဲ့ ငွေဆောင်သဘောတူညီချက် စကားဝိုင်းမှာ ပါဝင်ခဲ့သူတဦးရဲ့ အင်တာဗျူးကို ကြည့်လိုက်ရပြီးတဲ့နောက် ထပ်နားလည်မိတာတွေ ရှိလာပါတယ်။
လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်သူလို့ ကိုယ်တိုင်ဝန်ခံထားသူတဦးဆီက ‘စကားပြောတာ ကြိုက်သလောက်ပြော၊ ကာလသတ်မှတ်ချက် မထားဘူး၊ ၁၀ နှစ် ကြာရင်ကြာပါစေ’ဆိုတဲ့ သူ့ခံယူချက်ကို ဖွင့်ဟလိုက်တဲ့အခါ၊ ငွေဆောင် သဘောတူညီချက်အပေါ် အရင်လို သိပ်အံ့အားမသင့်မိတော့ပါဘူး။
တက်ရောက်သူစာရင်းထဲမှာ ထိပ်ဆုံးကတွေ့ရတဲ့ SLND က ဝါရင့်နိုင်ငံရေးသမား (ပါတီကိုယ်စားပြု တက်ရောက်ခြင်း မဟုတ်လို့လည်း နားလည်ထားမိပါတယ်)နဲ့ အထင်ကရ ၈၈ မျိုးဆက် ဆိုသူကိုပဲ ဒီအထဲ ရောပါနေတာကို အံ့အားသင့်ရပါတယ်။ တကယ်လို့ နောက်ချန်မနေခဲ့ဘဲ ရှေ့ဆက်ပါဝင်နေဦးမယ်ဆိုရင်တော့ ပိုလို့သာ အံ့ဩရတော့မှာပါ။
နွေဦးတော်လှန်ရေးမှာ ပြည်သူက အဓိကကျတယ် ဆိုတဲ့စကားကို နားရည်ဝနေကြပါပြီ။ ပြည်သူတွေ ပါဝင်မှုအပေါ် လွှမ်းမိုးတဲ့အချက်များ ရှိပါတယ်။ အဲဒီထဲကမှ တိုင်းရင်းသားအင်အားစုတွေရဲ့ ယုံကြည်မှု ရရှိလာမှုနဲ့ နွေဦးက မွေးဖွားခဲ့တဲ့ တော်လှန်တိုက်ပွဲဝင်နေတဲ့သူတွေရဲ့ စိတ်ဓာတ်တက်ကြွမှုတို့က ပြည်သူများ ပါဝင်မှုအပေါ် ကောင်းစွာ သက်ရောက်မှု ရှိတာကို တွေ့ရတယ်။
တဖြည်းဖြည်း ရရှိလာတဲ့ တိုင်းရင်းသားတွေဆီက ယုံကြည်မှုက ပြည်သူကို အားဖြစ်စေပါတယ်။ အလားတူပါပဲ အသက်ပေး တိုက်ပွဲဝင်နေကြသူတွေဆီက ခွန်အားယူကြပြီး၊ အဆုံးအထိ ခရီးဆက်ဖို့ ပြည်သူတွေ မာန်တင်းကြ တယ်။ ဒီအချက်တွေဟာ ပြည်သူတွေရဲ့ ပါဝင်လိုစိတ်ကို တွန်းအားဖြစ်စေတယ်။ ဒီအတွက် ဒီအချက်၂ခုအပေါ် ထိ ပါးစေနိုင်တဲ့ ပြုမူပြောဆိုချက်တွေကိုလည်း သတိကြီးကြီးထားရပါလိမ့်မယ်။
အချိန်တန်ရင် ဗမာပြည်မကြီးဘက်က နိုင်ငံရေးသမားတွေက တွေ့ဆုံဆွေးနွေးဖို့ဆိုတာကိုပဲ ပြန်လှည့်သွားကြမှာ ပါဆိုတဲ့ အယူအဆတွေ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ စိတ်ထဲ စွဲမှတ်နေခဲ့ဖူးကြတာကို ဂရုပြုမိကြမှာပါ။ ဒီ တော့ ငွေဆောင်သဘောတူညီချက်က ဒီမှတ်ယူမှုကို လျော့ကျသွားစေသလား၊ ခိုင်မာသွားစေသလား ဆိုပြီး မေး ခွန်း စထုတ်ရပါလိမ့်မယ်။
အတိုပြောရရင်တော့ ဒီသဘောတူညီချက်က ‘တွေ့ဆုံဆွေးနွေးကြရအောင်’ ဆိုတာပါပဲ။ စစ်ပွဲတွေရဲ့ အဆုံးသတ်ကို နားလည်ထားကြတဲ့ တော်လှန်ရေးအင်အားစုတွေက အချိန်ကျတဲ့အခါ၊ လိုအပ်တဲ့ ကြိုတင်သတ်မှတ်ချက်တွေနဲ့ ပြောဆိုကြဖို့ ဝန်လေးကြသူတွေ မဟုတ်ပေမယ့်၊ စစ်ရှုံးစစ်ပန်းနေတဲ့ စစ်ကောင်စီကို အနားပေးရာ မရောက်ဖို့လည်း အထူးသတိရှိကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှုကို ကေအိုင်အေ မသွားရောက်ခဲ့တာနဲ့ ပတ်သက်လို့၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ရက်နေ့က ဘီဘီစီရဲ့ မေးမြန်းချက်ကို ဗိုလ်ချုပ်ဂွမ်မော် ဖြေကြားထားတာကို ကောက်နုတ်လိုပါတယ်။ အဓိက အချက် ၂ ချက်ရှိပြီး ပထမအချက်က အချိန်အခါ မသင့်သေးခြင်း၊ ဒုတိယအချက်က စေတနာနဲ့ မှန်ကန်တဲ့ ဖိတ်ခေါ်မှုပုံစံ မဟုတ်ခြင်းလို့ ပါရှိပါတယ်။
ဒါဟာ ငွေဆောင်သဘောတူညီချက်အပြီး တလကျော်အကြာမှာ ကြားသိရတဲ့ သဘောထားဖြစ်လို့ အခုအချိန်ကာလမှာ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့နဲ့ ပတ်သက်ပြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ကိုင်ထားမှုလို့လည်း ဆိုနိုင်ပါတယ်။ ဒီလိုဆိုရင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ရည်မှန်းထားကြတဲ့ တိုင်းရင်းသား အင်အားစုများက ငွေဆောင်သဘောတူညီချက်ကို ဖတ်ရှုပြီးတဲ့အခါ၊ ဘယ်လို ရှုမြင်နိုင်သလဲ ဆိုတာကိုလည်း မှန်းဆနိုင်ပါလိမ့်မယ်။
ဒီနေရာမှာ စစ်နိုင်နေတဲ့ တော်လှန်ရေးအင်အားစု တချို့ဆီက၊ နိုင်ငံရေးအရ ဆွေးနွေးဖို့ အရိပ်အယောင် တွေ့မြင်နေရတာနဲ့၊ ‘ငွေဆောင်’ စကားဝိုင်း ကမကထပြုလိုတဲ့ တွေ့ဆုံရေးဆိုတာဟာ၊ သဘောသဘာဝ များစွာခြားနားနေတာကိုတော့ သတိချပ်ကြရမှာပါ။
ဒီရက်ပိုင်းမှာပဲ ‘ဘယ်ဘုရားမှ တားလို့မရဘူး’ ဆိုတဲ့ အားမာန်အပြည့်နဲ့ ခံယူချက်ပြတ်သားတဲ့ သတင်းစကားကို မန္တလေး PDF စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံဆီက ကြားခဲ့ရပါတယ်။ နိုင်ငံရေး ဝါရင့်သမ္ဘာရင့်များကရော ဒီလို မျိုးဆက်သစ်များရဲ့ အသံ၊ စစ်အာဏာရှင်ကို ရင်ထဲ အသည်းထဲက စက်ဆုပ်မုန်းတီးနေကြတဲ့ ပြည်သူစစ်စစ်များရဲ့ အသံကို ငွေဆောင်မှာ လှိုင်းပုတ်သံများကြောင့် ကြားတဝက်၊ မကြားတဝက် ဖြစ်ခဲ့လေသလား။
ဟိုတယ်အပေါ်ထပ် အစည်းအဝေးခန်းမထဲမှာ ‘သွေးကြွေးမှာ ဆွေးနွေးစရာမရှိ’ ဆိုတဲ့အကြောင်း ဆွေးနွေးဖို့ ပြင်နေတုန်း၊ အောက်ထပ်မှာ သတင်းယူဖို့ရောက်နေတဲ့ အရပ်ဝတ်လုံခြုံရေးများ ဖွင့်လိုက်တဲ့ ‘မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်’ သီချင်းသံကြောင့် အာရုံလွင့်ပျံ့ သွားခဲ့လေသလား။ ငွေဆောင်သဘောတူညီချက်ဟာ မေးခွန်းများစွာ ဖိတ်ခေါ်လာခဲ့တယ်။
နိုင်ငံရေးသမားများလည်း စကားမှားတတ်ပါတယ်၊ ဒါ့ကြောင့် ရည်ရွယ်ချက်ရှိရှိ စိတ်ထဲ ယုံကြည်တဲ့အတိုင်း ပြောခဲ့တာမျိုး မဟုတ်ရင်တော့ စကားလုံး ရွေးချယ်တာ ညံ့ဖျင်းသွားလို့ပါ ဆိုပြီး၊ စကားဆိပ်တက်အောင် ပြုမိသူက ကိုယ့်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ပြန်တည့်မတ်ပေးသင့်ပါတယ်။ စုစည်းဖို့ အရေးကြီးတဲ့ ကာလမှာ အက်ကြောင်းတွေ နည်းနိုင်သမျှ နည်းအောင် ပြုပြင်ပြင်ဆင်ကြဖို့ လိုပါတယ်။
ရမခ နဲ့ နပခ လို အဓိက စစ်တိုင်းကြီးတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး အခု ထုတ်ပြန်ထားတဲ့ သေဆုံး/ဒဏ်ရာရ/ စစ်သုံ့ပန်းစာရင်းမှာ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးအဆင့် ရှိတဲ့သူ အနည်းဆုံး ၅၃ ဦး တွေ့လာရတဲ့ အချိန်မှာ ၂၀၂၅ ခုနှစ်အပေါ် မျှော်လင့်ချက် ပိုကြီးမားလာပါတယ်။
တိုင်းရင်းသားအင်အားစုများ၊ တော်လှန်ရေးအပေါ် ယုံကြည်မှုကြီးကြီးနဲ့ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ မျိုးဆက်သစ်များအတွက် ဒီငွေဆောင်သဘောတူညီချက်ဟာ အနုတ်လက္ခဏာ ဆောင်နေပါတယ်။ ပြည်သူကို ဝေဝါးစေမယ့် ဒါမှမဟုတ်၊ တော်လှန်ရေးအရှိန်အဟုန်ကို ထိပါးစေမယ့် ဘယ်ကြေညာချက်မဆို၊ အစကတည်းက မပေါ်ထွက်ခဲ့ရင် ပိုကောင်းပါတယ်။
အနှစ်ချုပ်ရရင် စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ဖို့၊ ၂၀၀၈ ခြေဥကို အပြီးတိုင်ဖျက်သိမ်းဖို့၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ် ဖော်ဆောင်ဖို့ အစရှိတာတွေပါဝင်တဲ့ NUG နဲ့ KNU, KNPP,CNF တို့လို တိုင်းရင်းသားအင်အားစုများရဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဘုံသဘောထားရပ်တည်ချက် ၆ ရပ်နဲ့ အတော်ကြီးကွာဟနေပါတယ်။
ပြည်တွင်းအင်အားစုတွေအနေနဲ့ ထိန်းသိမ်းပြောဆိုရတာတွေ ရှိတယ်ဆိုတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း လက်မခံနိုင်၊ စစ်ကောင်စီဘက်ကလည်း (အခုအချိန်အထိ) လိုလားဟန် မပြသေးတဲ့ ငွေဆောင်သဘောတူညီချက်ဟာ နှစ်ဘက်လုံးကို ဦးတည်မထားပဲ၊ စေ့စပ်ဆွေးနွေးကြစေဖို့ အာသီသရှိတဲ့ အချို့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဘက်ကို မျက်စလှမ်းပစ်ပြလိုက်တာများလားလို့ တောင် ယူဆရမလိုပါ။
ဆရာဦးဝင်းတင်၊ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ဒေါက်တာဇော်မြင့်မောင်တို့များ သက်ရှိထင်ရှား ရှိနေသေးရင်၊ ငွေဆောင်ကို သွားနိုင်တဲ့ အခြေအနေလည်းပေးခဲ့ရင်၊ ဒီငွေဆောင်သဘောတူညီချက်မှာ ပါဝင်နိုင်၊ မပါဝင်နိုင် ဆိုတဲ့ မေးခွန်းနဲ့ပဲ အဆုံးသတ်လိုပါတယ်။ ကိုယ်တိုင်ပဲ ဖြေကြည့်ကြစေလိုပါတယ်။ မိမိတို့ရဲ့အဖြေက ‘ငွေဆောင် သဘောတူညီချက် ဘာလဲ ဘယ်လဲ’ ဆိုတဲ့ စောကြောမှုကို ဆက်အဖြေရှာဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar