လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေဆုံး
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၉ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၅
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေဆုံး
ဇန်နဝါရီလ ၈ ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့ရာမှာ အရပ်သားအနည်းဆုံး ၄၀ ဦးအထိ သေဆုံးခဲ့ရပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကျေးရွာဟာ ကမန်လို့ခေါ်ဆိုတဲ့ ရခိုင်ပြည်နယ်မှာ ရှေးဘုရင်တွေလက်ထက်ကတည်းက ရောက်ရှိအခြေချခဲ့ကြတဲ့ လူမျိုးစုတွေဖြစ်ပြီး အစ္စလာမ်ဘာသာ ကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။ လူနည်းစုလူမျိုးဖြစ်ပြီး အစ္စလာမ်ဘာသာကိုးကွယ်တာကြောင့် ဘာသာခြားဆိုတဲ့ ဘာသာရေး အစွန်း ရောက်တဲ့ အမြင်၊ လူမျိုးရေးအစွန်းရောက်တဲ့ အမြင်မျိုးနဲ့ အခွင့်အရေးတချို့ ကန့်သတ်ခံကြရတဲ့ လူမျိုးနွယ်စု ဖြစ်ပါတယ်။
၂၀၁၂ ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က လူမျိုးရေးဘာသာရေး ပဋိပက္ခတွေရဲ့ မီးပွားက ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ စတင်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်း ဆယ်စုနှစ်တစုကြာ သွားလာ လုပ်ကိုင်နေထိုင်ခွင့် ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ စစ်အာဏာရှင် အဆက်ဆက်မှာ ခွဲခြားဆက်ဆံမှု၊ နိုင်ငံသားအခွင့်အရေး ကန့်သတ်မှုတွေ နဲ့ ကြုံတွေ့နေခဲ့ကြရတာ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက်မှာ ရှိတဲ့ ရမ်းဗြဲကျွန်းကို ၂၀၂၄ ခုနှစ် မတ်လက Arakan Army က တိုက်ခိုက်သိမ်းယူခဲ့ပြီးဖြစ်ပြီး AA ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့မြို့ ဖြစ်ပါတယ်။ စစ်ကောင်စီက လတ်တလော ဂွမြို့ ၊ အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ရခိုင်ပြည်နယ်မှာ စစ်တွေမြို့၊ ကျောက်ဖြူမြို့တို့သာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးနဲ့ စစ်တပ်တွေကျန်ရှိတော့တဲ့အနေအထားမှာ ရခိုင်ပြည်နယ်ထဲကမြို့တွေ၊ ကျေးရွာတွေကို စစ်ကောင်စီရဲ့လေတပ်က အခွင့်သင့်ရင် သင့်သလို လေကြောင်းတိုက် ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း TNLA က သိမ်းယူထားတဲ့ မိုးကုတ်မြို့က နေရာအချို့ကိုလည်း လေကြောင်းက ခန့်မှန်းခြေ ဗုံးအလုံး ၂၀ ဝန်းကျင်ကြဲပြီးတိုက်ခိုက်ခဲ့သလို အဲဒီအဖြစ်အပျက်မတိုင်ခင် ရှမ်းမြောက်က MNDAA သိမ်းယူထားတဲ့ သိန္နီမြို့၊ ကရင်နီပြည်ကဒေသအချို့နဲ့ ကချင်ပြည်နယ်တို့မှာ စစ်ကောင်စီလေကြောင်းတိုက် ခိုက်မှုတွေ နေ့စဥ်လိုလိုရှိနေခဲ့တဲ့အကြောင်း သတင်းဖေါ်ပြမှုတွေ အရသိရှိရပါတယ်။
သိန္နီမြို့နဲ့ မိုးကုတ်မြို့တို့ကို လေကြောင်းကတိုက်ခိုက်ခဲ့ရာမှာ လူသေပျောက်မှု ကြီးကြီးမားမားမရှိခဲ့တဲ့ အကြောင်း သတင်းတွေမှာ တွေ့ကြရပေမယ့် ရခိုင်ပြည်နယ် ကျောက်နီမော် ကျေးရွာကို လေကြောင်းက ဗုံးကြဲခဲ့ရာမှာတော့ အရပ်သား ၄၀ ထက်မနည်းသေဆုံးခဲ့ပြီး အရပ်သား ၅၀ ကျော်ဒဏ်ရာရခဲ့ကြပြီး နေအိမ် ၅၀၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။
လတ်တလော တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ကျောက်နီမော်ကို ဘယ်လိုအကြောင်းကြောင့် ပစ်မှတ်အဖြစ် ရွေးချယ်တိုက်ခိုက်ရတာလဲ ဆိုတဲ့အချက်ကိုတော့ ဘယ်သူမှတိတိကျကျ မသိရှိကြပါဘူး။ အရပ်သားတွေ နေထိုင်နေကြတဲ့ ကျောက်နီမော် ကျေးရွာက စျေးနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထား ဗုံးကြဲခြင်းဟာ စစ်ကောင်စီ တပ်တွေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု၊ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတခု ထပ်တိုးလာစေခဲ့ပြီး စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အရပ်သားတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို သက်သေအထောက် နောက်တခုတိုးပွားလာစေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော် ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီရဲ့ တပ်တွေအနေနဲ့ မြေပြင်စိုးမိုးမှု သိသိသာသာ လျော့နည်းကျဆင်းလာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမို အသုံးပြုလာခဲ့ပြီး အခုလက်ရှိ အနေအထားမှာတော့ မြေပြင်မှာ ပြန်လည်သိမ်းယူနိုင်ဖို့ လောလောဆယ် အလားအလာမမြင်တဲ့ မြို့တွေ ဒေသတွေကို သတင်းအချက်အလက် စုဆောင်းထောက်လှမ်းပြီး ဖြစ်စေ၊ သတင်းအချက်အလက် လုံလုံလောက်လောက်မရှိဘဲ ဖြစ်စေ လေကြောင်းပစ်မှတ်တွေ ရွေးချယ်တိုက်ခိုက်နေတဲ့သဘောမျိုးဖြစ်နေတာ တွေ့ရပါတယ်။ စစ်အာဏာမသိမ်းမီကာလလိုမျိုးမှာ လေကြောင်းတိုက်ခိုက်မှုဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ မြေ ပြင်က တပ်ဖွဲ့အတွက် အကူအညီဖြစ်စေဖို့၊ ထောက်ပံ့ရေး လမ်းကြောင်း ပိတ်ဆို့ခံထားရတဲ့ အခြေအနေမှာ ရိက္ခာနဲ့ လက်နက်ခဲယမ်းပို့ဆောင်ဖို့ အတွက်သာ ရည်ရွယ်ကြပေမယ့် အခုနှစ်ပိုင်းမှာတော့ မြေပြင်မှာ စစ်ကောင်စီရဲ့ လုံးဝမရှိတော့တဲ့ နေရာတွေကို လေကြောင်းက အလှည့်ကျ သဖွယ်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ အဆိုပါဒေသတွေမှာ မတည်မငြိမ်ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ မြို့တွေ ပြန်လည် သိမ်းယူနိုင်ခြင်းမရှိတဲ့အနေ အထားမှာ လေကြောင်းတိုက်ခိုက်မှုတွေက နယ်မြေသိမ်းယူခံရတာကို လက်စားခြေတဲ့ လုပ်ရပ်၊ မတည်မငြိမ်ဖြစ်အောင် တိုက်ခိုက်တာသာဖြစ်ပြီး အရပ်သားပစ်မှတ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့ပစ်မှတ်တို့ကို တိကျတဲ့ သတင်းအချက်အလက် မရှိဘဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ ပတ်သက်လို့ ခုနှစ်ပိုင်းတွေ အတွင်း စစ်ကောင်စီဘက်က တစုံတရာ ခုခံကာကွယ်ပြောဆိုတာ၊ တုံ့ပြန်ဖြေရှင်းတာမျိုး မတွေ့ရပါဘူး။ စစ်ကောင်စီကို လော်ဘီလုပ်နေတဲ့ တယ်လီဂရန် အကောင့်တွေကတော့ စစ်ကောင်စီကို ဆန့်ကျင်တိုက် ခိုက်နေတဲ့ လက်နက်ကိုင် တပ်တွေ စခန်းချတဲ့နေရာတွေကို ပစ်မှတ်ထားတာလို့ ကာကွယ်ပြောဆိုကြပေမယ့် လက်တွေ့ဖြစ်ရပ်တွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏရှိနေတာ ဖြစ်ပါတယ်။ ကရင်နီပြည်လို ဒေသမှာ စစ်ဘေးရှောင်စခန်းတွေကို မကြာခဏ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရလေ့ရှိပြီး စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ အရပ်သားတွေ တချို့သော ဖြစ်ရပ်တွေမှာ စစ်ဘေးရှောင်စခန်းတွေက ယာယီစာသင်ကျောင်းတွေ ပစ်မှတ်ထားခံရတာ ဖြစ်ပါတယ်။
အခုလိုပစ်မှတ်ထားတိုက်ခိုက်ခံရတာဟာ ဖုန်း အင်တာနက် လိုင်းဆက်သွယ်မှုတွေ ရှိခြင်းကြောင့် တည်နေ ရာ သတင်းအချက်အလက် ပေါက်ကြားတာကြောင့်လို့ လက်နက်ကိုင်အဖွဲ့အချို့က ကောက်ချက်ချပြီး ၄င်းတို့ထိန်းချုပ်ဒေသတွေမှာ ရှိနှင့်ပြီး အင်တာနက် ဖုန်းလိုင်းတွေမရအောင် တယ်လီဖုန်း တာဝါတိုင်တွေ လောင်စာဆီမထည့်ဖို့ တားမြစ်တာ၊ စတားလင့်ခ် ဂြိုဟ်တု ဆက်သွယ်ရေး အင်တာနက်တွေ အသုံးပြုခွင့် တင်းကြပ်တာတွေ လုပ်ဆောင်ကြပေမယ့် စစ်ကောင်စီဘက်ကတော့ အဆိုပါနယ်မြေဒေသထံမှ သတင်းအချက်အလက် မရသည့်တိုင် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်မြဲ လုပ်ဆောင်တာတွေ့ကြရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်တိုက်လေယာဥ်တွေအတွက် လေယာဥ်ဆီရနေတာကြောင့် လေယာဥ်ဆီဝယ်ယူတင်သွင်းလို့မရအောင်၊ လေယာဥ်အပိုပစ္စည်းတွေဝယ်ယူခြင်းမပြုနိုင်အောင် နိုင်ငံတကာ အစိုး ရတွေကို စည်းရုံးလှုံ့ဆော်မှုတွေလည်း လုပ်ဆောင်ကြပါတယ်။ သို့ပေမယ့် အခုလို လေယာဥ်ဆီ ဖြတ်တောက်ရေးလှုပ်ရှားမှုတွေ အပြည့်အဝ အောင်မြင်ခြင်းမရှိတဲ့အကြောင်းက စစ်ကောင်စီအနေနဲ့ ဒေသတွင်းမှာ ၄င်းကိုရောင်းချပေးမယ့် နိုင်ငံအချို့ရှိနေခြင်းကြောင့် လေယာဥ်ဆီဖြတ်တောက်ရေး လှုပ်ရှားမှုက ထင်သလောက် မအောင်မြင်တာတွေ့ရပါတယ်။ အရပ်ဘက် လေကြောင်းလိုင်းတွေလည်းရှိနေတဲ့အတွက် အရပ်ဘက်နဲ့စစ်ဘက်ကို တိတိပပခွဲခြားဖို့ ခက်ခဲနိုင်တဲ့အနေအထားလည်းဖြစ်ပြီး ကွန်မြူနစ်ပါတီက ဦးဆောင်အုပ်ချုပ်တဲ့ ဗီယက်နမ်နိုင်ငံလို နိုင်ငံက မြန်မာစစ်တပ်နဲ့ ဖက်စပ်စီးပွားရေးလုပ်ငန်းလိုမျိုး လုပ်ကိုင်သလို လေယာဥ်ဆီ ရောင်းချပေးတာလည်း ရှိနေတာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေက မြေပြင်စိုးမိုးမှုအတွက် တိုက်ရိုက်အထောက်အကူမပြု ပေမယ့်လည်း စစ်ကောင်စီ အနေနဲ့တော့ အရပ်သားသေဆုံးမှုတွေ ရှိနေသည့်တိုင် ဒီနည်းလမ်းကို လက်စားချေ မှုတခု၊ ဖိအားပေးမှုတခုအနေနဲ့ ဆက်လက်သုံးစွဲနေဦးမယ့် အလားအလာတွေ့နေရတာ ဖြစ်ပါတယ်။
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar