ရှင်ရဲထွဋ် - '' ငရဲပြည်ကကြောင်လိမ်လှေကား ''
'' ငရဲပြည်ကကြောင်လိမ်လှေကား ''
ရှင်ရဲထွဋ်
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၂၅
အိပ်မက်ဆိုးကတော့
"သိုး"တိုင်းမက်နေကျပဲ၊
လမျက်နှာပြင်မှာတောင်
ယုန်ရုပ်မရှိတော့၊
တလောကလုံး
ဗုဒ္ဓရဲ့နံစော်နေတဲ့ခြေအိတ်များနဲ့
ကိုယ့်လိင်အင်္ဂါကိုယ်လျက်နေတဲ့ကြောင်များ၊
ဒီလိုနဲ့
"လူဆိုတာနိုင်ငံရေးသတ္တဝါပဲ"ဆိုတာကို
တကြောင်းချရေးမိတယ်၊
အင်္ဂုလိမာလဟာလက်ခလယ်ထောင်ပြီး
သူ့အမေလက်ညှိုးကိုလိုက်ဖြတ်တဲ့
ဇာတ်ဝင်ခန်းအပြီးမှာ
ငါတို့ဟာ
ကပ်ကြီးသုံးပါးမျက်စေ့မှောက်ပြီး
လွတ်ထွက်သွားတဲ့
ဆယ်လမွန်ငါးတွေပေါ့ကွာ လို့
ပြောကြဆိုကြအချင်းချင်းအားပေးမိကြ၊
"ဟိန္ဒက ငါကား မပြေး သင်သာပြေးနေခြင်းဖြစ်တယ်"
ဆိုတာကိုထပ်ရေးလိုက်ရပြန်တယ်၊
တကောင်းရာဇဝင်ထဲကမောင်ပေါက်ကျိုင်းကို
ခင်ဗျားသိလား၊
အစုတ်ပလုတ်တွေနဲ့တဲနန်းဆောက်ခဲ့တဲ့
ကံရာဇာငယ်ကိုလူမြင်ရင်မှတ်မိမလား၊
"ဒဏ္ဍာရီအဆိပ်" ပြီးတဲ့သူတွေထဲ
ခင်ဗျားလည်းမပါဘူးမဟုတ်လား၊
ဒါဆို
"မအိပ်မနေအသက်ရှည်"ဆိုတဲ့ဝါကြကို
တကြောင်းထပ်ရေးဖြစ်သွားတယ်၊
ဘယ်လိုလုပ်ကောင်းနိုင်တော့မလဲ
ဘုရားရှိခိုးထဲကရပ်ပြစ်ရှစ်ပါးဟာ
အပြင်ဖက်ထွက်လာပြီး
တလောကလုံးလိုက်အနံ့ခံ၊
ကံကောင်းလို့ လူလာဖြစ်တာ
ကံဆိုးလို့လူလာဖြစ်တာ၊
ငြင်းခုံလို့အကောင်းဆုံးပုစ္ဆာပဲ၊
"ကြောင်မည်းဖြစ်ဖြစ်ကြောင်အဖြူဖြစ်ဖြစ်
ကြွက်မိဖို့ကအဓိကပါ"
အပျိုရည်ပျက်နေတဲ့အဆိုအမိန့်ကိုလည်း
ဒေသနာတခုလိုရေးထားရမိပြန်တယ်၊
ခုကြားနေရတဲ့အသံတွေက
မျောက်လက်ထဲဂစ်တာရောက်သွားတာလား၊
ဒါမှမဟုတ်
ထိုးရာဆိတ်ရာဗရပွနဲ့ခွေးတကောင်အူနေတာလား၊
ရန်သူမျိုးငါးပါးကို
လျှော်ပြီးသားအင်္ကျီတထည်လို
ကောက်စွပ်ပြီး
ဆင်းတုတော်ရဲ့ပစ္စုပ္ပန်တည့်တည့်မှာ
ဝပ်တွားလိုက်ပါတယ်၊
ဆားပုလင်းနှင်းမောင်ဝတ္တုတွေလို
သဗ္ဗေသတ္တာကမ္မသကာနဲ့အဆုံးသတ်ရမှာလား၊
ကဗျာတပုဒ်လုံးဖြန့်ကြည့်လို့မှ
ငရဲကြီးရှစ်ထပ်မပြည့်သေးရင်
ငါနေတဲ့အထပ်ကိုပါထည့်ပေါင်းလိုက်တော့ကွာ၊
"မှူးထင်ခက်" ရဲ့စာသားလို
"သဗ္ဗေသတ္တာခံရသကွာ" ဆိုတဲ့တကြောင်းကိုသာ
အဆုံးမှာချရေးမိတော့တယ်၊
၉ ဇန်နဝါရီ ၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar