ဆိုင်ဘာလုံခြုံရေး ဥပဒေနဲ့ ငွေဆောင် ဆွေးနွေးပွဲရလဒ် ၇ ချက်
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၃၊ ၂၀၂၅
ဆိုင်ဘာလုံခြုံရေး ဥပဒေနဲ့ ငွေဆောင် ဆွေးနွေးပွဲရလဒ် ၇ ချက်
နှစ်သစ်အစ ဇန်နဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီက ဆိုင်ဘာလုံခြုံရေး ဥပဒေကို လက်မှတ်ရေးထိုးထုတ်ပြန် လိုက်ပါတယ်။ အဓိကရည်ရွယ်ချက်က VPN လို့ ခေါ်တဲ့ ဆော့ဖ်ဝဲသုံးစွဲမှု ဝန်ဆောင်မှုပေးမှုတွေကို အပြစ်ပေးနိုင်အောင် ရည်ရွယ်ထားပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာကတည်းက ဥပဒေကို အမိန့်အာဏာနဲ့ အတည်ပြုဖို့ သက်ဆိုင်ရာ မြန်မာနိုင်ငံကွန်ပျူတာ အိုင်တီနဲ့ သက်ဆိုင်တဲ့ အသင်းအဖွဲ့တွေဆီ အကြံဉာဏ်တောင်းခံစာ ပေးပို့ခဲ့ပါသေးတယ်။ အဲဒီကာလက သတင်းမီဒီယာမှာ ဒီဥပဒေကြမ်းကို အင်တာနက် အသုံးပြုမှုကို ပိုမိုထိန်းချုပ်ကန့်သတ်မယ့် ရည်ရွယ်ချက်နဲ့ ပြင်ဆင် အတည်ပြုမယ့် ခြေလှမ်းကို ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ရက်ပိုင်းအတွင်း အင်တာနက် ဖြတ်တောက်တာ၊ အချိန်ပိုင်းနဲ့ အင်တာနက် လိုင်းဖွင့်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေက ဝိုင်းဝန်းကန့်ကွက်ပြောဆိုမှုတွေ ပေါ်ထွက်လာတဲ့နောက် ဆိုင်ဘာလုံခြုံရေး ဥပဒေအတည်ပြုရေးကို ဆိုင်းငံ့ထားခဲ့ပေမယ့်လည်း သင်္ကာမကင်းဖြစ်ရုံမျှနဲ့ ဖုန်းတွေ စစ်ဆေးတာ၊ ဖမ်းဆီးတာ ၊ ဧည့်စာရင်းစစ်တဲ့အချိန်တွေမှာလည်း ဖုန်း၊ ကွန်ပျူတာတို့လိုမျိုးကို စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေခဲ့တာကြောင့် အခုလို ဥပဒေ အတည်ပြုခြင်းက သိသိသာသာ ထူးခြားလာမယ့် သဘောတော့ မဟုတ်ပါဘူး။ ဒီဥပဒေ အတည်မပြုခင်ကတည်းကပဲ VPN သုံးစွဲမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတာ ငွေညှစ်တာတွေ နိုင်ငံအနှံ့အပြားမှာ လုပ်ဆောင်နေခဲ့ပြီး ဖြစ်ပါတယ်။
ဆိုင်ဘာလုံခြုံရေး ဥပဒေကြမ်းကို ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ခိုင်ရေး အစိုးရလက်ထက်ကတည်းက စတင်ပြုစုနေခဲ့တာဖြစ်ပေမယ့် အဲဒီကာလကတည်းက အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဒစ်ဂျစ်တယ်အခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှု၊ စည်းရုံးလှုံ့ဆော်မှုတွေကြောင့် လွှတ်တော်မှာ ဆွေးနွေးတဲ့ အဆင့်တွေအထိ မရောက်ရှိခဲ့ပါဘူး။ အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာလည်း ဆွေးနွေးအတည်ပြုတဲ့ အခြေအနေထိ မရောက်ခဲ့ပဲ စစ်အာဏာသိမ်းပြီးနောက်မှာ ထိန်းချုပ်ကန့်သတ်ဖို့ ရည်ရွယ်ပြီး ဥပဒေကြမ်းကို ပြင်ဆင်အတည်ပြုဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
အခုလို လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ဖမ်းဆီးငွေညှစ်မှုတွေနဲ့ အခြားတဖက်မှာ လုပ်ကြံသတ်ဖြတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ အခြေအနေ တရားဥပဒေကို အားကိုးသူ အလွန်ရှားပါးနေတဲ့အချိန်ကာလမှာ ဥပဒေအသစ် ပြဌာန်းကြောင်း အမိန့်နဲ့ ကြေညာခြင်းဟာ သိသာထင်ရှားတဲ့ သက်ရောက်မှုတော့ ဖြစ်ပေါ်လာလိမ့်မယ်လို့ မယူဆကြပါဘူး။ တရားဥပဒေထက် သေနတ် လက်နက်၊ လာဘ်စားမှု၊ ခြစားမှုတွေ ကျယ်ပြန့်စွာဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ ဥပဒေရှုထောင့်ကနေ ချဥ်းကပ် ခုခံကြဖို့ ပြောဆိုကြဖို့ စိတ်ဝင်စားသူ အလွန်ကိုနည်းလာနေတာ ဖြစ်ပါတယ်။ ထိန်းချုပ်ကန့်သတ်တဲ့ ဥပဒေ ပြဋ္ဌာန်းခြင်းဟာ ဖမ်းဆီးခံရပြီးနောက် အပြစ်ဒဏ်ပေးတာကို တရားဥပဒေနဲ့အညီ လုပ်ဆောင်တာလို့ ဆင်ခြေပေးရုံသက်သက်သာ ဖြစ်တယ်ဆိုတာ အများက သိရှိပြီး ဖြစ်သလို ဥပဒေ နဲ့ မညီတဲ့ မတန်တဆ ပြစ်ဒဏ်ချမှတ်တာတွေ၊ သေဒဏ် နှစ်ထပ်ကွမ်းချမှတ်တာမျိုးတွေတောင် ဖြစ်ပွားနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ခေတ်ပျက်၊ တိုင်းပြည်ပျက်တဲ့ ကာလမျိုးမှာ ဥပဒေဟာ အရေးမပါတော့တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
ဒီနေ့နောက် သတင်းအကြောင်းအရာ တခုကတော့ ငွေဆောင်ဆွေးနွေးပွဲရဲ့ ရလဒ် ၇ ချက်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအတွက် ရည်ရွယ်ပြီး လက်နက်ကိုင် မဟုတ်တဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အင်အားစုတွေ ငွေဆောင်ကမ်းခြေမှာ ဆွေးနွေးသဘောတူ ထွက်ပေါ်လာတဲ့ အချက် ၇ ချက်လို့ လည်း သိရှိရပါတယ်။ အဲဒီအချိန်က ဒီဆွေးနွေးပွဲ ရလဒ်ကို လူသိရှင်ကြား ထုတ်ဖေါ်မပြောကြဖို့ ပါဝင်ခဲ့တဲ့သူတွေက သဘောတူခဲ့ကြပြီး ၃ လခန့်အကြာမှ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်နိုင်ငံရေးသမားက ကိုမြအေးက သတင်းမီဒီယာ တခုကို ထုတ်ဖော်ပြောဆိုခဲ့ရာက အများသိရှိခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါ အချက် ၇ ချက်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့၊ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ နိုင်ငံအနှံ့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရောက်တဲ့နေရာမှာ ရပ်တန့်ထားဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့၊ နိုင်ငံတကာ အကူအညီတွေ လိုအပ်မှု၊ အသွင်ကူးပြောင်းရေး ကြားကာလ သတ်မှတ်ဖို့နဲ့ ကြားကာလ စီမံခန့်ခွဲရေးယန္တရားတခု ဖွဲ့စည်းဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။
ဒီအကြောင်းအရာနဲ့ ထွက်ပေါ်လာချိန်မှာ အခေါ်အဝေါ်အားဖြင့် သဘောတူညီချက် ၇ ရပ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပေမယ့်လည်း လက်တွေ့သဘောအားဖြင့် နိုင်ငံရေးအင်အားစုတွေ ဆွေးနွေးမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်သာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ နိုင်ငံရေးအင်အားစုတွေ အကြား သို့မဟုတ် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား သဘောတူညီမှုမျိုး အဓိပ္ပာယ် မသက်ရောက်ပါဘူး။
အဆိုပါ ဆွေးနွေးပွဲက ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ၊ အီးယူနဲ့ ဒေသတွင်း ထိပ်တန်းသံတမန်တွေ တက်ရောက်ခဲ့ကြတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအတွက် ပြည်တွင်းနိုင်ငံရေးအင်အားစုရဲ့ သဘောထား၊ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ လက်နက်ကိုင်တိုက်ပွဲတွေကနေ နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုချက် သဘောအဓိပ္ပါယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။
ပြည်ပ သို့မဟုတ် လွတ်မြောက်နယ်မြေ၊ အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက်လျှက်ရှိကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ အစရှိတဲ့ အင်အားစုတွေ အနေနဲ့ အခုလိုပြည်တွင်းက နိုင်ငံရေးအင်အားစုတွေရဲ့ အကြံပြုချက်၊ သဘောထား အပေါ် ဘယ်လို အကဲဖြတ်ကြမယ် မသိရသေးသော်လည်း အဆိုပါ သဘောထား ၇ ချက် ထွက်ပေါ်လာပြီးနောက် ဆိုရှယ်မီဒီယာမှာ နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့၊ သက်ဆိုင်သူအားလုံး ဆွေးနွေးညှိနှိုင်းဖို့ (စစ်တပ် အပါအဝင်) သဘောပါဝင်တဲ့ သဘောထားတွေကို စိတ်ကူးယဥ်ဆန်တယ်ဆိုတဲ့ သဘောမျိုး ဝေဖန်မှုတွေ တွေ့ကြရပါတယ်။ အခုအဆင့်ဟာ လက်နက်ကိုင် တော်လှန်ရေး အောင်မြင်လုနီးအဆင့်ဖြစ်တယ်လို့ ယူဆကြတာ သို့မဟုတ် စစ်တပ်ကို ယုံကြည်လို့ မရ၊ ဆွေးနွေးညှိနှိုင်းပြောဆိုလို့မရ ဆိုတဲ့ အယူအဆကို ဆုပ်ကိုင်ထားကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်ကတည်းက ရှိနှင့်ပြီး အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အဲဒီနောက်ပိုင်း ဖွဲ့စည်းလာခဲ့ကြတဲ့ ယေဘုယျအမည် PDF လက်နက်ကိုင်အဖွဲ့တွေထဲက အများစုက အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ဆွေးနွေးရေး လမ်းကြောင်းကို လက်မခံလိုကြဘဲ၊ လက်ရှိစစ်တပ်ကို နိုင်ငံရေးကရော လက်နက်ကိုင် အဖွဲ့အစည်းတခုအဖြစ်ကနေ အပြီးတိုင် ဖယ်ရှားရေးဆိုတဲ့ သဘောထား ရပ်တည်ချက်ကို ဆုပ်ကိုင်ထားကြတာ ဖြစ်ပါတယ်။ စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ နယ်မြေဒေသအားဖြင့် ၅၀ ရာနှုန်းအောက်ကိုသာ ထိန်းချုပ်နိုင်တော့တာဖြစ်ပြီး စစ်တပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေ၊ မြို့အများအပြားကို မကြာတဲ့ကာလတွေမှာ နောက်ထပ် သိမ်းယူနိုင်လိမ့်မယ်လို့လည်း ယူဆထားကြတာ ဖြစ်ပါတယ်။
တဖက်မှာတော့ အဲဒီရပ်တည်ချက်တွေ ကိုင်စွဲထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ဘယ်လောက် ရည်မှန်းချက်နဲ့ အကျိုးစီးပွားချင်း တူညီကြသလဲဆိုတဲ့ မေးခွန်းလည်း ရှိကောင်းရှိနိုင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုအောက်မှာ လက်နက်ကိုင် ဘယ်နှဖွဲ့လောက် ရှိပြီး ကျန်အဖွဲ့တွေက ဘယ်လို ညှိနှိုင်းမှုတွေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ အာဏာသိမ်း စစ်တပ်ကို အပြီးတိုင် ချုပ်ငြိမ်းအောင် တိုက်ခိုက်အနိုင်ယူရေးမှာ ဦးဆောင်ပါဝင် လုပ်ဆောင်ကြမလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်ကောင်း ပေါ်ထွက်နိုင်ပါတယ်။
လက်နက်ကိုင် အဖွဲ့အစည်းတွေ ရပ်တည်ရှင်သန်ရေးအတွက် လူသစ် စုဆောင်းမယ့် နယ်မြေ၊ လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့ဖို့ ငွေကြေးနဲ့ သယံဇာတထွက်ရှိတဲ့ နယ်မြေတွေ လိုအပ်တာဖြစ်ပါတယ်။ ဒီလက်တွေ့ ဖြေရှင်းလုပ်ဆောင်ကြရတဲ့ ကိစ္စရပ်တွေနဲ့ ဘုံသဘောတူညီချက် ဘုံအကျိုးစီးပွား အချို့သော အပိုင်းတွေမှာ ဝိရောဓိ သို့မဟုတ် ပဋိပက္ခဖြစ်ကောင်း ဖြစ်နိုင်ခြေလည်း ရှိနေတာ သတိပြုကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar