မောင်ဘဦး - တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ...
တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ...
မောင်ဘဦး
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၂၅
မူလတန်းအဆင့် အပိုင်းကိန်းအပေါင်းအနုတ်ပုစ္ဆာများဖြေရှင်းရာတွင် ဘုံပိုင်းခြေကိုတူညီအောင်ပြုပြီးမှ အဖြေမှန်ရသည်။ အလယ်တန်းအဆင့်တွင် တဆင့်မြင့်ဘုံဆတိုးကိန်းပုစ္ဆာများ ဖြေရှင်းရာတွင်လည်း ပေးထားသည့်ကိန်း ၂/၃ လုံးတို့ကို သုဒ္ဓကိန်းဖြစ်သည်အထိခွဲ၊ဘုံပါသည့်ကိန်းများကိုယူ၊ ၁ လုံးထက်ပိုသောဘုံကိန်းများကို ထပ်ညွှန်းတင်၊၊ အဖြေထုတ်ရာတွင်ကြီးသောထပ်ညွှန်းကိန်းကိုယူ၊ ဘုံလည်းမပါသော ကျန်ကိန်းများကိုပါမကျန်စေရအောင်ယူပြီး မြှောက်ပါက လိုချင်သောအဖြေမှန်ကိုရနိုင်သည်။ ကိန်းတစ်လုံးလုံးကျန်နေပါက ရသောအဖြေသည်မမှန်တော့။ သိပ္ပံပညာတိုင်းတွင် တိကျသောအဖြေရှိသည်။ ဤသချ်ာပုစ္ဆာအမျိုးအစားများကိုကြည့်၍ သတိလည်းမူ ဂူလည်းမြင်စေ၊ လိုလျှင်ကြံဆ နည်းလမ်းလည်းရစေတည်းဟူသောထုံးဟောင်းစံများကို သတိမူသင့်သော်ကောင်းလေစွ။ ဝါးတစ်ရုံလုံးဘုန်းကြီးတောင်ဝှေး၊ ပေတစ်ပင်လုံး ဘုန်းကြီးယပ်တောင်လုပ်နေသော လျှောမွေးတစ်ကောင်ကြောင့် ဗာရာဏသီချဲ့နေရခြင်း တည်းဟူသော နွေဦးတော်လှန်ရေးဘုံရန်သူ အကြမ်းဖက် အာဏာလု လူသတ်သမား ဓမြဂိုဏ်းချုပ် မအလအပေါ်သူတစ်လူ ငါတစ်မင်း တော်လှန်နေခြင်းသည် ပျက်သုဥ်းကြေမွ ပျောက်ကွယ်သွား သို့မဟုတ် ရှုံးနိမ့်သွားနိုင်ကြောင်းနှင့် ဤလိုအခွင့်အရေးမျိုး နောင်ဘယ်တော့မှမရနိုင်ကြောင်း တော်လှန်ရေးသမားများအားလုံး မပြတ်သတိ အသိရှိသင့်သည်မဟုတ်ပါလော။
မည်သည့်အရာမဆို အပြောလွယ်သလောက် အလုပ်ခက်မှန်း လူတိုင်းသိပါ၏။ ထိုလွယ်သောအလုပ်ကိုပင် လုပ်တတ်သည်ကိုက လူတို့ထုံးစံ။ မည်သို့ဆိုစေ ...
"ဆန္ဒ ဝတော ကိံနာမ ကမ္မံ န သိဇ္စျတိ။
ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္စျတိ။
စိတ္တဝတော ကိံနာမ ကမ္မံ န သိဇ္စျတိ။
ပညဝတော ကိံနာမ ကမ္မံ န သိဇ္စျတိ။" ဟူသောဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ လမ်းညွှန်ရှိသည်နှင့်အညီ နွားခလောက်သာမြည် နှမ်းမရသည့်အပေါက်မျိုး မကြုံရစေရန်၊ မအလဂျပုငတိပြိတ္တာကြီးကို တော်လှန်နေသူတိုင်း မဖြစ်မနေ မိမိတို့အတ္တများကိုလျှော့ ၊ မူလရည်မှန်းချက်အတိုင်း တော်လှန်ရေးခရီးကို မမှိတ်မသုန် ရှေ့ဆက်သင့်သည်မှာ ဧကန်မလွဲပါတည်း။
နွေဦးတော်လှန်ရေးတွင် နောက်ကျမှပါဝင်ခဲ့သော ရှမ်းမြောက်ညီနောင်သုံးဖော်တို့ကား သူတို့ရယူလိုသော ဖက်ဒရယ်ပြည်ထောင်စုအတွက် တာဝန်တစ်ခုလမ်းတစ်ဝက်ကိုရောက်နေကြလေပြီ။ သူတို့သိမ်းပိုက်ထားသောနယ်မြေများတွင် ဖက်ဒရယ်ခြေလှမ်းများ စတင်ကြလေပြီ။ ထိုအထဲမှ AA အဖွဲ့ကား အထူးအံသြစရာကောင်းလောက်အောင် ရခိုင်ပြည်နယ်၊ ရှမ်းမြောက်၊ ကချင်ပြည်၊ ချင်းပြည်နယ်တို့တွင် တပ်ဖြန့်တိုက်နေသည်မှာ မယုံချင်စရာ။ ယခုတော့ ရခိုင် ပြည်နယ်သည် သူတို့အောက် ဒူးထောက် ပြားပြားဝပ်သွားရလေပြီ။
အများပြည်သူများခန့်မှန်းသကဲ့သို့ ထိုအဖွဲ့များသည် မိမိတို့ဒေသများကိုရလျှင် စစ်ကိုရပ်ပစ်လိုက်မှာစိုးရိမ်နေကြသည်။ အကယ်၍ ထိုသို့ဖြစ်လာပါက တစ်နေ့နေ့တစ်ချိန်ချိန်တွင် ထိုနယ်များ မအလလက်အောက်ပြန်ရောက်သွားမည်သာဖြစ်သည်။ ထိုအဖွဲ့များ စစ်ဘောင်ကျယ်လာတာကိုမြင်ပါသည်။ လူအင်အားပိုမိုလိုအပ်လာသည်ကိုလည်း သိပါသည်။ မအလ လေဘဲလူသတ်သမားများ၏ဗုံးကျဲမှုဒဏ်ကို ထိုနယ်များခံနေရခြင်းကိုက တော်လှန်ရေးမပြီးပြတ်သေးကြောင်း သိနိုင်ပါသည်။ မအလ ဒလန်များနည်းအမျိုးမျိုးဖြင့် ဝင်ရောက်မွှေနှောက်နိုင်သေးကြောင်း သတိထားသင့်သလို အခြေ အနေအရ အမြှီးကုတ်နေရသော ထိုဒေသနေ မအလဘက်တော်သားများ၏ အတွင်းဖက်မှပင်းသတ်နေခြင်းမျိုးကိုလည်း ရှိနိုင်သေးသည်။ (လက်ဖက်မြို့တော်နယ်မြေတွင် TLEC ဦးဆောင်ပြီး ဖက်ဒရယ်ပညာရေး စည်းကမ်းချက်များထုတ်ထားသော်လည်း သူတို့ခန့်ထားသော သူတို့လူအချို့၏အဆောင်ဖွင့် ၅/ ၉/ ၁၂ တန်းများအတွက် တရားမဝင်ကျူရှင်သင်၊စကစပညာရေးတွင်ဝင်ရောက်ဖြေဆိုရန် တိတ်တိတ်ပုန်းခုတ်နေကြသည်။ နားလည်ရခက်ပါဘိကော။ ဤသည်ကိုထိုဒေသ EROs ခေါင်းဆောင်များသိပါလေစ။)
တရုတ်နယ်စပ်နှင့်နီး၍တရုတ်သြဇာခံ လုံးလုံးလျားလျားရောက်သွားနိုင်သည့်အဖြစ်မှလည်း ရုန်းထွက်နိုင်ဖို့လိုသည်။ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောခဲ့သော စကားတစ်ခွန်းကို အလွန်သဘောကျမိသည်။ သူတို့ဆင်နွဲနေသောတော်လှန်စစ်ကို "အဂ်ါဂြိုလ်ကဆင်းတားရင်တောင် စစ်ကိုရပ်ပစ်မှာမဟုတ်ဘူး" တဲ့။ ထိုသို့ လူသိရှင်ကြားမဟုတ်သော်လည်း TNLA ခေါင်းဆောင်တာဘုန်းကျော်၏စကားတစ်ခွန်းကိုလည်း သဲ့သဲ့ကြားမိသည်။ နယ်စပ်ဂိတ်များကိုပိတ်ပြီး မအလ နှင့်ညှိနှိုင်းဆွေးနွေးရန် တရုတ်ကြီး၏ဖိအားပေးမှုကို တုံ့ပြန်ခြင်းဖြစ်သည်။"တရုတ်ဖက်ကဂိတ်များကိုပိတ်ပစေ၊ ငါတို့ဖက်ကလည်းပိတ်ပစ်မည်၊ ဘာမှမရှိလည်း မုန့်ညှင်းပုတ်စား၍ တိုက်မည်" တဲ့။ MDY PDFs ၏ပြောရေးဆိုခွင့် ဒေါက်တာစိုးသူရဇော်၏ ဘယ်သူတားတား တော်လှန် ရေးကိုရပ်မပစ်ဘူး၊ မအလ ရှိသည့်နေရာကို မရ ရအောင်ရှာပြီးတိုက်မည်တဲ့။
ယခုလောက်အထိ တော်လှန်ရေးအောင်မြင်ခြင်းမှာ ပြည်သူမပါပဲ မဖြစ်နိုင်၊ အင်အားကပြည်တွင်းမှာပဲရှိသည်။ ထိုခေါင်း ဆောင်များ၏ပြောစကားများသည်လည်း မြန်မာပြည်တွင်းရေးကို ထိုတရုတ်ကြီးခြေထိုးဝင်ရှုပ်နေမှုများကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ မည်သည့်မြန်မာပြည်သားများမှ တရုတ်ကြီးအလိုမရှိကြ။ သူတို့နှင့် မကင်းရာ မကင်းကြောင်းရှိနိုင်သော်လည်း တရုတ်ကြီးနှင့်အတူလက်တွဲလုပ်ခြင်းဖြင့် မည်သည့်အကျိုးမှမရှိကြောင်း သက်သေများ များစွာရှိသည်။ စီးပွားရေးသမား၊ ကိုယ့်အကျိုးသာကြည့်တတ်သူ၊ ဘယ်သူသေသေ ငတေမာပြီးရော စရိုက်လက္ခဏာရှိသည့် ထိုတရုတ်ကြီးနှင့်သတိထားဆက်ဆံသင့်သည်။ ပြတ်သားသင့်သည်များကို ပြတ်သားရမည်။ တရုတ်နှင့်မြန်မာမတူပါ။ နွေဦးတော်လှန်ရေးအောင်မြင်ရန် အလိုအပ်ဆုံးကား ငါတို့မှာ ငါတို့သာရှိသည်။
KIO/KIA များဖက်လှဲ့ကြည့်လျှင်လည်း အားရစရာများစွာ။ တရုတ်ဖက်မှ ဖွင့်ချင်သောဂိတ်ဖွင့်ပြီး ပိတ်ချင်သောဂိတ်ကို ပိတ်ထားသည်။ ပြတ်သားလိုက်သည့် KIA၊ နယ်စပ်ဂိတ်များအားလုံးကိုပိတ်ချလိုက်သည်။ အားလုံးဖွင့်လျှင်ဖွင့် မဖွင့်လျှင် အားလုံးပိတ်တဲ့။အမြီးပြတ်သွားသောအိမ်မြောင်ကဲ့သို့ တဆတ်ဆတ်ခါသွားသူကတော့ တရုတ်ကြီး။ ဒေါ်စိန်အေးကျောင်းဆင်းများကဲ့သို့ လက်နက်ကိုင်ထားပြီး တရုတ်ကိုကြောက်ရသည့်အထဲ KIA မပါကြောင်း လက်တွေ့ပြသွားသည်။ တရုတ်ကြီးကဗန်းမော်မြို့ကြီးကိုမတိုက်စေလိုသော်လည်း ယခုတော့ဗန်းမော်မြို့ကြီးသည် KIA လက်အောက် ရောက်ရန် လက်တစ်ကမ်းသာလိုတော့သည်။ မအလ ၏ရမခ၊ နပခစစ်တိုင်းကြီးများ တော်လှန်ရေးတပ်များအောက်ကျရောပြီးနောက် တတိယမြောက်ပါသွားနိုင်သည်ကတော့ မြစ်ကြီးနား။ "စစ်မီးမပွားစေလိုလျှင် မြစ်ကြီးနားကိုပေး" ဟုသော KIA ၏ရာဇဒဏ်ကို မအလတောင့်ခံနိုင်ပါ့မည်လား။
KIA ကား ကလိမ်စေ့ကို ဓာတ်တော်မှတ်ပြီး ကလပ်ပေါ်တင်မကိုးကွယ်ကြောင်း အပြောနှင့်လက်တွေ့ညီအောင်ပြနေ သည်။ ဘုံရန်သူကို အခြားသောတော်လှန်ရေးအဖွဲ့များနှင့် ဘုံသဘောတူညီချက်ယူကာတိုက်ပြနေသည်။ တရုတ်၏ ဖိ အားကို ခြောက်တိုင်း မကြောက်ကြောင်း ဗိုလ်ချုပ်ကြီးအန်ဗန်လကို ပေကျင်းသို့ဖိတ်ခေါ်လိုက်ခြင်းက KIA တို့၏ တော်လှန် ရေးသတ္တိ။ အကောင်းဆုံးအပ်သည် နှစ်ဖက်ချွန်မရှိ။ လူပြောမသန် လူသန်မပြောပဲ လုပ်သင့်လုပ်ထိုက်သည်ကိုလုပ်ပြနေသည်။ NUG နှင့်ချိတ်ဆက် မိတ်ဖက်ဖြစ်နေသည်ကိုက အားရှိ၊ ထောက်ခံနေသူများကား မြန်မာပြည်သူများ။
အောက်ချင်း ငှက်တို့စံရာချင်းတို့ဒေသသည် ဟိုးယခင်ရှေးကတည်းက ဘာစီးပွားမှဖြစ်ထွန်းခဲ့သောဒေသမဟုတ်။ ဆင်းရဲသော အေးချမ်းသော ရိုးသားသော ချင်းတောင်တန်။ နေရာတိုင်း ခက်ခက်ခဲခဲပညာသင်ယူကြရသည်။ သို့သော် ပညာတတ်အလွန်ပေါသည်။ ပညာတတ်ပေါ၍လည်း နွေဦးတော်လှန်ရေးကို ရိုးရာတူမီးနှင့်စခဲ့ရပြီး ကျည်ကုန်၍ကျောက်ခဲ၊ မြေစိုင်ခဲတို့ဖြင့် ကျားကုတ်ကျားခဲ တိုက်ပွဲဝင်ခဲ့ရသည်ကိုက အလွန်လေးစားစရာကောင်းသည့် ချင်းတို့၏တော်လှန်ရေးအစဦး။ မြို့သိမ်းတိုက်ပွဲများဆင်နွဲနိုင်ရန် AA နှင့်ဘုံသဘောတူညီချက်ယူခဲ့သည့်တော်လှန်ရေးသတိ၊ တော်လှန်ရေးအသိကား ယခုဆို သူတို့၏မြို့တော်ဟားခါးမြို့ကြီးကိုသိမ်းရန်သာကျန်တော့သည်။ အကွဲကွဲအပြားပြားဖြစ်နေသော အဖွဲ့များကို ချင်းညီနောင်အဖြစ် ပေါင်းစည်းလိုက်နိုင်ခြင်းကိုက တိုက်ပွဲမတိုင်ခင် ၅၀% အောင်မြင်ပြီးသည်နှင့်တူတော့သည်။ ချင်းမြို့ပြများကို ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း စိတ်ဓာတ်မကျ၊နောက်မဆုတ်၊ ကြောက်ရွံမသွား။ လုပ်သင့်လုပ်ထိုက်သည်များကိုလုပ်ရင်း အောင်ပွဲရယူပြနေသည့် အတုယူသင့်သောချင်းတို့၏သာဓကများ။
ဖထီးတို့ဖက်တွင်တော့ ဆူးညှောင့်ခလုပ်ကား အကြီးကြီးမှအကြီးကြီး။ သူတို့အချင်းချင်းမတိုက်ကြေးဆိုသော် လည်း နွေဦးတော်လှန်ရေးအတွက်မူ အချိန်ကြံကြာနိုင်သည်လေ။ စောချစ်သူ၏ကျားဖြန့်လုပ်ငန်းကို ကြောက်၍ေလာ သို့တည်း မဟုတ် သူတို့ပါဝင်နေ၍လော။ သံသယများကြားက ဖထီးတို့တိုက်ပွဲဖော်ဆောင်နေသည်တို့ကိုအားမရပါ။ သို့သော် လွန်ခဲ့ သောနှစ်ပေါင်း ၃၀ ကေျာ်ကဆုံးရှုံးခဲ့ရသော မာနယ်ပလောစခန်းကြီးပြန်ရလိုက်သည့်သတင်းတက်လာပုံက မအလ အရှိုက်ကို အားရပါးရထိုးလိုက်သလား။ ပြောရေးဆိုခွင့်ရှိသူဖထီး ဖဒိုစောတာနီး၏အင်တာဗျူးများကိုနား ထောင်ရသည်မှာ လည်း KNU အဖွဲ့အနေဖြင့် နွေဦးတော်လှန်ရေးကို မျက်ခြေမပြတ်ကြောင်းသိရသလို၊ အသေးစိတ်ေပြာရန်မသင့်သောအစီအစဥ်များရှိကြောင်းလည်းကြားသိရသဖြင့် ၂၀၂၅ ခု နှစ်ကိုသာအမြန်ရောက်ချင်ဇော ကြီးမိသည်။ သူတို့နှင့်အတူ မွန်တော်လှန်ရေးတပ်များ၊ PDFs များနှင့်အခြားတပ်များလည်းရှိနေရာ အပိုင်းကိန်း၊ ဘုံဆ တိုးကိန်းပုစ္ဆာ အဖြေထုတ်ပုံ၊ အဖြေထုတ်မည့်ရက်တို့ မဝေးလှတော့ဟုမျှော်လင့်ရသည် ။ ၄ နှစ်ပြည့်တော့မည့်နွေဦးတော် လှန်ရေး၊ အချိန်ဆွဲတိုက်နေ၍မဖြစ်တော့။ သည်ထက်ပိုရှည်ကြာလာပါက မအလအကြိုက်ဖြစ်သွားမည်ကို လွတ်လပ်ရေးရကတည်းက တော်လှန်လာခဲ့သော အဖွဲ့ကြီးသိနိုင်ကောင်းပါ၏။
မြန်မာပြည်၏အငယ်ဆုံးသောကရင်နီပြည်နယ်။ အစောဆုံးတာထွက်၊ ပန်းတိုင်ရောက်ခါနီးမှ လက်လျှော့လိုက်မှာစိုးရိမ်မိသည်။ လွိုက်ကော်ကိုသိမ်းပိုက်ရန်သာကျန်တော့သော EROs တပ်ကောင်းတစ်တပ်။ ယခုနောက်ပိုင်းဘာသတင်းမှမကြားရ။ ကျွန်တော်တို့ဒေသ အင်တာနက်ဖြတ်တောက်ခံရခြင်းကြောင့် မကြားရသလော။ သို့သော် ဗိုလ်မာဝီကိုယုံသည်။သူတို့လည်းလုပ်စရာရှိတာပြင်ဆင်ရင်း ၂၀၂၅ ခုနှစ်တွင် သူတို့၏အခန်းကဏ္ဉကို ကြိုတင်စိတ်ကူးယဥ်ရရင်ကောင်းလေမလား။
တဖန် ယခင်ကလည်းမပါ၊ ယခုလည်းမတွေ့။ အမေ့ကောင်းကြီးဖြင့်မေ့နေလေသော ပဲပုတ်တ်စားပြီး ခေါင်းပြားအောင်အိပ်နေလေသော EROs ၂ ဖွဲ့ကြီးကာ ဂန္တဝင် စံတင်လောက်ပေ၏။ ကာလနဂါးကြီးဝင်စားနေလေရော့သလား။ ပြည်သူကိုသနားညှာတာ၍ တိုက်ပွဲမဖော်ဆောင်တာပါတဲ့။ ပြည်သူများ စစ်ပြေးဒုက္ခသည်များအဖြစ် ဆင်းဆင်းရဲရဲ ကြောက်ကြောက်ရွံရွံ ပြေးလွားနေရမှုတို့ကိုအလိုမရှိပါတဲ့။ စကားတင်စီးနှင့် အီးလေတင်ကပေါက်နေသည်ဟုဆိုရလေမလား။ ပျားရည်နှင့်ဝမ်းချနေသလားမသိ။ ပြည်သူကိုသနား၍ နှစ်စဥ် လူပေးရသည်၊ အခြားသော အခွန်တော်များကလည်း ပြည်သူများဒုက္ခိတ ပျားတုတ်ခံနရသည်တို့ကပင် သူတို့၏တော်လှန်ရေး အဘိဓမ္မာများလေလား။ သူတို့နှင့်ပတ်သက်၍ သူတို့ပြည်သူများပင် အားမရ၊၊ သူတို့ကားအပိုင်းကိန်း၊ ဘုံဆတိုးကိန်းပုစ္ဆာများကို တွက်ဖူးကြဟန်မတူ။ နမူနာယူဖို့ဝေးစွ၊ ရွှေထီးဆောင်းခဲ့ရသည်ကို ယခုထိစိတ်ကူးယဥ်နေသည်။ ဗမာလူမျိုးများကို လူမျိုးကြီးဝါဒ ကျင့်သုံးသည်ဟု သူတို့ကစွပ်စွဲ သည်။ လက်တွေ့ကျင့်သုံးသူတွေက ထိုသူများဖြစ်ကြောင်း ရှမ်းပြည်ရောက်ဖူးသူတိုင်း သိနိုင်သည်။ သူတို့မှလွဲ၍ ကျန်လူမျိုးများကား ဖွဲနှင့်စကွဲ။ ဘုံယူမရသည့်အပြင် ဘုံကိန်းမရသည့် ကျန်ကိန်းအဖြစ်နှင့်ရော မရယူနိုင်မှာ စိုးမိပါသည်။
ရွာ ၄/၅/၆ လောက်လွှမ်းမိုးထားရုံဖြင့် စစ်ဦးစီးချုပ်လုပ်နေသည့်အဖွဲ့ကလည်း အစကောင်းပြီး အနှောင်းမသေချာ။ ထိုအဖွဲ့၏ခွဲထွက်အဖွဲ့ကလည်း သူတို့တပ်အနေဖြင့် NUG ၏တပ်ရင်းတပ်ဖွဲ့ ဖွဲ့စည်းပုံအတွင်း ဝင်၍မရဟု လေပစ်ပြန် သည်။ ကဗျာအရေးကောင်းသူတစ်ယောက်ကလည်း တရုတ်သြဇာခံ လေသံလိုက်နေပြန်သည်။ အချို့သောအညာ PDFs များကား NUG ၏လက်အောက်ခံမဟုတ်ဟုဆိုကာ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကို တလွဲဆံပင်ကောင်းနေသည်။ထို့ကြောင့်ပင် အညာတွင်လူပြောများနေသည်ကား အသားပေါတာ စီဘီကြက်၊ မယားပေါတာ ပီတီအက်ဖ် ဟူသတည်း။ အချို့အဖွဲ့များကား NUG လက်အောက်ခံဖြစ်ငြား လောက်လောက်လားလားဘာမှမရ၊ ကိုယ့်အားကိုယ်ကိုးတိုက်ပွဲဝင် နေကြသည်။ သမိုင်းထဲကမြို့ပြနိုင်ငံငယ်များကိုသတိရမိသည်။ သူတစ်လူ ငါတစ်မင်း။ မျှော်ကြည့်သမျှ ရင်ကို အတော်ထိလှသည်သာချည်း။
အများကထောက်ပြသလို NUG အစိုးရ လိုတာလူတိုင်းသိပါသည်။ သို့သော်တော်လှန်ရေးတစ်ရပ်အောင်မြင်ရန်နှင့် နိုင်ငံတကာဆက်ဆံရေးတွင် အစိုးရတစ်ရပ်လိုအပ်သည်မဟုတ်လော။ နွေဦးတော်လှန်ရေးကြားက ထွက်ပေါ်လာသော NUG အစိုးရသည်ကျွန်တော်တို့၏ကြားကာလအစိုးရသာမဟုတ်လော။ အစစအရာရာ သုညကစခဲ့ရသည်။ မအလ အကြမ်းဖက်ကဲ့သို့ နိုင်ငံတော်ဘဏ္ဏာကို ဖင်ခုထိုင်သုံးနိုင်သည့်အစိုးရမဟုတ်။ လုပ်နိုင်သည့်အတိုင်းအတာများကိုလုပ်နေရင်း တော်လှန်ရေးကိုဆင်နွဲနေကြသည်။ ဦးဆောင်သူများအားလုံးနိုင်ငံမဲ့ ဖြစ်နေကြရသော်လည်း အခွင့်အရေးမယူ၊ပြည်သူများ၏ဆင်းရဲဒုက္ခများကို အဆုံးသတ်ပေးနိုင်ရန် ကိုယ်စီကြိုးစားနေကြသည်။
EROs များရော၊ PDFs များပါ ထိုကြားကာလအစိုးရနှင့် ဘုံသဘောတူညီချက်ယူ၊လက်တွဲလုပ်ဆောင်သင့်ချိန်ကျပြီ။ယခင်ကတည်းကာတိုင်းရင်းသားများ တောင်းဆိုနေသည့် ပင်လုံစာချုပ်သဘောတူညီချက်ကို မျက်ခြေ ပြတ်သွားကြပြီလော။
ပြည်သူများ၏ထောက်ခံမှု၊ အညာPDFs များ၏ ကူညီတိုက်ခိုက်ပေးမှုကြောင့် မိမိတို့ဒေသများကိုရယူပြီးသည်နှင့် NUG အစိုးရက သပ်သပ်ဖြစ်သွားသည်မှာ မှန်ကန်ပါ၏လော။
ဖက်ဒရယ်ပြည်ထောင်စုကိုသွားမည်၊ နွေဦးတော်လှန်ရေးကို အဆုံးထိသွားမည်ဆိုသော ကတိများကား တရုပ်ကြီးကိုကြောက်၍လော။ ပြည်သူများ၏ထောက်ခံမှုကို ဥပေက္ခာပြုလိုက်သလော။
လေထဲတွင်ပျောက်ကွယ်သွားမည်စိုးလှသည်။ ထိုဒေသများကိုရရှိရန် အညာ PDFs များပါဝင်ခဲ့ကြသည်။ အိမ်ပြန်မရောက်နိုင်တော့သော PDFsများ များစွာ။ အရာရာမပြည့်စုံပဲရှိနေသည့် မြေပြန့်ဒေသ PDFs များအားထောက်ပို့ပေးရန် EROsများအလှဲ့ ရောက်လေပြီ ဟုမြင်မိပါ၏။
NUG အစိုးရအနေဖြင့်လည်း အပိုင်းကိန်း၊ ဘုံဆတိုးကိန်းပုစ္ဆာများဖြေရှင်းသကဲ့သို့ အထပ်ထပ်ညီညွတ်မှုရှိစေရန်လုပ်၊မည်သည့်အဖွဲ့များမှမကျန်စေရန် ကြိုးစားရင်း ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးအမြစ်ဖြတ်နိုင်ရန် အထူးလိုအပ်နေသည်မဟုတ်လော။
ညီညွတ်မှုမရှိ၊ညီညွတ်မှုရအောင်မကြံဆောင် မလုပ်သေးသ၍ နွေဦးတော်လှန်ရေးကား ကြံ့ကြာနေမည်သာတည်း။ အချိန်ကြာလေ မင်းအောင်ကြိုက်လေ၊ အများပြည်သူနစ်နာလေ၊ ပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊နိုင်ငံရေး၊လူမှုရေး၊ဘာသာရေးတို့ ပိုဆုံးရှုံးလေမဟုတ်ပါလော။
ပြီးခဲ့သည့်၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က NUG ယာယီသမ္မတကြီး ဒူဝါလရှီလ၏ တပ်လှန့်မိန့်ခွန်းစကားကို အကောင်အထည်ဖော်ရန် အချိန်ကျနေပြီ။ အချိန်ကိုက်ထွက်ပေါ်လာသော သမ္မတကြီး၏တော်လှန်ရေးအသိ၊သတိပေးမှုအတိုင်း အားလုံး အားလုံးတို့သည် ပိုမိုကောင်းမွန်သောနည်းလမ်းများဖြင့် ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် ရှည်ကြာအချိန်ဆွဲ၍မရသော နွေဦးတော်လှန်ရေးပန်းတိုင်ကို အရောက်ချီတက်ကြရန် အခြေအနေအရပ်ရပ်ကလည်း ပေးနေလေသည်ကို သတိပြုကြရန် အသိရှိကြရန် လိုအပ်နေပြီမဟုတ်လော။
မည်သည့်အကြောင်းပြချက်များရှိပါစေ မိမိတို့အတ္တများကိုလျှော့ပြီး အားလုံးစုစည်းညီညွတ်မှုဖြင့် တစ်ချီတည်းရုန်းလိုက်ကြလျှင် ဆီးရီးယားအာဏာရှင် အာဆက်ထွက်ပြေးရသလို မင်းအောင်လှိုင် ထွက်ပြေးရန် သို့မဟုတ် အသေထွက်ထွက်ရန် ကျိန်းသေနေပါပြီ။