Breaking News

မထိန်းချုပ်နိုင်တဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီ



မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၆ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅


မထိန်းချုပ်နိုင်တဲ့ ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီ

မြန်မာနိုင်ငံ ရဲ့ နေရာဒေသ အနှံ့အပြားကို စစ်ကောင်စီရဲ့ လေတပ်က တိုက်လေယာဥ်၊ ကင်းထောက်လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ နေ့စဥ် လေကြောင်းတိုက်ခိုက်နေတဲ့ သတင်းတွေက နေ့စဥ်သတင်းတွေရဲ့ ခေါင်းစဥ်တွေ ဖြစ်နေတာ နှစ်ပေါက်လာနေပြီဖြစ်ပါတယ်။ နှစ်ပေါက်လာတာနဲ့ အမျှ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ အရပ်သား အရေအတွက်လည်း ရာဂဏန်းကနေ ထောင်ဂဏန်းထိ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ရာမှာ ရင်ဆိုင် လက်နက်ကိုင်တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ လေကြောင်းပစ်ကူ အနေနဲ့ သုံးသလို တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေ၊ နယ်တွေကို သတင်းအချက်အလက် ထောက်လှမ်းပြီး လက်နက်ကိုင်တွေ အခြေစိုက်နေတယ်လို့ ယူဆတဲ့ အုပ်ချုပ်ရေးရုံး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ စျေးတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ယူဆရပါတယ်။ 

ခုရက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်တွေကိုကြည့်ရင် ကျောက်မဲမြို့ ဆေးရုံ၊ မြင်းခြံဆီမီးခုံ လမ်းကဆင်းကွပ်ကျေးရွာ၊ ရင်ဆိုင်တိုက်ပွဲအပြင်းအထန် ဖြစ်နေတဲ့ ဗန်းမော်မြို့၊ ကရင်နီပြည် မိုးဗြဲဒေသနဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ထိစပ်ရာ ဘောမိ ကျေးရွာ၊ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာစတဲ့ နေရာတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေ အနက် ရခိုင်-ဧရာဝတီ အစပ် နဲ့ ဗန်းမော်မြို့တို့သာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့အပေါ် လေကြောင်းက ကူတိုက်ခိုက်တာဖြစ်ပြီး ကျန်ဒေသတွေက တိုက်ခိုက်မှုတွေအားလုံးက သတင်းအချက်အလက်စုဆောင်းပြီး တိုက်ခိုက်တာတွေ  လို့ကောက်ချက်ချနိုင်ပါတယ်။ 

သတင်းအချက်အလက် ထောက်လှမ်းပြီး လေကြောင်းက တိုက်ခိုက်မှုအချို့က လက်နက်ကိုင် အဖွဲ့အစည်းတွေ စခန်းချရာနေရာလို ပစ်မှတ်မျိုး ထိမှန်တဲ့ဖြစ်ရပ် အချို့ရှိပေမယ့်လို့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေ၊ သာသနာ့ဝန်ထမ်းတွေ၊ ကလေးသူငယ်တွေနဲ့ အရပ်သားတွေလည်း အများအပြားထိမှန် သေဆုံးနေကြတာ ဖြစ်ပါတယ်။ သူတို့တွေက စစ်ပွဲတွေထဲ ကြားမှာ ထိခိုက်ကြရတဲ့ သာမန်အရပ်သား တွေသာဖြစ်ကြပါတယ်။ လေကြောင်းတိုက်ခိုက်မှုတိုင်းက စစ်ရေးပစ်မှတ်တွေ မဟုတ်ကြဘဲ စျေး၊ လူနေရပ်ကွက်၊ ဘာသာရေး ဘုန်းတော်ကြီးကျောင်း နဲ့ ဆေးရုံ/စာသင်ကျောင်းတွေ ဖြစ်ကြပါတယ်။ လတ်တလော ဖြစ်ရပ်တခုဖြစ်တဲ့ ကျောက်မဲမြို့ ဆေးရုံကို လေကြောင်းကတိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးရသူတွေဟာ အရပ်သားတွေ၊ ဆေးရုံဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ 

စစ်ကောင်စီအဖို့ လေကြောင်းတိုက်ခိုက်မှုနဲ့ နယ်မြေတွေ ပြန်သိမ်းယူနိုင်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ပြီးလျှက်နဲ့ ဘာကြောင့် အခုလိုဆက်လက်တိုက်ခိုက် နေရသလဲလို့ဆိုရင် သိမ်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို မခံနိုင်ရင် ဒီဒေသတွေကို လက်လွှတ်ဖို့ ဖိအားပေးတဲ့ ရည်ရွယ်ချက်၊ ဒီနယ်မြေတွေကို သိမ်းယူထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက ကောင်းစွာ အုပ်ချုပ်နိုင်ခြင်း မရှိဘူးဆိုတဲ့ အနေအထား မြင်လာစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ ကောက်ချက်ချနိုင်ပါတယ်။ ကုန်လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် တနှစ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ မြို့တွေဒါဇင်နဲ့ချီ လက်လွှတ်ခဲ့ရပြီး စစ်ဌာနချုပ် အခြေစိုက်မြို့နဲ့ ကုန်သွယ်ရေး အချက်အချာကျတဲ့ မြို့လည်းဖြစ်တဲ့ လားရှိုးမြို့လို မြို့ကြီးတွေပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ 

ခုချိန်ထိတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရာ NUG/PDF တွေပါ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ် တုံ့ပြန်နိုင်တဲ့ အနေအထားရှိမနေကြပါဘူး။ လေကြောင်းရန် သတိပေးတာ၊ လေယာဥ်ပစ်လက်နက် စတာတွေကို ဝယ်ယူနိုင်ဖို့ ငွေကြေးရော၊ ဝယ်ယူနိုင်မယ့် အဆက်အသွယ် စတာတွေ မရှိကြတဲ့ အနေအထားလို့ ယူဆရပါတယ်။ ဝေဟင်က တိုက်ခိုက်မှုဆိုခဲ့ရင် ဒရုန်းတိုက်ခိုက်မှုလိုမျိုးကို လှိုင်းဖျက်တာ၊ နှောက်ယှက်တာမျိုးလောက်တော့ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ကြပေမယ့် လေယာဥ် လာတာကို မရောက်ရှိမီ ကြိုတင်အသိပေးနိုင်တဲ့ စနစ်၊ ရန်သူရဲ့ လေယာဥ် ရဟတ်ယာဥ်ကို ပစ်ချနိုင်စွမ်းက လုံလုံလောက်လောက် မရှိသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဒေသက လူထုကိုသာ လေကြောင်းရန် အကာအကွယ် အဖြစ် ဗုံးခိုကျင်းတွေ တူးထားတာ၊ လေယာဥ်တက်လာချိန် လေယာဥ် ဦးတည်ရာလမ်းကြောင်း အန္တရာယ်ရှိနိုင်တဲ့ ဒေသတွေကို ဆက်သွယ်သတင်းပို့ပြီး လေကြောင်းတိုက်ခိုက်မှုကနေ လွတ်ဖို့ ဗုံးခိုကျင်းတွေထဲ ပုန်းခိုဖို့ သတိပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးဘပါဘူး။ 

နောက်တချက်က စစ်ကောင်စီရဲ့ တိုက်လေယာဥ်၊ ကင်းထောက်လေယာဥ်နဲ့ ရဟတ်ယာဥ် တွေ လောင်စာဆီ မရရှိအောင်၊ အပိုပစ္စည်းတွေ ဝယ်ယူလို့မရအောင် ကြိုးစားဖို့ ဆိုတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကနေ ကြိုးပမ်းနေကြတာလည်း အတိုင်းအတာတခုထိ သတိပြုမိကြတဲ့ အနေအထားဖြစ်ပေမယ့် လေယာဥ်ဆီ လုံးဝ ပြတ်တောက်အောင် လုပ်ဆောင်နိုင်ဖို့တော့ မလွယ်ကူတဲ့ အနေအထားဖြစ်ပါတယ်။ စစ်ကောင်စီကို လက်နက်မရောင်းချကြဖို့ ကြိုးပမ်းမှုနည်းတူ နိုင်ငံအားလုံးက ပါဝင်လုပ်ဆောင်ကြဖို့ မလွယ်ကူတဲ့ အနေအထားဖြစ်ပါတယ်။ ရုရှားလို၊ ဗီယက်နမ် နိုင်ငံလို၊ အီရန်တို့လို နိုင်ငံတွေဆီကနေ လက်နက်၊ လောင်စာဆီ စတာတွေ အပြင် တိုက်လေယာဥ်လိုမျိုးအထိ ဝယ်ယူရရှိနိုင်နေသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီအဖို့ လေယာဥ်ဆီ ဝယ်ယူနိုင်မှု အတိုင်းအတာတခုထိ အကန့်အသတ်ရှိပေမယ့် လုံးဝမဝယ်ယူနိင်တဲ့ အခြေအနေမျိုး မဟုတ်သေးပါဘူး။ 

စစ်ကောင်စီ အနေနဲ့ လေကြောင်းက တိုက်ခိုက်မှုကို လတ်တလောမှာ အပစ်ရပ်ဖို့ ဖိအားပေးမှု တခုသဖွယ်လည်း အသုံးချလာနေတာတွေ့ရပါတယ်။ ရှမ်းမြောက်က MNDAA ကိုလည်း လေကြောင်းတိုက်ခိုက်တဲ့ နည်းလမ်းနဲ့ ဖိအားပေးခဲ့သလို TNLA ကိုလည်း ရှမ်းမြောက်မှာ ခုဖိအားပေး လုပ်ဆောင်နေတာတွေ့ရပါတယ်။ ကိုးကန့် လက်နက်ကိုင် MNDAA နဲ့ အပစ်ရပ် သဘောတူလိုက်ပြီးနောက်မှာ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက ကျောက်မဲမြို့ကို အခုလို တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ သိမ်းယူထားတဲ့ နယ်မြေတွေမှာ အားလုံး ဗုံးခိုကျင်းတူးပြီးနေရတဲ့ အခြေအနေမျိုးနဲ့ လနဲ့နှစ်နဲ့ချီ နေထိုင်ဖို့က အခက်အခဲရှိပါတယ်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ အနည်းဆုံး စားဖို့ သောက်ဖို့အတွက် လုပ်ကိုင်နေရမယ့် အခြေအနေမျိုးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးခိုကျင်းထဲ အမြဲနေထိုင်ဖို့ မလွယ်ကူပါဘူး။ 

ဒီလိုအခြေအနေမှာ လူထုအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဘေးအန္တရာယ်နဲ့ ထိခိုက်ဆုံးရှုံးမှု လျော့နည်းလာစေဖို့ လက်နက်ကိုင် အဖွဲ့တွေကို ဦးဆောင်သူတွေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးကို တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပိုပြီးအလေးထား ဂရုစိုက်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar