Breaking News

နွေညို - မီးသင့်ရွာ

Photo Credit- Myanmar Now

မီးသင့်ရွာ
နွေညို
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၅

မျက်ရည်တွေ
ခေတ်ကိုထင်ဟပ်
တတောလုံးလှဖို့
တရွာလုံးဒုက္ခနဲ့
မိုးကိုမော့ကြည့်
ကောင်းကင်ကို ငေး
မိစ္ဆာတွေပေါတဲ့ မိုးသားများ
လူကိုလူလို မဆက်ဆံတတ်တဲ့
လောဘသားကောင်
ဘုရား‌ဟောတဲ့ အမှန်တရားဟာ
ငါတကောကောတဲ့ ပါးစပ်ထဲ
ရေအလျဉ်လို စီးဝင်
ခုတော့
မဲမဲမြင်ရာ မိုက်မဲယုတ်မာမူတွေ
အဘိုးအဘွားများ
သားသည် မိခင်များ
လူမမည်လေးများ
လိုတာမရတဲ့ စိတ်နဲ့
သံသရာရယ် 
သမိုင်းတွင်မဲ့ ယုတ်မာမှုအောက်
စုံးစုံးမြုပ်နေရတဲ့ ဘဝတွေ
ငေးကြည့်နေတော့မလား
ဘဝတွေ
လယ်ယာကိုင်းကျွန်း
မိရိုးဖလာယဉ်ကျေးမှု အတတ်ပညာ
စိုက်ပျိုးလို့မရတဲ့ ပိုင်ဆိုင်မှုများ
စိတ်ကိုသတ်တဲ့ လောကဓံ
လူကိုသတ်တဲ့ လောဘ
ကမ္ဘာက မီးမလောင်သေးဘူး
တောကောင်တွေ အလျင်ချနင်းခံရ
ငါ့အမှန်တရား 
တပြားသားမှ မလျှော့တဲ့ အာဏာနဲ့
တမူးသာနေတဲ့ အရူး
ဘုရားထူးရင် ရနေတဲ့ နေရာမှာ
ဘယ်ဘုရားမှ ကယ်လို့မရတဲ့ မိစ္ဆာ
အမှန်တရားဟာ သွေးယိုစိမ့်သလို
ငါတို့ရွာတွေ ပြာပုံအတိနဲ့
လူမိုက်တို့ရဲ့ဇာတ် 
ဘယ်တော့သိမ်းမှာလဲ
ခုတော့
မီးသင့်ရွာတွေ က တစ်ရွာပြီးတစ်ရွာ
ကမ္ဘာကြီးက 
ငါတို့ကို ငေးငေးကြည့်လို့ပေါ့ ။ ။

23.1.2025
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar