Breaking News

ဆယ်ပေါင်တူ - ခွေးသဒေါင်းဇား AI ကြင်စိုး

ဆယ်ပေါင်တူ - ခွေးသဒေါင်းဇား AI ကြင်စိုး

(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၅


မအလ ကြင်စိုး အနေဖြင့် ဘယ်လောက်ပဲ အရှက်မဲ့မဲ့၊ ဘယ်လောက်ပဲ အရေထူထူ၊ ခွေးဟု သမုတ်ခံရသည်ကို တော့ ကြည်ကြည်ဖြူဖြူနှင့် လက်ခံနိုင်မည် မထင်ကြ။ သို့သော် ထိုအထင်နှင့် အမြင်သည် ယခုတော့ တက်တက် စင်အောင် လွဲလေပြီ။

စစ်ခွေးများဟု တတိုင်းပြည်လုံးက ခေါ်ဝေါ်ကြသည့်အခါ အစပိုင်းတွင် ကြင်စိုးတို့တတွေ အသည်းတဆတ်ဆတ် နာကြသည်။ သို့ရာတွင် နံနံခြားတွင် ပညာနွားနို့ တစက်စနှစ်စက်စ လျက်ခဲ့ဖူးသည် ဆိုသည့် နံနံခြားပြန်တချို့နှင့် နိုင်ငံရေးဘောင် မရမက ဇွတ်ကျယ်လိုသူ၊ ရက်လွန် ဂျန်နရေးရှင်းဇွတ်များ၏ အကြံဥာဏ်များဖြင့် နားချခံရပြီး သကာလ၊ ကြင်စိုးတို့သည် သူတို့၏အယူအဆဟောင်းများကို ပြောင်းလဲကာ ခွေးလိုကျင့်ဖို့ စဉ်းစားလိုက်ကြ သည်။

အဘယ်သို့သော အကြံဥာဏ်ဖြစ်သည်ကို မရှင်းခင်၊ ထိုအကြံဥာဏ် ပေးကြသူများအကြောင်းကို လင်းရပေဦး မည်။ ထိုသူများသည် စစ်ဘိနပ်ကိုက်ပြသည့် ဘောမလောက် ဥာဏ်မနည်းသော်လည်း၊ စစ်ဘိနပ်ကို ဗဟိုမပြု လို့တော့မရ ဟူသည့် အယူအဆပိုင်ရှင်များပီပီ၊ စစ်ဘိနပ်ပုံရင်ထိုးကို သူတို့၏အင်္ကျီပေါ် နှလုံးသားနှင့် အနီးကပ် ဆုံးနေရာတွင် မသိမသာ မြတ်မြတ်နိုးနိုး တိတ်တခိုးလေး ချိတ်တွယ်ထားသူများ ဖြစ်ကြသည်။ သူတို့က ‘စိန် ခေါ်မှုများကို အခွင့်အရေးအဖြစ် ပြောင်းလဲပစ်ရမည်’ဟု နံနံခြားတွင် ရေလဲသုံးလေ့ရှိသည့် စကားပုံဖြင့် ခပ်တည် တည် ဆရာကြီးလုပ် အကြံပေးကြသည်။

ဤစကားကို စကြားကြားချင်း အစည်းအဝေးခန်းမတွင်းရှိ စားပွဲထိပ်တွင် နီးနီးကပ်ကပ် ထိုင်နေသည့် အညှီ အဟောက်ကြိုက်သော မအလ ကြင်စိုးနှင့် လက်ဖက်ခြောက်တို့သည် တယောက်မျက်နှာ တယောက် စပ်ဖြီးဖြီးနှင့် ကြည့်လိုက်ကြသည်။ ပြီးတော့ တိုင်ပင်ထားကြသလို ‘စိန်ရောင်းတဲ့ သွက်သွက်ခါကို ခေါ်ပြီး အခွင့်အရေး ယူပစ် လိုက်ဖို့ ပြောတာနဲ့တူတယ်’ဟု တီးတိုးအတူပြောပြီး ရယ်ကြသည်။ စစ်ခွေးချုပ်ကြီးများဆိုတော့ စစ်ခွေးများနှင့် မခြားကြ၊ ပိုလို့တောင် ဆိုးဝါးကြပေလိမ့်မည်။

ထိုသူများဝိုင်း၍ အကြံပေးကြသည်ကတော့ ‘စစ်ခွေးဟု ခေါ်ချင်ခေါ်ကြပါစေ၊ အခေါ်သာခံလိုက်၊ ပြီးတော့မှ အနှီခွေးများတွင် ရှိသည့် ခွေးအရည်အချင်းများကို အခွင့်အရေးတခုအဖြစ် ပိုင်ပိုင်နိုင်နိုင် အသုံးချလိုက်ကြဖို့ပင်။

ဤသို့ဖြင့် ရန်ကုန် အပါအဝင် နေရာအနှံ့အပြား၌ ကြင်စိုးတို့တသိုက်ကို ခေါင်းမီးတောက်စေသည့် ယူဂျီအရေး ကိစ္စအတွက် ထိုအကြံဥာဏ်ကို လက်တွေ့အသုံးချဖို့ စီစဉ်ကြသည်။ မီးပျက်သောအခါ ရေတင်ဖို့မလွယ်ကူသည့် ရန်ကုန်မြို့ကြီးတွင် မီးကိုပို၍ ဖြတ်လိုက်ကြသည်။ ပူရအိုက်ရသည့်ကြား ပုန်းအောင်းနေသည့် ယူဂျီများ ရေမချိုး ရတာကြာလျှင် သွားလာကြသည့်အခါ ချွေးစော်များနံကြလိမ့်မည်။ ထိုအခါ ခွေးတို့၏ ပင်ကိုအရည်အချင်းကို အ သုံးပြုပြီး နှာခေါင်းတရှုံ့ရှုံ့ဖြင့် လမ်းဆုံလမ်းခွတွင် ချွေးစော်နံသည့်သူများကို အနံ့ခံစေကာ ယူဂျီတို့ကို ဖမ်းဆီးစေ မည်ဟု ကြံစည်သည်။

ပြဿနာက စစ်ခွေးများ ခွေးတွေကဲ့သို့ အနံ့ခံစဉ်တွင် ချွေးတလုံးလုံးနှင့် ယူဂျီများကို အနံ့ခံမိသလို၊ တရပ်ကွက်လုံး ရေပြတ် မီးပြတ်နှင့်မို့ ဖြတ်သွားဖြတ်လာ အားလုံးက ချွေးစော်နံနေကြသည့်အတွက် ကြင်စိုး၏ စစ်ခွေးများ အခက်ကြုံကြရသည်။ ဘယ်သူက ယူဂျီ၊ ဘယ်သူက သာမန်အရပ်သားဟု ခွဲခြားမရနိုင်တော့။ နောက်ဆုံး ခွေးလိုကျင့်သည့် စစ်ခွေးများဟု အခေါ်ခံလိုက်ရသည်သာ အဖတ်တင်သွားသည်။ ထုံးစံအတိုင်း ကြင်စိုးတယောက် မှန်းချက်နှင့်နှမ်းထွက် မကိုက်ပြန်။

ခွေးအဖြစ် ကျေကျေနပ်နပ် ခံယူလိုက်တာကတော့ ဟုတ်ချေပြီ။ ‘သဒေါင်းဇား’ ဆိုတာကိုရော မအလကြင်စိုး ဘယ်လိုဘယ်ပုံ လက်ခံသွားသည် ဆိုတာကိုလည်း ထပ်ရှင်းရပေဦးမည်။ သိပ်ရှည်ရှည်ဝေးဝေးတော့ ရှင်းပြရန် မလို။ ကြင်စိုးထံ အပြည်ပြည်ဆိုင်ရာ သဒေါင်းဇား အဖွဲ့ချုပ်မှ ဂုဏ်ထူးဆောင် စွန့်ဦးတီထွင် ထူးချွန်သဒေါင်းဇား အဖွဲ့ဝင် အဖြစ် သတ်မှတ်လိုက်ကြောင်း၊ အကြောင်းကြားစာ ပို့လာသည်။

အကြောင်းမှာ သူတို့၏လက်ရှိအဖွဲ့ဝင်များထဲတွင် ကြင်စိုးကဲ့သို့ ဟိုမြို့ပေး ဒီမြို့ပေးဆိုပြီး အရှက်မရှိ မျက်နှာ ပြောင်တိုက် တောင်းရဲသူ တယောက်မျှမရှိသောကြောင့်ပင်။ ကုန်ကုန်ပြောရလျှင် ကြင်စိုးကဲ့သို့ မြို့ကြီးပြကြီး များကို သဒေါင်းဇားတောင်း တောင်းဖို့ မည်သည့်သဒေါင်းဇားကမျှ မတွေးခဲ့ဖူးကြ။ ကြင်စိုးသည် ဝါရင့်သဒေါင်း ဇားများထက်ပင် ပို၍သဒေါင်းဇားကျသော ‘စွန့်ဦးတီထွင်သဒေါင်းဇား’ဟု ထိုအပြည်ပြည်ဆိုင်ရာ သဒေါင်းဇား အဖွဲ့ချုပ်ကြီးက ယူဆသည်။

အမှန်ကတော့ သဒေါင်းဇား ဆိုသည့် အမည်ကို ကြင်စိုး မကြိုက်၊ သို့သော် တကမ္ဘာလုံး မည်သူကမျှ အသိအမှတ် မပြုကြချိန်တွင် အပြည်ပြည်ဆိုင်ရာ ဟူသည့် စကားလုံးက ကြင်စိုးကို အလွန်အမင်း ဆွဲဆောင်သည်။ ဤသို့ဖြင့် မြို့တောင်းသဒေါင်းဇား ကြင်စိုးသည် အပြည်ပြည်ဆိုင်ရာ သဒေါင်းဇား အဖွဲ့ချုပ်ကြီး၏ ဂုဏ်ထူးဆောင် သဒေါင်းဇား အဖွဲ့ဝင်အဖြစ်ကိုလည်း ကျေကျေနပ်နပ် လက်ခံလိုက်သဖြင့်၊ ခွေးသဒေါင်းဇား ကြင်စိုး ဖြစ်သွားလေတော့ သည်။

ခွေးသဒေါင်းဇားနောက်တွင် AI ထပ်တိုးလာရသည့် အကြောင်းရင်းကိုတော့ တပည့်ကျော်မဲလုံးနှင့် အချီအချ ပြော ကြပုံကို ပြန်ရေးချပြခြင်းက ပို၍ရှင်းသွားစေလိမ့်မည်။

‘ဘပုက အခုတလော မြဝတီရုပ်သံ သွားရင်လည်း AI, ဟိုနေရာ သွားလည်း AI, ဒီနေရာသွားလည်းAIနဲ့ AIချင်း မိုး မွှန်အောင် ပြောပြောနေတာ ဘာဖြစ်လို့တုန်း’


‘ဒီလိုကွ၊ ငါလည်း ခွေးသဒေါင်းဇားဖြစ်သွားကတည်းက AA အဆော်ခံရတာ တွေးမိတိုင်း၊  အုတ်ခဲကျိုးနဲ့ အထုခံရ သလို ‘အိုင်’ ‘အိုင်’ ‘အိုင်’ ဆိုပြီး တအိုင်အိုင်နဲ့ အော်ချင်စိတ် ပေါက်နေမိလို့ ၊ AI တွေ ခဏခဏ ပြောနေမိတာ’

‘ဘပုကလည်း တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံးက နေ့တိုင်းလိုလို ဝိုင်းဆော်နေကြတာ၊ ဘာ့ကြောင့် AA ဆော်တာကိုပဲ အချိန်နဲ့အမျှ သတိရ၊ AA ကိုပဲ တမ်းတပြီး အိုင်ချင်နေရတာလဲ’

ကြင်စိုးဟိုကြည့်ဒီကြည့် အရင်လုပ်လိုက်ပြီးမှ၊ လေသံတိုးတိုးလေးဖြင့် ပြန်ပြောသည်။

‘ မင်းစဉ်းစားကြည့်လေ၊ တချိန်လုံး AA ကိုပဲ မြင်ယောင်ပြီး ‘အိုင်’ကနဲ အော်မိတာက ငါ့အပြစ် မဟုတ်ဘူး၊ ငါ့ဘေး နား နေ့နေ့ညည ရှိနေတဲ့ ဟာမကြီးကို မြင်မိတိုင်း တခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေထက်စာရင် AA ကို ပဲ တွေးမိတော့တာပေါ့ကွ၊ အဲဒီကနေမှ ‘အိုင်’ခနဲ ဆက်အော်ချင်စိတ် ပေါ်သွားတာ၊ လူကြားထဲတော့ ’ အိုင်’ခနဲ ထထအော်‌နေဖို့ ဘယ်ကောင်းပါ့မလဲ။ ဒါကြောင့် ‘အိုင်’ကနဲ အော်ချင်လာတိုင်း လူကြားကောင်းအောင် AI တွေပဲ ပြောနေရတာ’

ယခုဆိုလျှင်တော့ ကြင်စိုးတယောက် ‘ခွေးသဒေါင်းဇား AI ကြင်စိုး’ ဆိုသည့်အမည် မည်သို့မည်ပုံ ရရှိသွားသည်ကို အားလုံးရှင်းလင်းသွားလောက်ပြီဟု ထင်ပါသည်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar