Breaking News

မောင်တင့်တယ် - အမေရိကန်နိုင်ငံရေးစနစ်ရဲ့အတွင်းသရုပ် (ဝါ) Deep state



အမေရိကန်နိုင်ငံရေးစနစ်ရဲ့အတွင်းသရုပ် (ဝါ) Deep state 
မောင်တင့်တယ်
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၂၅


Deep state ဆိုတာအမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေးစနစ်ထဲမှာ လျှို့ဝှက်နက်ရှိုင်းစွာဖွဲ့တည်အမြစ်တွယ်နေတဲ့၊ အမေရိကန်နိုင်ငံရေးကို နောက်ကွယ်ကကြိုးကိုင်နေတဲ့ ကော်ပို​ရေးရှင်း(corporations)ကြီးတွေ၊ လက်ဝါးကြီးအုပ်ဘဏ္ဍာသူကြွယ်အုပ်စုကြီးတွေနဲ့ညဏ်ကြီးရှင်အဖွဲ့တွေ(think tanks) အပါ၊ အဖွဲ့ပေါင်းစုံနဲ့နက်ရှိုင်းစွာစုဖွဲ့ထားတဲ့လျှို့ဝှက်အာဏာကွန်ယက် ကြီးတခုပါပဲ။ ဒီကွန်ယက်ကြီးရဲ့ခေါင်ချုပ်ကတော့ (Financial oligarchy)လို့ ခေါ်ဆိုလေ့ရှိကြတဲ့ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများကို ထိန်းချုပ်ထားတဲ့အလွန်ချမ်းသာပြီး ဩဇာရှိသူအုပ်စုငယ်တစုပဲ ဖြစ်ပါတယ်။

Deep state ဆိုတာ ဓနဥစ္စာကြွယ်ဝမှုနဲ့နိုင်ငံရေးအာဏာရဲ့ဆုံရပ်ကို မီးမောင်းထိုးပြနေတဲ့ သင်္ကေတတရပ်လို့ဆိုရင်လည်း မမှားပါဘူး။

ဒါကို *The shadow government*၊ *cryptocracy* ၊ *secret government* or *invisible government* ဆိုပြီး အမျိုးမျိုးခေါ်ဆိုကြပါသေးတယ်။

အမေရိကန်ပြည်ထောင်စုအပါ အနောက်တိုင်းအရင်းရှင်နိုင်ငံတွေနဲ့တခြားဖွံ့ဖြိုးပြီးအရင်းရှင်နိုင်ငံအသီးသီးမှာ ယေဘုယျအားဖြင့် ဒီလိုအစိုးရ (၂) ရပ် ရှိကြတယ်ဆိုတာကို သာမန်ပြည်သူအများစုက သတိမူမိကြမှာမဟုတ်ပါဘူး။ များသောအားဖြင့် အများသိနေကြတဲ့ ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရ တရပ်ကိုပဲ သိကြမြင်ကြတာပါ။

တခြားအစိုးရတရပ်၊ နောက်ကွယ်ကပျောက်ကွယ်နေတဲ့၊ မမြင်မတွေ့ရတဲ့ ကိုယ်ပျောက်အစိုးရတရပ်ရှိသေးတယ်ဆိုတာကိုတော့ သတိမမူမိ၊ မသိကြတာတော့ အဆန်းတော့မဟုတ်ပါဘူး။
သူတို့ကလည်း သူတို့သဘာဝအတိုင်းပဲ လျှို့ဝှက်စွာပဲနောက်ကွယ်ကပဲနေထိုင်လုပ်ကိုင်လေ့ရှိကြပြီး ရှေ့မှာတော့ သူတို့တပည့်သားမြေးတွေကိုပဲနေရာပေးထားပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတဲ့ ကြိုးကြီးကြီး၊ ကြိုးရှည်ရှည်နဲ့လှန်ထား ကိုင်ထားလေ့ရှိကြပါတယ်။

စစ်ဘက်၊ တရားစီရင်ရေးမဏ္ဍိုင်၊ စီးပွားရေးနှင့် ပင်မမီဒီယာ၊ နိုင်ငံတော်လုံခြုံရေးနှင့် ထောက်လှမ်းရေးအသိုင်း အဝိုင်းစတဲ့အရေးကြီးနေရာတွေမှာလည်း ဖြန့်ကျက်လွှမ်းမိုးနေရာယူထားလေ့ ရှိကြပါတယ်။

ဒါပေမဲ့ ရံဖန်ရံခါ သူတို့အုပ်စုတွေ အကျိုးစီးပွါးချင်းထိပ်တိုက်တွေ့ပြီး ဒီအကျိုးစီးပွားတွေကို ခြေဥဘောင်အတွင်းက မဖြေရှင်းနိုင်တော့ဘဲ၊ စေ့စပ်ညှိနှိုင်းလို့မရတဲ့အဆုံးမှာတော့ ဒီကြိုးကြီးဟာလည်း ပြတ်တောက်သွားပြီး သူတို့ချင်းသစ္စာပြုသဘောတူထားကြတဲ့ *ဥပဒေအထက်မှာ ဘယ်သူမှမရှိရ* ဆိုတဲ့ဆိုင်းဘုတ်ကို ခဏဖြုတ်ချပြီး နောက်ကွယ်က (Deep state) ကိုယ်ပျောက်အစိုးရလက်မဲကြီးဟာ လူထုရှေ့မှာ ဘွားကနဲ ကိုယ်ထင်ပြလာရပါတော့တယ်။

ဒီလို အမေရိကန်နိုင်ငံရေးစနစ်ရဲ့ အတွင်းသရုပ်နဲ့ပတ်သက်တဲ့ (Deep state) အကြောင်းကိုအများပြည်သူသိစေဖို့အတွက် ပညာရှင်တွေ၊ investigative journalist တွေ၊ အုပ်ချုပ်ရေးယန္တရားကြီးမှာ တာဝန်ထမ်းဆောင်ခဲ့ကြဖူးတဲ့၊ အငြိမ်းစားဗျုရိုကရက် အရာရှိကြီးတချို့၊ စသူတွေ ထုတ်ဖော်ရေးသားတင်ပြထားတဲ့ စာအုပ်စာတန်းတွေ၊မှတ်တမ်းမှတ်ရာတွေ မြောက်မြားစွာ ရှိပါတယ်။

ဒီအထဲကမှ အဓိကအခန်းကပါနေတဲ့ Deep state ရဲ့ အတွင်းသရုပ်ကိုခြုံငုံမိစေဖို့ သဲလွန်စတရပ်အနေနဲ့အတိုချုံးထုတ်ဖော် တင်ပြသွားမှာ ဖြစ်ပါတယ်။

'' Deep state ဘယ်ကစ? ''

Deep state ဆိုတဲ့ ဒီအသုံးအနုန်းကတော့ အမေရိကန်မှာ ၁၉၉၇ ခုနှစ်ကမှ စတင်သုံးစွဲခဲ့ကြတာဖြစ်ပြီး၊ သူ့မူလဇစ်မြစ် က ၁၉၂၃ မှာ တူရကီက အစပြုတယ်လို့ ဆိုကြပါတယ်။

အမေရိကန်မှာတော့ (deep state network) ဒုတိယကမ္ဘာစစ်အပြီး၊ (၁၉၄၇) ခုနှစ်၊ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (Central Intelligence Agency-CIA) ဖွဲ့အပြီးမှာ ပိုပြီးအားကောင်းလာတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ၊ အမေရိကန်သမ္မတရွေးကောက်ပွဲမဲဆွယ်ကာလမှာတော့ ဒီဝေါဟာရကို အမေရိကန်မှာ ပိုမိုကျယ်ပြန့်စွာ ကျယ်ကျယ်လောင်လောင်အသုံးပြုလာခဲ့တာ တွေ့လာရပါတယ်။

Deep state ဟာ ယေဘုယျအားဖြင့် အမေရိကန်၊ အာရှ၊ ဥရောပ စတဲ့ အရင်းရှင်နိုင်ငံအများစုမှာ တွေ့ရလေ့ရှိကြပါတယ်။ ဥစ္စာဓန အကျိုးစီးပွားကြီးမားမှု အတိုင်းအတာအရ အကျယ်အပြန့်အနက်အရှိုင်းချင်းသာ ကွာကြတာပါ။

အာရှမှာဆို ဥပမာ ဂျပန်နိုင်ငံက ယာကူဇာ လို မာဖီးယားဂိုဏ်းကြီးကို ညွှန်းဆိုလေ့ရှိပါတယ်။

Deep State ရဲ့အခန်းကဏ္ဍကို လူအများမြင်သာအောင် အကောင်းဆုံးဥပမာပြရမယ်ဆိုရင်တော့ အမေရိကန်နိုင်ငံရေးသမိုင်းမှာ အဲဒီခေတ်ကာလက ဟိုးလေးတကျော်နဲ့ လူထုကြားပွင့်ကျသွား ခဲ့ရတဲ့ မဝေးလှတဲ့အတိတ်သမိုင်းဖြစ်ရပ်ကြီးတခုနဲ့ စတင်မိတ်ဆက်ပေးလိုပါတယ်။

သမိုင်းဖြစ်ရပ်ကိုခြေရာပြန်ကောက်ရရင်တော့... ၁၉၂၉ မှာ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး စပါတယ်။

၁၉၃၂ ခုနှစ် နိုဝင်ဘာလမှာ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဖရန်ကလင် ဒီလာနို ရုဇဗဲ့(Franklin D. Roosevelt)၊ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါတယ်။ ဒီကာလမှာ အလုပ်လက်မဲ့ ဦးရေ(၁၃,၀၀၀,၀၀၀) ရှိပြီး ဘဏ်အားလုံးနီးပါး ပိတ်ထားရတယ်။ သူ့ရဲ့သမ္မတသက်တမ်း ပထမရက်တစ်ရာ (၁၀၀) မှာ သူအဆိုပြုတဲ့အစီအစဉ်သစ် (new deal) ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့စီးပွားရေးသမားလုပ်ငန်းရှင်ကြီးတွေနဲ့ဘဏ်လုပ်ငန်းရှင်တွေက သမ္မတ Roosevelt ရဲ့ New Deal အစီအစဉ်သစ်ကို ဆန့်ကျင်ဘက်ပြုကြတယ်။

ဘာလို့လဲဆိုတော့ သူ့ရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်သစ် (new deal)က-ပြည်သူအများစုအတွက်လူမှုဖူလုံရေးအစီအစဉ်တွေ၊ ချမ်းသာကြွယ်ဝသူများအပေါ် အခွန်အတုပ်ပိုမိုကောက်ခံရေးအစီအစဉ်တွေ၊ ဘဏ်များနဲ့ရေ၊ မီး၊ လျှပ်စစ်၊ ဓာတ်ငွေ့ စတဲ့အများပြည်သူတွေရဲ့နေ့တဓူဝ သုံးစွဲမှုတွေအတွက် ဝန်ဆောင်မှုပေးကာ အကျိုး အမြတ်ရနေတဲ့ကုမ္မဏီတွေအပေါ်ထိန်း ချုပ်မှုအသစ်တွေလုပ်ဆောင်တဲ့အစီ အစဉ်တွေ၊အလုပ်လက်မဲ့များအတွက် ကြီးမားတဲ့အလုပ်သက် သာခွင့်အစီအစဉ်တွေပါဝင်နေလို့ဖြစ်ပါတယ်။

ဒါ့ပြင် ဒေသတွင်းပထဝီနိုင်ငံ ရေးမှာ အစဉ်အလာကျင့်သုံးခဲ့တဲ့ လက်တင်အမေရိကတိုက်ရှိအိမ်နီးခြင်းနိုင်ငံများအပေါ် တဖက်သတ်ကျတဲ့ဆက်ဆံရေးမူဝါဒဖြစ်တဲ့ မွန်ရိုးအယူဝါဒကိုပြောင်းလဲခဲ့ပြီးအမေရိကန် ပြည်ထောင်စုအနေနဲ့ “အိမ်နီးချင်းကောင်း” မူဝါဒကျင့်သုံးဖို့ကတိပြုခဲ့တာဖြစ်ပါတယ်။

တချိန်တည်းမှာလည်း ဒုတိယကမ္ဘာစစ်အစောပိုင်းကာလမှာ အမေရိကန်ပြည်ထောင်စုကိုစစ်ပွဲမှ ကင်းဝေးစေရန် ကြားနေရေးဥပဒေဖြင့်ကြိုးပမ်းခဲ့တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

နောက် အခရာကျတဲ့အချက်တခုကတော့ ရုစဗဲ့ဟာ အမေရိကန်သမိုင်းမှာပြိုင်စံရှားတဲ့ လူထုထောက်ခံမှုအရှိဆုံးသမ္မတဖြစ်ပြီး၊ အမေရိကန်သမိုင်းမှာ တခါမျှမရှိခဲ့ဘူးတဲ့၊ သမ္မတသက်တမ်း(၄)ကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံရပြီး၊ ၁၉၃၃ ၊ မတ်လ (၄) ရက်ကနေ ၁၉၄၅ ဧပြီလ (၁၂) ရက်နေ့ထိ အိမ်ဖြူတော်မှာစိုးစံခဲ့တဲ့ ဩဇာအာဏာကြီးမားလှတဲ့ပုဂ္ဂိုလ်ကြီးတဦးဖြစ်နေလို့ပါပဲ။ ဒီလိုလူထုကြားမှာဩဇာအာဏာကြီးမားလှတဲ့အစိုးရမျိုး(big government) ကို သူတို့မကြိုက်ကြပါဘူး။

ဒီတော့ စစ်စက်မှုလုပ်ငန်းစုကြီး (military industrial complex) နဲ့ချမ်းသာကြွယ်ဝနေကြတဲ့ လက်တဆုပ်စာ ဘဏ္ဍာသူကြွယ် (Financial oligarchs) အုပ်စုကသူတို့အကျိုးစီးပွါး ထိခိုက်လာမယ့်ပေါ်လစီတွေချမှတ်လာတဲ့ဩဇာအာဏာကြီးမားလာနေတဲ့အစိုးရ (big government) တဖွဲ့လုံးကို ပြောင်းပစ်ဖို့လုပ်လာတယ်။ 

အာဏာသိမ်းပြီး သူတို့ကြိုးကိုင်လို့ရမယ့်တလက်ကိုင် အစိုးရမျိုးတင်ဖို့ လုပ်လာတယ်။( သူတို့စာအုပ်တွေထဲကအဆိုအရဆို ဟစ်တလာလိုဖက်ဆစ်အစိုးရမျိုး) ပြန်ဖွဲ့ဖို့ စစ်တပ်ကို အသုံးချဖို့ လုပ်တော့တာပါပဲ။

စေခိုင်းခံရသူကလက်မခံဘဲ ဖော်ကောင်လုပ်ဖို့ပြင်လာတော့ ဒီ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီး (conspiracy) က ပွင့်ကျတယ်။ တရားခံတော့တွေ့နေပြီ။ ဒါပေမဲ့ ဘယ်သူကမှ မတို့ရဲမထိရဲကြဘူး။

ဇာတ်လမ်းကဒီလိုပါ။

မရင်းတပ်ဖွဲ့(Marine corps) က အငြိမ်းစားဗိုလ်ချုပ်ဟောင်း- စမက်ဒ်လေဘတ်တလာ (Smedley Butler) ကို deep state network က စည်းရုံးညှိ နှိုင်းမှုလုပ်ပါတယ်၊ သမ္မတ ရုဇဗဲ့ကိုဖြုတ်ချပြီး အာဏာသိမ်းပေးဖို့ ဒေါ်လာသန်း (၃၀) နဲ့အပေးအယူလုပ်ပါတယ်၊ စရံငွေ အနေနဲ့ ဒေါ်လာ (၅) သိန်းပေးပါတယ်။ ဘတ်တလာကနောက်ကွယ်က လက်မဲတွေသိရဖို့ ဟန်ဆောင်သဘောတူခဲ့ပါတယ်။

နောက်ပိုင်း၊ နောက်ကွယ်ကလူတွေ သိလာပါတယ်။ အဲဒီလူတွေကတော့ အစောပိုင်းမှာပြောခဲ့သလိုပဲ အမေရိကန်ပြည်ထောင် စုရဲ့စီးပွါးရေးအသက်သွေး ကြောတွေမှာ အဦးဆုံးနဲ့ကာလရှည်ကြစွာလက်ဝါးကြီးအုပ် လွှမ်းမိုးထားတဲ့ -

၁။ Standard Oil ရေနံလုပ်ငန်းပိုင်ရှင်ကြီးတွေဖြစ်တဲ့ ရော့ခ်ဖဲလားမိသားစုကြီး။

(John D. Rockefeller family)၊

ဒီမိသားစုကြီးရဲ့ပိုင်ဆိုင်မှုအစုစုက (၁၉၁၃) စာရင်းအရဆိုရင်ပဲ အမေရိကန်ပြည်ထောင်စုထုတ်ကုန် စုစုပေါင်း (GDP) ရဲ့ (၃%) နီးပါး ရှိတယ်၊ လို့ ဆိုပါတယ်။

၂။ ဒူးပွန့်မိသားစု (Dupont family)-

အမေရိကန်မှာ ပထမဆုံး ယမ်းချက်စက်ရုံထောင်ပြီး သူကြွယ်ကြီးဖြစ်လာတဲ့အပြင်၊ အတို ကောက်ရှေဗီလို့ခေါ်ကြတဲ့၊ ဗမာမှာနှုတ်ကျိုးနေတဲ့ ချက်ပလက်( Chevrolet)၊ GMC၊ နဲ့ ဇိမ်ခံကားတွေထဲက နာမည်ကြီး brand ဖြစ်တဲ့ ကားဒီလက် (Cardilac)၊ စတဲ့ ဇိမ်ခံကားမျိုးစုံထုတ်တဲ့ (General Mortors)  ရဲ့ လုပ်ငန်းပိုင်ရှင်လည်းဖြစ်၊ အမေရိကန်စစ်တပ်နဲ့ အစိုးအတွက် လို အပ်တဲ့ယမ်းနဲ့မော်တော်ယဉ်မျိုးစုံကို တင်သွင်းခွင့်ရထားတဲ့ မိသားစုကြီး နဲ့ ...

၃။ ဂျေပီမော်ဂင်မိသားစု(J.P. Morgan family)- U.S Steel ၊ Intetnstional Harvedter နဲ့ General Eletric တို့လို နိုင်ငံစုံကော်ပိုရေးရှင်းပိုင်ရှင်၊ ငွေ​ကြေးဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ကိုင်တဲ့ ဗမာပြည်သားတွေသိကြတဲ့ (Western Union Coporation) ပိုင်ရှင်၊ (J.P. Morgan and Co.) လုပ်ငန်းစုကြီးရဲ့အရှင်သခင်တွေဖြစ်တဲ့၊ ဝေါလမ်းမ (Wall Street) ဘဏ်လုပ်ငန်းလောကမှာကျော်ကြားလှတဲ့ (J.P. Morgan Chase Bank) ပိုင်ရှင် ဂျေပီမော်ဂင်မိသားစု(J.P. Morgan family) ကြီးတို့ပါပဲ။

ဒီဘဏ်ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့အမှုတွေထဲကတခုကို ထုတ်နှုတ်ပြရမယ်ဆိုရင်ဖြင့် အမေရိကန်ပြည်တွင်းစစ်ကာလမှာ တောင်ပိုင်းက လူမည်း (ယခင်အခေါ်) ကျွန်တွေကိုတောင် အပေါင်ခံပြီး ငွေထုတ် ချေးငှားခဲ့လို့၊ နောက်ပိုင်းမှာ အာဖရိကန်အမေရိကန် လူမှုအသိုင်းအဝိုင်းကိုတောင်းပန်ပြီး လျော် ကြေးများစွာပေးခဲ့ရတဲဲ့အဖြစ်ပါပဲ။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့နောက်သာဓကတခုကတော့ ၁၉၃၀ ခုနှစ်များနှောင်းပိုင်းမှ ၁၉၄၁ခုနှစ် ဇွန်လ (၁၄)ရက်နေ့အထိ၊ သမ္မတ Franklin D. Roosevelt (FDR) က ဂျာမန်ပိုင်ဆိုင်မှုတွေကို ခေတ္တရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ထားပါတယ်။

ဒီကာလတွေမှာ နာဇီအစိုးရနဲ့ အဲဒီ့တုန်းက (Chase National Bank) တို့ ငွေလွှဲပြောင်းမှုတွေကို တောင်အမေရိကတိုက်ဘဏ် တွေကတဆင့်လက်တလုံးခြားလုပ်ခဲ့တာပါပဲ။

ဒီပူးပေါင်းကြံစည်မှုကြီးမှာ သူတို့ လောက်မကြီးတဲ့ အခြားလုပ်ငန်းရှင်များလည်း ပါဝင်ကြပါသေးတယ်။ 

ဇာတ်လမ်းကိုချုပ်ရရင်တော့ ...

ဒီဇာတ်လမ်းရဲ့အဓိကထုတ်လုပ်သူတွေကတော့ အထက်ဖော်ပြပါ။ ဘဏ္ဍာသူကြွယ်ကြီးတွေဖြစ်ပြီးအဓိကစီစဉ်သူဒါရိုက်တာကတော့  ဘဏ်သူဌေးကြီး (Prescott Sheldon Bush Sr.) ဆိုသူပါပဲ။

သူကတော့ အမေရိကန်သမိုင်းမှာ သမ္မတတွေ ဖြစ်ခဲ့ကြဖူးတဲ့ (၄၁) ဆက်မြောက်သမ္မတ (၁၉၈၉-၁၉၉၃) လည်းဖြစ်၊ (၁၁) ဆက်မြောက် (CIA) ညွှန်ကြားရးမှူးတာဝန်လည်းယူခဲ့ဖူးတဲ့ (George H. W. Bush) ရဲ့ဖခင်ဖြစ်တဲ့အပြင်၊(၄၃) ဆက်မြောက်သမ္မတ(၂၀၀၁-၂၀၀၉) လည်း ဖြစ်၊(CIA) ညွှန်ကြားရးမှူးတာဝန်လည်းယူခဲ့ဖူးတဲ့ (George W. Bush) အဖိုး ဖြစ်ပါတယ်။

ဒီလိုအဓိက လက်သည်ကြီးတွေကိုသိလိုက်ရပြီးနောက်မှာစေခိုင်းခံရသူ ဗိုလ်ချုပ်ဟောင်းဘတ်တလာက သူ့မိတ်ဆွေတွေဖြစ်တဲ့ကွန်ဂရက်လွှတ်တော်အမတ်(၂) ဦးကိုဖွင့်ဟပြီး သူအနေနဲ့ ဒီအမှုကိုကွန်ဂယက်လွှတ်တော်မှာ တရားစွဲဆိုနိုင်ဖို့ သက် သေခံအဖြစ် ပါဝင်ပါမယ်ဆိုပြီးတိုင်ပင်ရာမှာတော့ အမတ်မင်းများ က ဒီလောက်ထုထည်ကြီးလှတဲ့ မြင့်မိုရ်တောင်ကြီးကိုတော့သူတို့အနေနဲ့ ဖြိုလှဲဖို့ မတတ်နိုင်ပါ​ကြောင်း အလွန်အန္တရာယ်ကြီးမားလှပါကြောင်းပြောပြီးလက်ရှောင်ကာ ပြည်ဖုံးကားချလိုက်ကြပါတော့တယ်။

ဆင်ခြေရာတင်မက ဆင်ကောင်ကြီးတွေပါ တွေ့မြင်လိုက်ရတော့ တရားဥအဒေစိုးမိုးမှုကို ထိန်းကျောင်းနေပါတယ်ဆိုတဲ့ ယန္တရားတစုံလုံးက အမှုကိုလက်ရှောင် ပိတ်သိမ်းလိုက်ရတဲ့ အဖြစ်ပါ။

ဒုတိယသာဓက- ကတော့ စာဖတ်ပရိသတ်များ သိကြပြီးဖြစ်တဲ့ ကနေဒီ(Kennedy) ညီအကိုလုပ်ကြံခံရမှုပါပဲ။
သမ္မတ John F. Kennedy (ဒီမိုကရက်တစ်ပါတီ) (၁၉၆၃)ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် တက္ကဆက်ပြည်နယ် ၊ Dallas တွင် လုပ်ကြံခံရမှု၊

Robert F. Kennedy (ဒီမိုကရက်တစ်ပါတီသမ္မတလောင်း) - ၁၉၆၈ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် လော့စ်အိန်ဂျလိစ်တွင် မဲဆွယ်စည်းရုံးစဉ် လုပ်ကြံသတ်ဖြတ်ခံရမှုတို့ပါပဲ။

နောက်အထင်ရှားဆုံးဖြစ်တဲ့တတိယသာဓက တခုကတော့ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ နယူးယောက်မြို့တော်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ လို့ နာမည်ကျော်တဲ့ အမွှာမျှော် စင်ညီနောင်ကို လေယာဉ်နဲ့အသေခံဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ကမ္ဘာကျော် ၉/၁၁ ဖြစ်ရပ်ကြီးပါပဲ။

ကိုယ့်ပြည်သူပေါင်း(၃၀၀၀) လောက်ကိုနေ့ခင်းကြောင်တောင်မှာ ရက်စက်စွာသတ်ဖြတ်ပစ်တဲ့ ကမ္ဘာကျော်ရာဇဝတ်မှုကြီးပါ။

နယူးယောက်မြို့ကြီးရဲ့ ဗဟို ချက်မကျတဲ့ မင်ဟက်တန်(Manhattan)နေရာက မြေ(၁၆) ဧက ပေါ်မှာ(WTC-complex)လို့ခေါ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးတခု ရှိပါတယ်။ ဒီစင်တာမှာ 
 (WTC1 ၊ WTC2၊WTC3၊WTC4၊WTC5၊WTC6၊WTC7)ဆိုပြီးအထပ်မြင့်အဆောက်အဦး (၇) လုံးရှိပါတယ်။ 

သမ္မတဂျော့ဒဗလျုဘုရ်ှအစိုးရဘက်က တရားဝင်ထုတ်ပြန်တဲ့ NIST(National Institute of Standards and Technology (NIST) အစီရင်ခံစာအရ အတိုချုပ်ပြောရရင် ဆောက်အဦး (၇) လုံးမှာအမြင့်ဆုံးဖြစ်တဲ့အမွှာမျှော်စင်(၂) ခု က လေယာဉ်နဲ့တိုက်ပြီး မီးစွဲလောင်ကာ မနက်ပိုင်းမှာပဲပြိုကျသွားပါတယ်။

ကျန်တဲ့အဆောက်အဦး (၅) လုံး ဒီအမွှာမျှော်စင်က စင်ထွက်လာတဲ့အပိုင်းအစတွေထိမှန်ပြီး ပျက်စီးမှုရှိတယ်၊ (၄၇) ထပ်မြင့်တဲ့ (WTC7) ကတော့ မီးစွဲလောင်ပြီး ညနေ (၅:၂၀) နာရီမှာ ပြိုကျသွားတယ်။

ဒီဖြစ်ရပ်ရဲ့လက်သည်တရားခံကတော့ အစ္စလမ်မစ်အစွန်းရောက် အိုစာမာဘင်လာဒင်နဲ့အလ်ကိုင်ဒါတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်တွေက တကယ်ဟုတ်ပါသလား? ပြည်သူတွေကရော ယုံကြည်ကြပါသလား?

ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်းတွေအပေါ် မျက်စိဒေါက်ထောက် ကြည့်နေကြတဲ့ အနောက် နိုင်ငံက လေ့လာစူးစမ်းသူတွေဟာကမ္ဘာ့ကုန်သွယ်ရေးစင်တာနဲ့ ပင်တဂွန်တို့အပေါ် တိုက်ခိုက်တဲ့ဖြစ်ရပ်ကို လေ့လာဆန်းစစ်ကြည့်ကြပြီး ချက်ချင်းပဲ ဒီလုပ်ရပ်ဟာ အိုစာမာဘင်လာဒင်နဲ့ အလ်ကိုင်ဒါတို့လက်ချက် ဖြစ်တယ်ဆိုတဲ့အစိုးရထုတ်ပြန်ချက်ကို ပယ်ချခဲ့ကြပါတယ်။

ဒါပေမဲ့ ဘဏ္ဍာသူကြွယ်ကြီးတွေချုပ်ကိုင်ထားတဲ့ မီဒီယာလောကဟာ ဒီလိုဆန်းစစ်တွေ့ရှိတဲ့အချက်တွေကို မျက်ကွယ်ပြုခဲ့တဲ့အပြင် ဖုံးကွယ်ဖာထေးပြီး အလိမ်အညာလုပ်ဇာတ်တွေကိုသာ ဖန်တီးဝါဒ ဖြန့်ခဲ့ပါတယ်။ 

အရှင်းဆုံးတွေ့ရှိချက်တခုကတော့ စက်တင်ဘာ (၁၁) ရက် တိုက်ခိုက်မှုအတွက် လိုအပ်တဲ့ကျွမ်းကျင်မှုတွေ၊ နည်းပညာတွေဟာ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါအဖွဲ့မှာ ဘယ်လိုနည်းနဲ့မှမရှိနိုင်ဘူးဆိုတဲ့အချက်ပါပဲ။

ဘင်လာဒင်ကိုယ်တိုင်ကလည်း အလ်ဂျဇီးရားရုပ်သံဌာနကထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ဗွီဒီယိုတိပ်ခွေမှာ “ဒီတိုက်ခိုက်မှုမှာ ကျုပ်ပါဝင်ပတ်သက်မှုမရှိဘူး။ တိုက်ခိုက်တာကို သိတောင်မသိဘူး။ ဒါဟာ အမေရိကန်ပြည်ထောင်စုက ဖုံးကွယ်ထားတဲ့လျှို့ဝှက်ကြံစည်မှုပဲ။ ခေတ်သစ်ခရူးဆိတ်ကို ဖန်တီးလိုက်တာပဲ” လို့ ငြင်းပယ်ပြောကြားခဲ့ပါတယ်။

(၉/၁၁) ဖြစ်ရပ်မှန် အချက်အလက်တွေကို ပြင်သစ်နဲ့ အမေရိကန်ကပညာရှင်တွေဟာ အစွမ်း ကုန်ကြိုးစားဖော်ထုတ်ခဲ့ကြပါတယ်။ (Brigham) တက္ကသိုလ်ကရူပဗေဒပညာရှင် Steven E.Jones နဲ့ ပိသုကာပညာရှင်တို့ ပူးပေါင်းတင်သွင်းတဲ့ ၉/၁၁ သီအိုရီမှာ “တာဝါနှစ်ခုဟာ လေ ယာဉ် တိုက်တာခံရတာကြောင့် ပြိုကျသွားတာမဟုတ်ပါဘူး။ အဆောက်အအုံထဲမှာ အဆောက်အဦးဖြိုချတဲ့နည်းစနစ်ကို စနစ်တကျထည့်သွင်းထားပြီး ချိန်ကိုက်ဖြိုချဖျက်ဆီး ပစ်တာပါ။ WTC ဟာ မီးလောင်ရုံနဲ့ပြိုကျသွားမယ့် တည်ဆောက်ပုံမျိုးမဟုတ်ပါဘူး။ အဲဒီမှာ thermite ဒါမှမဟုတ် Nano thermite တခုခုထည့် သွင်းဖြိုချတာသာ ဖြစ်နိုင်ပါတယ်” လို့ ဖော်ထုတ်ခဲ့ပါတယ်။ 

အဲဒီနောက်မှာတော့ ဂျုန်းစ်ကို အမေရိကန်အစိုးရရဲ့ဖိအားပေးမှုကြောင့်(Brigham) တက္ကသိုလ်ကနေ ပင်စင်ပေးလိုက်တယ်။ ဒါပေမဲ့ ဂျုန်းစ် ကတော့ (Scholars for 9/11 Truth & Justice) အဖွဲ့ကိုဖွဲ့ပြီး ဆက်လက်သုတေသနလုပ်ခဲ့ပါတယ်။ သူတို့ရဲ့လေ့လာတွေရှိချက်တွေကို အင်တာနက်ဝဘ်ဆိုက်မှာကော ဗွီဒီယိုအခွေနဲ့ပါ အထောက်အထားတွေနဲ့ဖော်ထုတ်တင်ပြခဲ့ပါတယ်။

ဒီတော့တကယ့်ဖြစ်ရပ်မှန်ကရှင်းလှပါတယ်။

နာနိုသာမိုက်ပေါက်ကွဲမှုတွေကနေအပူချိန် ဒီဂရီစင်တီဂရိတ် ထောင်ကျော်တဲ့အပူလှိုင်းတွေ ထွက်ပေါ်လာပြီး တန်ချိန် (၅) သိန်းကျော်တဲ့သံမဏိယက်မတွေ၊ ကျောရိုးထောက်တိုင်ကြီးတွေအရည်ပျော်ပြီး မြေပြင်ပါ်ပုံကျသွား(ground zero) တဲ့ထိ ပြိုဆင်းကုန်တာ ဖြစ်ပါတယ်။

ဒီထက်အံ့အားသင့်စရာကောင်းတာက သူ့အနားမှာရှိတဲ့ WTC(7) လို့ခေါ်တဲ့ (၄၇) ထပ် အဆောက်အအုံတခုလည်း ဘာလေယာဉ်မှအတိုက်မခံရဘဲ ပေါက်ကွဲမှုတွေဖြစ်ပြီး ညနေ (၅:၂၀) နာရီမှာ မျှော်စင်ကြီး(၂) ခုလိုပဲ (ground zero)ဖြစ်သွားတာပါပဲ။

နောက်ထပ်အံ့အားသင့်စရာတခုကတော့ ...

WTC (7) ပေါက်ကွဲမှုတွေထဲကနေကနေ လွတ်မြောက်လာတဲ့ ဘယ်ရီဂျဲနင်းစ်(Barry Jennings ) တို့မိသားစုရဲ့အဖြစ်တွေပါ။ ဘယ်ရီက (၈) ထပ်မှာတည်ရှိတဲ့ နယူးယောက်မြို့တော်အိမ်ယာဌာနကြီးရဲ့အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းဌာနရဲ့လက်ထောက် ညွှန်ကြားရေမှူးပါ။

ဘယ်ရီဂျဲနင်းစ်(Barry Jennings )အပြောအရ ပေါက်ကွဲမှုတွေအဆက်မပြတ်ဖြစ်နေတယ်၊ ဆိုတာပါပဲ။ ၉/၁၁ ဖြစ်အပြီး (၇) နှစ်အကြာ ၂၀၀၈ ခုနှစ် NIST သတင်းစာရှင်းလင်းပွဲမှာတော့ ဘာပေါက်ကွဲမှုမှ မရှိခဲ့ပါတဲ့။

ဘယ်ရီလည်း အဲဒီသတင်းစာရှင်းလင်းပွဲမတိုင်ခင်၂ ရက်မှာဘာရောဂါမှမရှိဘဲ ဆေးရုံပေါ်မှာ ကောက်ကာငင်ကာ သေဆုံးသွားပါတယ်။ တချိန်တည်းမှာပဲ သူ့မိသားစုလည်း ပျောက်ဆုံးသွားပါတယ်။ထူးဆန်းတဲ့ တိုက်ဆိုင်မှုလေပဲလား။

ဒါဆိုရင် လက်သည်အမှန်၊ တရားခံ အစစ်က ဘယ်သူများပါလိမ့်။ ဒါကို မီဒီယာတွေက ဘာကြောင့် ဖုံးကွယ်ထားရသလဲ။ အမေရိကန်အစိုးရက ဒါကိုမသိဘူးလား။ စသဖြင့် ထပ်ဆင့်မေး ခွန်းတွေ မေးစရာရှိပါတယ်။

ဟုတ်ပါတယ်။ လေ့လာချက်တွေအရ ဒီဖြစ်ရပ်ရဲ့နောက်ကွယ် တရားခံဟာ သမ္မတဘုရှ်အစိုးရကိုယ်တိုင်ဖြစ်နေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘင်လာဒင်၊ အလ်ကိုင်ဒါနဲ့ အာဖဂန်ကို တိုက်ခိုက်ဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်တခုရှာလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အထက်မှာဖော်ပြခဲ့တဲ့ သမ္မတဘုရှ်ရဲ့အဖိုးတို့လို ကျူးလွန်ခဲ့ကြတဲ့ရာဇဝတ်မှု မှတ်တမ်းတွေကို ဖျောက်ဖျက်ပစ်လိုတဲ့ အကြောင်းရင်းတွေလည်း ပါဝင်နေမှာဖြစ်တယ် လို့လေ့လာသူတွေက တင်ပြလာကြပါတယ်။ 

WTC(7) အဆောက်အဦမှာ အဲဒီလိုအရေးပါတဲ့ နိုင်ငံတော်လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့(State Secret) စာရွက် စာတမ်းတွေ၊ အသံဖိုင်တွေ သိမ်းဆည်းထားတဲ့အေဂျင်စီတခုလည်း တည်ရှိနေတယ် လို့ဆိုကြပါတယ်။

Deep state ဆိုတာ ဒါပါပဲ။ အကျိုးစီးပွားနဲ့ပတ်သက်ငြိလာကြပြီဆိုရင်တော့ ဘာမဆို လုပ်ဝံ့ကြ၊ လုပ်ရဲကြပါတယ်။

အမေရိကန်ဓနရှင်နိုင်ငံရေးရဲ့အတွင်းသရုပ်မှန် (true color) ဆိုတာ ဒါပါပဲ။

Deep state ယန္တရားရဲ့ဗဟိုချက်မက ဘယ်မှာလဲ။လို့ မမေးပါနဲ့ ။

အများသိထားကြတဲ့အတိုင်း အဖေရော၊ သားပါ သမ္မတကုလားထိုင်တွေမှာဝင်ထိုင်ခဲ့ကြပြီး (director) လုပ်ခဲ့ကြဖူးတဲ့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ(Central Intelligent Agency) (CIA) ပါပဲ။

တရားဝင်အစိုးရ(Legitimate government)အပေါ် ဘယ်လိုဩဇာလွှမ်းမိုးထားကြသလဲ။

တကယ်တော့ ထင်သာမြင်သာရှိတဲ့ ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့အစိုးရလို့ပြောတဲ့ (elected government) ဆိုတာနဲ့ deep state ဆိုတဲ့ ကိုယ်ပျောက်အစိုးရ ဆိုတာတွေက ဒင်္ဂါးတခုရဲ့ခေါင်းနဲ့ပန်းသာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ထဲမှာအဓိကကျတဲ့ နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ ဘဏ္ဍာရေးဆိုတဲ့သော့ချက်ကျတဲ့ဌာနတွေမှာ (CIA၊ FBI )စတဲ့ ထောက်လှမ်းရေးဌာနတွေမှာ၊ အမျိုးသားလုံခြုံရေးဌာန အစရှိတဲ့နေရာတွေမှာ သူတို့ရဲ့စိတ်အချရဆုံးလူတွေကို နေရာချ ထားလေ့ရှိကြပါတယ်။

အစိုးရပင်ကိုယ်၌က ဓနရှင်အစိုးရဖြစ်လေတော့ ဒေါ်လာသန်းရာချီကုန်ကျတဲ့ရွေးကောက်ပွဲစနစ်ဘောင်ထဲမှာ ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေအများစုကြီးကလည်း ဘဏ္ဍာသူကြွယ်ကြီးတွေရဲ့ထောက်ပံ့ငွေ ရှိမှသာ ကိုယ်စားလှယ်ဖြစ်

ခွင့်ရှိကြတာမို့ နောက်ကွယ်က သူကြွယ်အုပ်စုချင်း ပဋိပက္ခ ထိပ်တိပ်မတိုးမချင်း၊ အကျိုးစီးပွါးညီနေသ၍တော့ ဘာပြဿနာမှမရှိပါဘူး။ ဒါပေမဲ့ သူတို့အုပ်စုချင်းအကျိုးစီးပွား ညှိမရတော့ဘဲ ထိပ်တိုက်တွေ့ကြတဲ့အခါမှာပဲဖြစ်ဖြစ်၊  သူတို့စနစ်၊ သူတို့အကျိုးစီးပွားတည်ငြိမ်ရေးအတွက် အဓိကအန္တရာယ်ပေးနိုင်မယ့် လူပုဂ္ဂိုလ်မျိုးတွေ၊ လက်ဝဲအဖွဲ့အစည်းနဲ့အလုပ်သမားသမဂ္ဂ လို အဖွဲ့အစည်းမျိုး( ဘာသာရေး၊နိုင်ငံရေးခေါင်းဆောင်) တွေ ပေါ်လာရင်ပဲဖြစ်ဖြစ်၊ ကိုယ်ပျောက်အစိုးရယန္တရားကြီးရဲ့လက်မဲကြီးတွေနိုးထလာပြီး အညှာတာကင်းမဲ့စွာ ရက်ရက်စက်စက် အပြတ်ရှင်းကြပါတယ်။ 

ဒီအဖြစ်အပျက်တွေကလည်း အထက်မှာဖော်ပြခဲ့သလို သူတို့သမိုင်းမှာ အထင်အရှားများလှပါတယ်။

ဗမာပြည်မှာကော (Deep state ရှိပါသလား။

ဟုတ်ကဲ့ ရှိပါတယ်၊ အတိအကျပြေရရင် ရှိစပြုခဲ့ပြီလို့ ပြောရပါမယ်။

စစ်အာဏာရှင်ကြီးဗိုလ်သန်းရွှေအလွန် ၂၀၁၀ ခုနှစ်မှာ ၂၀၀၈ ခြေဥနဲ့သမ္မတဖြစ်လာတဲ့ဘောင်း ဘီချွတ် ဗိုလ်သိန်းစိန်ရဲ့ကြံ့ဖွတ်အစိုးက စခဲ့ပြီး ၂၀၁၅ ခုနှစ် မှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီချုပ်အစိုးရဆိုတဲ့စစ်တပိုင်းအစိုးရခေတ်မှာ အစပြုခဲ့တာလို့ အမှတ်အသားပြုရပါမယ်။  

ဒါပေမဲ့မကြာပါဘူး။ (၂၀၂၀) ရွေးကောက်ပွဲရလဒ်မြင်တွေ့လာရချိန်မှာတော့ အကျိုးစီးပွားထိပ်တိုက်တွေ့တော့ သူတို့ ကြိုးကိုင်ချင်သလိုမဖြစ်နိုင်မှန်းသိလာတဲ့အဆုံးမှာတော့ နောက်ကွယ်ကသူတို့ စစ်အုပ်စု(deep state) ကွန်ယက်က အာ ဏာသိမ်းလိုက်တော့တာပါပဲ။ အစဉ်အလာ အနောက်တိုင်း အရင်းရှင်စနစ်နိုင်ငံကြီးတွေ လမ်းကြောင်းအတိုင်း သွားကြဖို့စတင် ပုံစံချခဲ့ကြပေမဲ့ မအောင် မြင်ဘဲ ပြောင်ကျကျစစ်အာဏာရှင်ပုံစံသာပြန်ပေါ် လာကြပြီး ကမ္ဘာ့အလယ်မှာ အပယ်ခံလူဆိုးလူမိုက်အဖြစ်နဲ့ပဲ ဆက်လက်ကပြနေရပါတယ်။

မောင်တင့်တယ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar