TNLA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ခိုက်မှု ပြန်လည်ပြင်းထန်လာနိုင်ခြေ
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၂ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၁၃၊ ၂၀၂၅
TNLA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ခိုက်မှု ပြန်လည်ပြင်းထန်လာနိုင်ခြေ
၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကျော့ စတင်ခဲ့တဲ့ ယမန်နှစ် ဇွန်လနှောင်းပိုင်းကနေ ရေတွက်ရင် ၅ လခန့်အကြာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ TNLA လက်နက်ကိုင် အဖွဲ့က ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ပြီး စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ် ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တောက်လျှောက်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေဟာ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ တိုးတိုးတိတ်တိတ်ရော အများသိရှိကြတဲ့ ထုတ်ဖေါ်ပြောဆိုမှုတွေနဲ့ပါ ဖိအားပေးမှုတွေ နောက်မှာ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ MNDAA နဲ့ TNLA လက်နက်ကိုင် အဖွဲ့တို့က မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေကို အရှိန်လျှော့ချကာ နိုင်ငံရေးအရ ဆွေးနွေးဖို့ အသင့်ရှိတယ်ဆိုတဲ့ သဘောပါဝင်တဲ့ ထုတ်ပြန်ချက်တွေ အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြို့တွေနဲ့ စစ်အခြေစိုက်စခန်းတွေ အများအပြားဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီ ဘက်ကတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ၊ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သဘောမျိုး ယေဘုယျဆန်ဆန် ပြောဆိုနေခဲ့ပေမယ့်လည်း တဖက်မှာတော့ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ဒေသတွေ၊ မြို့တွေကို လေကြောင်းက တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင် နေတာတွေ့ရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ စစ်တပ်ပြိုကွဲတဲ့ အခြေအနေ၊ မြန်မာစစ်တပ်လုံးဝကျရှုံးသွားတဲ့ အခြေအနေမျိုးက အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကိုလည်း ထိခိုက်စေမယ်လို့ ယူဆထားသလို နောက်အချက်တခုက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်ဆုံးရှုံးမှု မဖြစ်စေဖို့ ပြည်မအစိုးရလို့ တရုတ်ကရှုမြင်တဲ့ စစ်ကောင်စီအစိုးရကို နိုင်ငံရေးအရ၊ သံတမန်ရေးအရ ထောက်ခံလုပ်ဆောင်သွားပေးဖို့ ဆုံးဖြတ်ထားပုံရတယ်လို့ နိုင်ငံရေး အကဲခတ်သူတချို့က ယူဆကြပါတယ်။
TNLA အနေနဲ့ နိုင်ငံရေး နည်းလမ်းအရဆွေးနွေးဖို့ အသင့်ရှိကြောင်း ပြောဆိုပြီး ၁ လခွဲဝန်းကျင် အကြာ၊ ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) မှာ ကျရောက်တဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ မှာတော့ ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ စစ်အရှိန်မြှင့်သွားမယ့် အကြောင်း၊ စစ်အာဏာရှင် စနစ်အောက်ကနေ အလုံးစုံလွတ်မြောက်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာရော ဥက္ကဌရဲ့ မိန့်ခွန်းမှာပါ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
ယမန်နှစ် နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ကိုလည်း တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုနဲ့ ထုတ်ပြန်ခဲ့ရတာလို့ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ ယမန်နှစ်နှောင်းပိုင်း တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုနဲ့ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်နဲ့ ဆန့်ကျင်ပြီး အခုလို ဘာကြောင့် ပြောဆိုထုတ်ပြန်ခဲ့ရတာလဲ ဆိုတဲ့ အကြောင်းရင်းကိုတော့ ဘယ်သူမှ တိတိကျကျ မသိရှိကြရပါဘူး။ တရုတ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေ ပိတ်ထားခြင်းရဲ့ အကျိုးသက်ရောက်မှုကို ကြီးကြီးမားမား မခံစားရတဲ့ အနေအထားကြောင့်လား သို့မဟုတ် စည်းရုံးရေးသဘောအရ ပြောဆိုတာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးပါဘူး။ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကို TNLA လိုပဲ အလားတူ ခံရတဲ့ MNDAA လက်နက်ကိုင် အဖွဲ့ကတော့ လတ်တလောမှာ စစ်ရေးလှုပ်ရှားမှုမတွေ့ရသလို ထုတ်ဖေါ်ပြောဆိုမှုတွေလည်း လုပ်ဆောင်တာမတွေ့ရပါဘူး။
TNLA အနေနဲ့ နောင်ချိုမြို့ အနီးက မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေး၊ ကျောက်ဆည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က တောင်ခမ်းက စစ်ကောင်စီ အခြေစိုက်တပ်တွေကို လအတန်ကြာ ပြင်းပြင်ထန်ထန် တိုက်ခိုက်နေခဲ့ရာက အခုသီတင်းပတ်တွေမှာ တောင်ခမ်းဒေသက တိုက်ပွဲတွေ အရှိန်လျော့ကျလာခဲ့တာတွေ့ရပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ထဲက ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတာ တွေ့ရပါတယ်။ ရှမ်းမြောက်နဲ့ ရှမ်းတောင် ဆက်သွယ်ထားတဲ့ ကားလမ်းတွေ အနက် ကျောက်ဂူ-နမ့်လမ် လမ်းကြောင်းကလည်း အဓိကကျတဲ့ လမ်းကြောင်းတခုဖြစ်ပါတယ်။ TNLA, MNDAA လက်နက်ကိုင် အဖွဲ့တွေက သိမ်းယူထားတဲ့ ဒေသတွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့တွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေက TNLA နဲ့ ဒေသအလိုက် ဖွဲ့စည်းထားကြတဲ့ PDF အဖွဲ့တွေ ပူးပေါင်းပြီး ထိန်းချုပ်ဖို့ ရည်မှန်းချက် ထားရှိသလားဆိုတဲ့ ခန့်မှန်းယူဆချက်လည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။
TNLA နဲ့ AA တို့အနေနဲ့ တရုတ်နိုင်ငံက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပြီး ဆွေးနွေးပြောဆိုကြဖို့ တိုက်တွန်းချက်တွေကို ငြင်းဆိုခြင်း မပြုသည့်တိုင် လိုက်နာဖို့ မလွယ်ကူတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ လက်ရှိရရှိထားတဲ့ စစ်ရေး အသာစီးရရှိမှု အရှိန်အဟုန်၊ စစ်ကောင်စီအနေနဲ့ ကမောက်ကမ ဖြစ်နေတဲ့ ဖွဲ့စည်းမှုတွေ လျော့လျဲနေတဲ့ ၄င်းတပ်ဖွဲ့တွေ ပြန်လည်ဖွဲ့စည်းဖို့ အင်အားဖြည့်ဖို့ ခေတ္တအနားရပြီး စစ်ရေးဗျူဟာ ပြန်လည်ပြင်ဆင်ဖို့ အခွင့်အလမ်း မရအောင် ဆက်လက်ပြီး စစ်ရှိန်မြှင့် ရသမျှ နယ်မြေတွေ သိမ်းယူဖို့ စိတ်စောနေတဲ့ အနေအထားလည်း ဖြစ်နိုင်ပါတယ်။ အချက်တချက်ကတော့ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ PDF အဖွဲ့တွေနဲ့ သော်လည်းကောင်း လူမျိုးအပေါ် အခြေပြုဖွဲ့စည်းထားတဲ့ မတူတဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ သဘောတူညီမှု ရှိထားဖို့တော့ အရေးတကြီး လိုအပ်မှာ ဖြစ်ပါတယ်။
AA အနေနဲ့ဆိုရင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့လို ဒေသတွေမှာ ဒေသအလိုက် PDF တွေရှိနေကြပြီး အဆိုပါ အဖွဲ့တွေနဲ့ သဘောတူညီမှု ရရှိထားဖို့ အရေးကြီးသလို TNLA အနေနဲ့လည်း မန္တလေး ကျောက်ဆည်ဘက်ကို ထပ်မံ ခြေဆန့်မယ် ဆိုခဲ့ရင် အဲဒီဒေသက PDF အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားရမှာ ဖြစ်ပြီး ရှမ်းတောင်ဘက်ကို ဆက်လက် ခြေဆန့်ခဲ့မယ်ဆိုရင်တော့ ဓနု PDF၊ ရှမ်းလက်နက်ကိုင် အဖွဲ့တွေ နဲ့ ဆွေးနွေး သဘောတူညီမှု ရဖို့ လိုအပ်မှာ အသေအချာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar