ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အသင့်နမ်းရမယ့် အခွင့်အလမ်းများ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အသင့်နမ်းရမယ့် အခွင့်အလမ်းများ
(မိုးမခ) ဖေဖော်ဝါရီ ၁ ၊ ၂၀၂၅
ERO တွေ အကုန်လုံး ဘာလိုလိုနဲ့ တဖြည်းဖြည်း လေယာဉ်ကွင်းပိုင်တွေ ဖြစ်ကုန်ကြပြီ။ လေယာဉ်ကွင်းထက် အဓိကကတော့ စက်ရုံပိုင်ဖြစ်ဖို့။ ကပစ စက်ရုံတွေ ပိုင်ပြီဆိုရင်တော့ ကွင်းပိုင်တာထက် သာသွားပြီပေါ့နော်။ ကပစ စက်ရုံတွေ ပိုင်သွားပြီဆိုရင်တော့ လေယာဉ်တွေ အကုန်လုံး ပိုင်သလိုတောင် ဖြစ်သွားပြီ။ အဲဒီလေယာဉ်တွေအားလုံး ဘာမှ မလှုပ်နိုင်တော့ဘူး။ ခဲယမ်းမီးကျောက်တွေလည်း ထပ်မဖြည့်တင်းနိုင်တော့ဘူးဆိုရင် စစ်တပ်တခုလုံး ပိုင်တဲ့အဆင့်ရောက်သွားမှာပေါ့လေ။ တပ်ပိုင်ကြီးပေါ့။ တပ်ချုပ်ကြီးလဲ ဖြစ်ပေါ့။
ခုဆိုရင်တော့ AAက ကစပစက်ရုံ (၆) ရဲ့ အနီး ၁၅ မိုင်နားထိ ရောက်လာသလို၊ ဧရာဝတီဘက်ဆိုရင်လည်းပဲ သာပေါင်းစခန်းမှူးတောင် စနိုက်ပါနဲ့ ပစ်ပြီးပြီပေါ့။ စကစအဖို့တော့ ရေဇလာနဒီ သေပါပြီ ဧရာဝတီပဲလေ။
အခု စစ်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ဗိုလ် ကျိုးပြတ်တွေက အပုံလိုက် ရှိတယ်။ မအလက ဒါတွေကို တပ်မှာ ပြန်သုံးလို့ မရတော့ အရပ်ဘက် ပို့တယ်။ အရပ်ဘက်မှာ စစ်ဗိုလ်တွေကို ပို့တာက ဌာနဆိုင်ရာအားလုံးကို ဝန်ကြီးကနေ ဦးစီးလောက်ထိ သူတို့တွေ အကုန်ယူတော့မယ်ပေါ့။ နန်းတွေလဲ သိပ်မသုံးချင်တော့ဘူး။ သူတို့ကို စစ်သားတလှည့် လုပ်ခိုင်းမလို့။ ကျားရော၊ မ ရော၊ ကလေးရော၊ လူကြီးရော၊ အဘိုးကြီးရော အကုန်လုံးက စစ်သား ဖြစ်ပေးရတော့မယ်ပေါ့။ အဲဒီလိုဆိုတဲ့အခါကျတော့ ဌာနဆိုင်ရာအားလုံးကို စစ်ဗိုလ်တွေ နေရာပြောင်းယူလိုက်ပြီ။ ရွေးကောက်ပွဲ လုပ်ပြီးတယ် ဆိုရင်လည်းပဲ အရပ်သားလက်ကို ဘာမှလွှဲမှာမဟုတ်ဘူးဆိုတဲ့ သဘော။ မလွှဲမှန်းတော့ သိပြီးသားပေါ့နော်။ ဒီရွေးကောက်ပွဲကတော့ နိုင်ငံတကာနဲ့ ကိုကိုကြီးတို့လိုဟာတွေ ချောင်းလေး ဘာလေး ဟန့်လို့ရအောင် လုပ်ပေးထားတဲ့ဟာပေါ့နော်။ သူ့ထွက်ပေါက်တော့ မဟုတ်ဘူး။ အသက်ရှူပေါက်။
အဲဒီတော့ သူ အခု အရပ်ဘက်နေရာတွေ အကုန်လုံးကို တပ်က ပြောင်းယူနေပြီ။ တပြည်လုံးကိုလည်းပဲ စစ်သား လုပ်ခိုင်းတော့မယ်။ အဲဒီကြားထဲမှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတာရယ်၊ ခြေဥပြင်မယ် ဆိုတာရယ်ကို ကိုကိုကြီးကတော့ ဘယ်လို ပြောရမလဲ၊ ဟိုလို နှိုင်းရတာလည်း မကောင်းပါဖူးနော်။ ဒီလောက် ဟောင်တဲ့ကောင် သိရသေးတာပေါ့ဆိုပြီး စာခြောက်ရုပ်ကို ဝင်းထရံထိပ်နား သွားထောင်ပေးထားသလိုမျိုးပေါ့။ မနက်လင်းတော့ မေးထိုးရုံထိုးနိုင်တော့တာ၊ အသံက မထွက်နိုင်တော့ဘူးလေ။ ခွေးအမြင်ကတ်လို့၊ မဟုတ်လည်း ဒီကောင် ဟောင်မယ့်ကောင် ဆိုပြီးတော့။ ဒီကောင့်ကို အသံပျောက်သွားအောင်နဲ့ တခြားဘက် အာရုံရောက်မလာအောင် အဲဒီဘက်ကနေ သူ့ကို ဟောင်ခိုင်းထားလိုက်တာပေါ့။ နိုင်ငံရေးသမား ဆိုသူတွေရဲ့ ရွေးကောက်ပွဲဟောင်သံတွေ ထွက်လာတာပေါ့။ ဒါဆိုရင် မအလက ပြည်ပနိုင်ငံတွေနဲ့ များများစကားပြောလို့ ကောင်းတာပေါ့လေ။
အခု ထရမ့်က သူ့ရဲ့ မူဝါဒတွေညီအောင် ပြင်ဆင်လုပ်ဆောင်ဖို့ အထောက်အပံ့တွေ ရပ်ထားတဲ့အချိန်နဲ့ တောင်ပိုင်းစစ်မျက်နှာဒေသမှာ ရှီကျင့်ဖျင်ရဲ့ ကျားဖြန့်နှိပ်ကွပ်မယ့်အချိန်က နှစ်ခု သွားထပ်နေတာကတော့ အရေးကြီးတယ်ပေါ့နော်။ အဲဒါ တော်လှန်ရေးရဲ့ အရှိန်အဟုန်ကို မထိခိုက်ဖို့နဲ့ ကြားနေခွထိုင်တွေ ရှင်းထုတ်ဖို့ဟာ သေသေချာချာ လုပ်ရမယ့် အခြေအနေမျိုးပေါ့။ ရှမ်းမြောက်မှာလည်း တရုတ်က နှိပ်ကွပ်ထား၊ အခု ကျားဖြန့် အကြောင်းပြုပြီးတော့ တောင်ပိုင်းစစ်မျက်နှာကိုပါ ပိတ်ဆို့သလိုတော့ ဖြစ်ပြီပေါ့လေ။ ထိုင်းဘက် မြန်မာနယ်စပ်ကနေ လုပ်ပေးတဲ့ ထောက်ပို့အပိုင်း တော်တော်ထိခိုက်နိုင်တာကိုး။ နောက်တခါ အပြင်ရောက်နေတဲ့ မြန်မာနိုင်ငံရေးသမားတွေအတွက်လည်း တော်တော့်ကို နေရေးထိုင်ရေး၊ စားရေးသောက်ရေး အကုန်အခက်အခဲဖြစ်လာမယ့်အချိန်ပေါ့။
ဒီ (၂၀၂၅) ကတော့ နှစ်ဖက် အကျပ်အတည်းကို အကြီးကြီးပေါ်လာမယ့်အချိန်၊ အဲဒီ အကျပ်အတည်းကို နှစ်ဖက်လုံးက ဘယ်သူက ဘယ်လိုတောင့်ခံနိုင်မလဲ၊ ဘယ်သူက ဘယ်လိုအသုံးချနိုင်မလဲ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ မြန့်မာ တော်လှန်ရေးအခြေအနေကို မြင်ရမှာပေါ့။
အခု ထရမ့် ဖြတ်လိုက်တဲ့အထဲမှာ မီဒီယာတွေကို ထောက်ပံ့တဲ့ငွေတွေ ပါသွားတော့ မီဒီယာလုပ်ငန်း တော်တော်များများကတော့ ထိခိုက်သွားတော့မှာပေါ့နော်။ အဲဒီတော့ ဘာအဓိကဖြစ်လာမလဲဆိုရင် Citizen Journalist တွေ အရေးကြီးလာမယ်။ နောက်တခုကတော့ သတင်းသမားပဲဖြစ်ဖြစ်၊ သတင်းသမား မဟုတ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့အကောင့်က ကိုယ့်ရဲ့သတင်းဌာနပဲ။ ကိုယ့်ရဲ့ဂျာနယ်ပဲ။ ကိုယ့်ရဲ့ သတင်းစာပဲဆိုတော့ ကိုယ့်ရှေ့မြင်တာကို ပြောကြ ရေးကြ တင်ကြ လုပ်ကြမယ်ဆိုလို့ရှိရင် သတင်းမီဒီယာလုပ်ငန်းတွေက ကျဆင်းမသွားဘဲ ပိုတောင် များပြား မြိုင်ဆိုင်လာမှာပါ။
သတင်းမီဒီယာလုပ်ငန်းကို လူတယောက်ချင်းစီကပါ လုပ်လို့ရတဲ့ခေတ်ကြီး ရောက်နေပြီမို့ ဆိုရှယ်မီဒီယာအကောင့်တခု ရှိတယ်ဆိုရင် သတင်းမီဒီယာလုပ်ငန်းကို တွဲပြီးတော့ လူတိုင်းက လုပ်လို့ရတာပဲ။ အဖွဲ့တိုင်းမှာလည်းပဲ ပေ့ချ်တွေ ရှိတယ်၊ အကောင့်တွေ ရှိတယ်။ အဖွဲ့တိုင်းက ကိုယ့်သတင်း ကိုယ် ထုတ်ပြန်နေလို့ရတယ်။ နောက်ထပ် ကိုယ် မြင်တာ တွေ့တာတွေကိုလည်း ပြောနေလို့ရတယ်။ ကိုယ့်ဒေသမှာ ဖြစ်နေတာတွေကို ရဲရဲတင်းတင်း ပြောကြဆိုကြမယ်ဆိုရင် သတင်းမီဒီယာလုပ်ငန်းက ပိုတောင်ဖွံ့ဖြိုးလာနိုင်မယ့် အခွင့်အလမ်းပဲလို့ ထင်ပါတယ်။ အဲဒါအပြင် တော်လှန်ရေးကိုပါ ထိန်းကျောင်းလာနိုင်တာပေါ့။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar