ကိုအောင်မှိုင်း - ရိုးမ သစ္စာ
ရိုးမ သစ္စာ
ကိုအောင်မှိုင်း
(မိုးမခ) ဖေဖော်ဝါရီ ၂ ၊ ၂၀၂၅
ဓားနဲ့ မြား
ကွာခြားချက်က
အကွာအဝေးရဲ့ ကန့်သတ်ချက်။
မေတ္တာနဲ့ အချစ်
ကွာခြားချက်က
ပေးဆပ်ခြင်းရဲ့ ကန့်သတ်ချက်။
မင်းနဲ့ငါ
ကွာခြားချက်က
နောင်တ ဆိုတာရဲ့ ကန့်သတ်ချက်။
မေနှစ်လုံးကစ
မြစ်ဝကျွန်းပေါ်အဆုံး
တသွင်သွင်စီးဆင်း
မြစ်မင်းကို နှလုံးမူ
ဧရာနဲ့ ပုံလောင်း
သစ္စာကို ပုံပြောင်း
ထောင်းထောင်းကျေနေတဲ့
သမိုင်းဟောင်းကို အလဲထိုး
သမိုင်းသစ်ကို ပျိုး။
နောင်သားလူငယ်
တည်ခဲ့ကြ တော်လှန်ရေး
သက်များစွာကို စတေးခဲ့ကြ
တန်းတူရေး မျှတရေးတွက်
သွေးအေးအေးနဲ့ စွန့်လွှတ်ခဲ့ရ
တယောက်မှာ တသက်
နှစ်ယောက်မှာ နှစ်သက်
သုံးယောက်မှာ သုံးသက်
ထောင်သောင်းချီတဲ့ အသက်များ
ပင်စည်က တော်လှန်ပင်
ရေသောက်မြစ်က ရိုးမ
မျက်ရိုင်းတောကိုဖြတ်
သင်ခန်းစာတွေ အထပ်ထပ်
အထီးကျန်ဆန်ခဲ့ အရိုးစုများ
နှုတ်ဆက်တိုင်း ကျလာတဲ့မျက်ရည်
လေးသင်္ချေနဲ့ ကမ္ဘာတသိန်း။
ကလေးတွေ သေကြ
လူကြီးတွေ သေကြ
ပြည်သူတွေ သေကြ
အရှက်နဲ့ လူ လုပ်ကြ
သူခိုး အခေါ်ခံရတာကို ရှက်ကြ
တော်လှန် ဆိုသူတွေ ပိုပြီးရှက်ကြ။
ခေါက်ရိုးကျိုး လူငယ်တွေ မဖြစ်စေနဲ့
ခေါက်ရိုးကျိုး လူကြီးတွေ မဖြစ်စေနဲ့
ခေါက်ရိုးကျိုး နိုင်ငံရေးသမားတွေ မဖြစ်စေနဲ့
ခေါက်ရိုးကျိုး တော်လှန်သူတွေ မဖြစ်စေနဲ့
ခေါက်ရိုးကျိုးခြင်းတွေကို ယဇ်ပူဇော်လိုက်ကြ။
ရွဲ့စောင်းစောင်း
အတ္တတွေကို ရိုက်ချိုး
သမိုင်းသစ်ကို ထီးမိုးကြစို့။