Breaking News

၇ ကြိမ်မြောက် သက်တမ်းတိုးတဲ့ အာဏာသိမ်းစစ်ကောင်စီ

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၃၁ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၁၊  ၂၀၂၅


၇ ကြိမ်မြောက် သက်တမ်းတိုးတဲ့ အာဏာသိမ်းစစ်ကောင်စီ

စစ်အာဏာသိမ်းမှု ၄ နှစ်တိတိပြည့်မြောက်တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မတိုင်ခင် တရက်အလိုမှာ အာဏာသိမ်းစစ်ကောင်စီက ၄င်းတို့ ၁၀၀ ရာနှုန်းထိန်းချုပ်ထားတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အပိုဒ် ၄၂၅ ကို ကိုးကားပြီး သတ္တမအကြိမ်မြောက် နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အခုလို အစည်းအဝေးကျင်းပတာ၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်မှု အခြေအနေလိုအပ်နေသေးတယ် ဆိုတဲ့ ဆွေးနွေးချက်တွေ  ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၂၅ ကိုကိုးကားပြီး သက်တမ်းတိုးဖို့ သဘောတူတယ်ဆိုတာတွေ အားလုံးဟာ ဇတ်တိုက်ထားတဲ့ အာဏာရှင်ရဲ့ ညွှန်ကြားချက်နဲ့ ပြောဆိုထောက်ခံ အတည်ပြုကြတဲ့ အစည်းအဝေးရလဒ်တွေ ဆိုတာ အားလုံးက သိရှိပြီးဖြစ်ပါတယ်။ 

လူအများစုက မယုံကြည်ကြတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ်ဆိုတဲ့ မှန်းဆချက်တွေကြောင့် အခု တကြိမ် ဖေဖေါ်ဝါရီ ၁ ရက်နေ့မတိုင်ခင်မှာတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာပြန်လွှဲမလား ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်ခဲ့ပေမယ့် ကာ/လုံ ကောင်စီကို မလွှဲသေးဘဲ လက်ရှိစစ်ကောင်စီကပဲ အခု ရာထူးတွေ အခင်းအကျင်းနဲ့ နောက် ၆ လ ဆက်တာဝန်ယူဖို့ သက်တမ်းတိုးလိုက်ပါတယ်။ ကာ/လုံ ကောင်စီကို လွှဲခဲ့မယ်ဆိုရင်လည်း အဆိုပါ ကောင်စီမှာ ဒီထဲက လူအများစုပဲ ပါရှိနေမှာဖြစ်လို့ ထူးခြားမယ့် အခြေအနေတော့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် ကာ/လုံကို လွှဲအပ်တယ်ဆိုရင် အဲဒီကာလအတွင်း ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး အခုတော့ ဒီ ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပမယ့် အရိပ်အယောင် လက္ခဏာ မရှိဘူးလို့ဆိုရမှာပါ။ 

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင် ဇန်နဝါရီ ၃၁ ရက်နေ့တွေနဲ သြဂုတ်လ ၁ ရက်နေ့မတိုင်ခင် ဇူလိုင် ၃၁ ရက်နေ့တွေမှာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို သက်တမ်းတိုးဖို့ အစည်းအဝေးကျင်းပ ထုတ်ပြန်ချက်ထုတ်၊ စစ်ကောင်စီထဲက ရာထူးနေရာတချို့ အပြောင်းအလဲလုပ်၊ အနားပေးသူတွေ ပေး၊ အသစ်ခန့်သူတွေခန့်၊ နေရာပြောင်းသူတွေပြောင်း လုပ်လေ့ရှိပြီး အပေါ်ဆုံးက စစ်ခေါင်းဆောင် ၂ ဦးက အပြောင်းအလဲ မရှိ ဆက်ပြီး ရာထူးတွေ လျော့သွားခြင်းမရှိတဲ့ အပြင်ပိုပြီးတိုးယူလာကြတာ ၇ ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ 

အခုလို ၆ လတခါ ပြဇတ်ကို လူအများက စိတ်မဝင်စားကြတော့ပါဘူး။ ဇတ်လမ်း ဇတ်ညွှန်းအပြောင်းအလဲ ထူးထူးခြားခြားမရှိတာကို အများစုက သိရှိထားကြပြီး ဖြစ်ပါတယ်။ နယ်မြေတွေ၊ မြို့တွေ လက်လွှတ်ဆုံးရှုံးရတဲ့ အခြေအနေတွေကို အခုလို ကာ/လုံ အစည်းအဝေးမှာ တိတိပပထုတ်ဖေါ်ပြောဆိုတာမျိုး မတွေ့ရပါဘူး။ တည်ငြိမ်အေးချမ်းမှု မရှိသေးဘူးဆိုတဲ့ ယေဘုယျစကားလုံးနဲ့ သာ ဖေါ်ပြပြီး သက်တမ်းတိုးဖို့ အကြောင်းပြချက် အဖြစ်သာ သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့  အရှိတရားအခြေအနေမှန်ကို လက်တွေ့ကျကျ လက်မခံလိုတဲ့ အနေအထားလား သို့မဟုတ် သိလျှက်နဲ့ တခြားရွေးစရာ နည်းလမ်းမရှိဘူးဆိုတဲ့ သဘောနဲ့  အခြေအနေမှန်တွေကို ဝန်ခံပြောဆိုခြင်း မရှိဘဲ ဆက်လက်ရှေ့တိုးတဲ့ သဘောလား တိတိပပ မပြောနိုင်ပါဘူး။ 

သေချာတဲ့ အချက်အလက်တွေကတော့ ၆ လ တကြိမ် သက်တမ်းတိုးတဲ့အခါတိုင်းမှာ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေ လျော့ပါးလာနေတာ ဖြစ်ပါတယ်။ ယခင် ၆ လက အခြေအနေနဲ့ အခုလက်ရှိရောက်နေတဲ့ အခြေအနေ မတူညီသလို နောက် ၆ လမှာ နယ်မြေ ဘယ်လောက်ထိန်းချုပ်ထားနိုင်ဦးမလဲ ဆိုတာ ဘယ်သူမှ အတိအကျ မမှန်းဆနိုင်ပါဘူး။ သေချာတာကတော့ လက်ရှိ ထိန်းချုပ်နယ်မြေတွေထက် ပိုလျော့နည်းသွားမယ့် အချက်ပဲ ဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ မြို့အားဖြင့် တွက်ချက်ရင် ၉၀ ခန့် လက်လွှတ်ဆုံးရှုံးပြီး ဖြစ်သလို တိုင်းစစ်ဌာနချုပ် ၂ ခု၊ စကခ၊ ဒကစလို ကွပ်ကဲရေး ဌာနချုပ်တွေ တခုထက်မနည်း လက်လွှတ်ဆုံးရှုံးခဲ့ရပြီး နယ်စပ်ကုန်သွယ်ရေး စခန်း ၄/၅ ခုထက်မနည်းလည်း လက်လွှတ်ခဲ့ရပြီ ဖြစ်ပါတယ်။ 

နောက်လာမယ့် ၆ လအတွင်း တိုင်းရင်းသား နယ်မြေတွေသာမက ဗမာလူမျိုးတွေ နေထိုင်ကြတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းထဲက နယ်မြေတွေလည်း ထပ်ပြီးလက်လွှတ်ဆုံးရှုံးဖို့ အလားအလာရှိနေပါတယ်။ တဖက်မှာလည်း စစ်ကောင်စီတပ်တွေ ဆုံးရှုံးလာတာနဲ့အမျှ စစ်အာဏာရှင် ဆန့်ကျင်ရေးလက်နက်ကိုင် အဖွဲ့တွေအကြား စုစည်းမှု၊ စည်းလုံးမှု ပိုအားကောင်းလာတယ်လို့ တထစ်ချ ကောက်ချက်မချနိုင်တဲ့ အနေအထားလည်း ရှိနေတာပါ။ နယ်မြေထိန်းချုပ်ပိုင်ခွင့် အခွန်အကောက် ကောက်ခံခွင့်တွေနဲ့ ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြား ပွတ်တိုက်မှု၊ ထိပ်တိုက်တိုးမှု၊ အောက်ခြေတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခဖြစ်မှုတွေလည်း တစထက်တစ ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်နိုင်ခြင်း မရှိတော့တဲ့ ဒေသတွေမှာ သယံဇာတ လက်လွတ်စပယ် ထုတ်ယူမှု၊ သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း တို့လို နယ်မြေတွေမှာ တွင်းထွက်ပစ္စည်း အလွန်အကျွံထုတ်ယူမှုတွေ၊ ပတ်ဝန်းကျင် အဆိပ်သင့် ထိခိုက်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ အလားတူ အခွန်အကောက် ကောက်ခံမှုတွေမှာလည်း စည်းစနစ်မကျ၊ ကြီးမားတဲ့ ငွေပမာဏ ကောက်ခံကြတဲ့ သတင်းတွေ နေရာအနှံ့ဖြစ်ပွားနေပြီး ပြည်သူလူထု အနေနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို မလုပ်ကိုင်နိုင်ဘဲ စစ်ဘေးတိမ်းရှောင်၊ စစ်မှုထမ်း ဆွဲခေါ်ခံရမယ့်အရေး တိမ်းရှောင်ရတဲ့ အခြေအနေမျိုးမှာ ခရီးသွားလာစရိတ်တွေ မတန်တဆပေးနေကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်မြေဒေသအများအပြားမှာ  ခရီးသည် တယောက် ကားခကို ကျပ် သိန်းနဲ့ ချီပေးနေကြရတဲ့ ဒေသတွေ အများအပြားရှိလာနေတာ တွေ့ရမှာပါ။ ကျပ် တသိန်း တသိန်းခွဲကနေ ၄ သိန်း၊ ၅ သိန်းအထိ ပေးရတဲ့ ခရီးလမ်းကြောင်းတွေ အများအပြားရှိနေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ လူထုအနေနဲ့ အခုလို တိုက်ပွဲတွေ အကြားမှာ လုပ်ကိုင်ရှင်သန်စားသောက်နိုင်ဖို့၊ ပညာသင်ယူနိုင်ဖို့ မစဥ်းစားနိုင်ပဲ လက်ထဲရှိတဲ့ ရှိစုမဲ့စုငွေကြေးတွေကို သားသမီးတွေ စစ်ထဲ ဆွဲသွင်းမခံရအောင် တိမ်းရှောင်ဖို့ အတွက်၊ တိုက်ပွဲ ဖြစ်ပွားလာတဲ့ နယ်မြေကနေ လွတ်ရာကို တိမ်းရှောင်ကြရာမှာ ထုတ်ပြီး သုံးစွဲနေကြရတဲ့ အနေအထားဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှုရဲ့ ဒဏ်ကို ခံစားကြရတဲ့ အဆင့်ဆင့်သော အလွှာတွေကို ဆန်းစစ်ကြည့်ရင် လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ လူတွေ၊ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ လူတွေ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ကိုင်နိုင်သူ ငွေကြေးအထိုက်အလျောက်ရှိတဲ့ အထက်လွှာ၊ အလယ်အလတ်အလွှာ၊ ကျွမ်းကျင်သူ ပညာသည်တွေ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေက ဝန်ထမ်းတွေ၊ လက်လုပ်လက်စား၊ လယ်သမား၊ အလုပ်သမား၊ ကျပန်းအလုပ်လုပ်ကိုင်ရသူတွေ စသဖြင့် အပေါ်ဆုံးကနေ အောက်ဆုံးထိ တွေ့ရမှာဖြစ်ပါတယ်။ အောက်ဆုံးအဆင့် သာမန်ပြည်သူတွေ ဘဝက စစ်ထဲ ဆွဲသွင်းခံရ၊ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ခံရသလို အခွန်အကောက်နဲ့ လာဘ်တောင်းခံတာတွေကို ရှိစုမဲ့စုနဲ့ ပေးဆောင်ရတဲ့ အောက်ဆုံးသောအလွှာက အလေးဆုံးဝန်ကိုထမ်းရွက်ထားကြရသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar