Breaking News

နွေညို - အုန်းလက်နွားလေး ကျန်ခဲ့တယ်

Art by KT#

အုန်းလက်နွားလေး ကျန်ခဲ့တယ်
နွေညို
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅

ညအိပ်ရာဝင်တိုင်း
မေမေ ရွတ်ပြတဲ့
သပြေသီးကောက် ကဗျာတစ်ပုဒ်
သားခုထိမမေ့သေးဘူး မေမေ

အဲ့ဒီကဗျာလေးထဲက
အုန်းလက်နွားလေး
သား စီးချင်ခဲ့တယ် မေမေ

ဖေဖေက
အုန်လက်ကိုင်း တစ်ကိုင်းကိုခုတ်
အုန်းလက်နွားကလေး
လုပ်ပေးခဲ့တယ်ပေါ့မေမေ

သားတို့သူငယ်ချင်းတွေ
ဖုန်လုံးတွေ တလိမ့်လိမ့်နဲ့
ရွာလမ်းလေးရဲ့ ဟိုထိပ် ဒီထိပ်
အုန်းလက်နွားလေးတွေ  စီးလို့
ပျော်ခဲ့ကြတယ် မေမေ

ခုတော့
သားတို့ရွာလေး
အဝေးကနေ ငေးလို့
အိမ်ကိုပြန်ချင်လှပြီ မေမေ

ဖေဖေဘယ်မှာလဲ မေမေ
သားအတွက်
အုန်းလက်နွားလေးလိုချင်တယ်
သားစီးနေတဲ့ အုန်းလက်နွားလေး
ရွာနံဘေးမှာ ကျကျန်ခဲ့တယ် မေမေ

သားတို့ သူငယ်ချင်းတွေရော
အုန်းလက်နွားလေးပါကြရဲ့လား
သားသိချင်လိုက်တာ မေမေ

ကောင်းကင်မှာ လေးယာဉ်ပျံတွေဖြတ်သွားတိုင်း
မမနဲ့ကိုကိုတို့က
သားလက်ကလေးကို ဆွဲပြီး
ဝေး.....လို့ အော်
လက်တွေပြ တာ့တာလုပ်ခါ
အပျော်ကြီးပျော်ကြ
သားစိတ်ထဲ အဲဒီတုန်းက
အပျော်ကြီးပျော်ခဲ့တာပေါ့မေမေ

ခု လေယာဉ်ပျံကြီးတွေလာတော့
သားတို့တွေ ဘာလို့များ
ပြေးပုန်းနေကြရတာလဲ
သားတို့လက်ပြနေတာကို
သူတို့မသိကြဘူးလားမေမေ

သားတို့အိမ်လေး ရှိသေးရဲ့လား
သားတို့ရွာလေး ရှိသေးရဲ့လား
သားသူငယ်ချင်းတွေ ရှိသေးရဲ့လား
သားတို့တက်မယ့်
စာသင်ကျောင်းလေးရော  ရှိသေးရဲ့လား
သားကျကျန်ခဲ့တဲ့ အုန်းလက်နွားလေးရော ရှိမှ ရှိသေးရဲ့လား မေမေ

မေမေ သားလေယာဉ်ပျံကြီးတွေကို
သိပ်မုန်းတာပဲ
သူတို့အသံကြားတိုင်း
သားသိပ်ကြောက်တယ်
သူတို့ကြောင့် သားတို့
ထမင်းငတ်တယ်
ရေငတ်တယ်
မကစားရတဲ့ရက်တွေ ကြာခဲ့ပြီ မေမေ

ဖေဖေဘယ်မှာလဲ မေမေ
ဖေဖေ့ကိုအမြန်ခေါ်ပေးပါ
သားကျကျန်ခဲ့တဲ့ အုန်းလက်နွားလေး
ယူခိုင်းပေးပါ မေမေ
သားရဲ့အုန်းလက်နွားလေး
ရွာဦးထိပ်မှာ
ကျကျန်ခဲ့တယ် မေမေ ။    ။

16.2.2025
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar