ကျားဖြန့် ပြဿနာက စစ်ကောင်စီအတွက် မြဝတီကို ပြန်ထိန်းချုပ်ဖို့ အခွင့်အလမ်းလား
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၆ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅
ကျားဖြန့် ပြဿနာက စစ်ကောင်စီအတွက် မြဝတီကို ပြန်ထိန်းချုပ်ဖို့ အခွင့်အလမ်းလား
ခုလပိုင်းတွေ အတွင်း ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံပိုင်နက်နယ်မြေထဲ အခြေစိုက်တဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ တခုပြီးတခု ဖြစ်ပေါ်ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေသလို အဆိုပါ ဖြစ်ပေါ်ပြောင်းလဲမှုတွေက နိုင်ငံရေး၊ စစ်ရေးအပေါ်မှာလည်း သက်ရောက်မှုတွေဖြစ်ပေါ်လာတာ သတိပြုမိကောင်း ပြုမိကြပါလိမ့်မယ်။
ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ကိစ္စ အာရုံစိုက်မခံရခင်က BGF နဲ့ DKBA လက်နက်ကိုင် အဖွဲ့တွေရဲ့ အနေအထား၊ စစ်ကောင်စီရဲ့ မြဝတီမြို့နဲ့ မြဝတီဒေသမှာ ရှိနေတဲ့ လက်နက်ကိုင်တပ်တွေရဲ့ အခြေအနေတွေဟာ လအနည်းငယ်အကြာ ကျားဖြန့်နှိမ်နှင်းရေးက ဒီဒေသတခုလုံးရဲ့ အဓိက အရေးပါဆုံး ခေါင်းစဥ်ဖြစ်လာနေချိန်မှာ အတိုင်းအတာတခုထိ ပြောင်းလဲလာခဲ့ပါတယ်။
ယခုလ ၁၅ ရက်နေ့က ထိုင်းစစ်အရာရှိ၊ ရဲအရာရှိနဲ့ မြန်မာစစ်ကောင်စီတပ်က တာဝန်ပေးခံရတဲ့ စစ်အရာရှိနဲ့ အခြားအရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းတွေ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျားဖြန့်/လူမှောင်ခို ကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေး ကျင်းပခဲ့ကြပါတယ်။ လူကုန်ကူးမှုဆိုင်ရာ လိမ်လည်လှည့်ဖျားခံရသူတွေကို ကူညီဖို့ ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆွေးနွေးပွဲလို့ ခေါင်းစဥ်ပေးထားတဲ့ အစည်းအဝေး တရပ်ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီဘက်ကို ကိုယ်စားပြုတက်ရောက်ခဲ့တဲ့ စစ်အရာရှိက မြဝတီမြို့စောင့်တပ် လို့ခေါ်ဆိုကြတဲ့ ခလရ-၂၇၅ က ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် မတ်လနှောင်းပိုင်းနဲ့ ဧပြီလတွေမှာ သင်္ဃန်းညီနောင် ကျေးရွာအနီးက စစ်ကောင်စီ တပ်ရင်းစခန်းတွေကို ကေအန်ယူဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တရင်းပြီးတရင်း သိမ်းယူခဲ့တဲ့နောက် မြဝတီမြို့မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုက အမည်ခံသာသာမျှ အခြေအနေရှိနေခဲ့တာ ဖြစ်ပါတယ်။ မြဝတီကို ကရင်အမျိုးသား တပ်မတော်လို့ အမည်ပြောင်းထားတဲ့ စောချစ်သူဦးဆောင်တဲ့ BGF တပ်က ထိန်းချုပ်ထားပြီး KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ တပ်တွေအကြား လက်နက်ကိုင် တိုက်ခိုက်မှုတွေကို ကြားကနေ ခံပြီး စစ်ကောင်စီတပ်တွေကို အကာအကွယ်ပေးခဲ့တယ်လို့ ယူဆရလောက်အောင် စောချစ်သူရဲ့ BGF တပ်တွေက အကျိုးအမြတ်ပထမ ရပ်တည်မှုနဲ့ ကိုင်တွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
၄င်းတို့ တပ်ရင်းစခန်းကို စွန့်လွှတ်ထွက်ခွာခဲ့ရတဲ့ ခလရ -၂၇၅ တပ်တွေကိုလည်း သီတင်းပတ် အနည်းငယ်အကြာမှာ ခလရ -၂၇၅ ထဲ ပြန်လည်နေရာယူနိုင်အောင် လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် မြဝတီမြို့ဟာ BGF ရဲ့ သြဇာအောက်မှာ ရှိနေခဲ့တာ ယခုအချိန်ထိ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်တွေကိုတော့ စစ်ကောင်စီရဲ့ ဝန်ထမ်းတွေက မြဝတီ-မဲဆောက် နယ်စပ်ဂိတ်တံတားတွေမှာ တာဝန်ယူ အုပ်ချုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ မြို့ရဲ့ လုံခြုံရေးကို တာဝန်ယူခွင့် မရှိ၊ တာဝန်ယူနိုင်တဲ့ အင်အားမရှိတော့ဘဲ မြဝတီမြို့ကို အုပ်ချုပ်တယ်ဆိုတာထက် နယ်စပ်ဂိတ်ကိုသာ အုပ်ချုပ်ခွင့်ရခဲ့တာ လအတန်ကြာ ရှိခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီ ရဲ့ ထောက်လှမ်းရေးတွေ ရဲသတင်းတပ်ဖွဲ့တွေ အနေနဲ့ မြဝတီမြို့ထဲမှာ ဖမ်းဆီးအရေးယူပိုင်ခွင့် မရှိတဲ့အနေအထားမျိုးအထိ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
အထက်ကလို စစ်ကောင်စီအနေနဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကလွဲလို့ မြဝတီမြို့ရဲ့ အားလုံးနီးပါး လက်လွှတ်ဆုံးရှုံးထားတဲ့ အနေအထားကနေ ကျားဖြန့် ကိစ္စဖြစ်ပေါ်လာတဲ့နောက် ပထမဆုံးအကြိမ် ထိုင်းနိုင်ငံနဲ့ အစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ကျားဖြန့် ပြဿနာက BGF ရဲ့ သြဇာကို ကျဆင်းစေခဲ့သလို BGF က တစိတ်တပိုင်း စောင့်ရှောက်ပေးထားတဲ့ စစ်ကောင်စီတပ်တွေ ပြန်လည် သြဇာတက်လာပြီး မြဝတီကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားမလား ဆိုတဲ့ မှန်းဆချက်တွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက ကျားဖြန့် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ထိရောက်စွာ နှိမ်နှင်းဖို့ ဖိအားပေးလာချိန်မှာ စစ်ကောင်စီ အနေနဲ့ ၄င်းတို့ ကောင်းစွာ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမရှိတဲ့ သဘောနဲ့ နှုတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။ မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်း အခြေစိုက်ရာ နယ်မြေတွေက BGF နဲ့ DKBA တို့က လက်နက်ကိုင်တပ်ဖွဲ့နဲ့ အကာအကွယ်ပေးထားတာ ဖြစ်လို့ စစ်ကောင်စီအနေနဲ့ အနေသာကြီး ဆိုတဲ့ သဘောထားပြီး နုတ်ဆိတ်နေခဲ့တာလို့ မှန်းဆရပါတယ်။
တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံအစိုးရတို့က မြဝတီနယ်က ကျားဖြန့်ဂိုဏ်းတွေကို ထိရောက်စွာ နှိမ်နှင်းဖို့ ခြေလှမ်းတလှမ်းပြီး တလှမ်းလှမ်းလာချိန်မှာ BGF နဲ့ DKBA လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ အဖို့ ၄င်းတို့ တဦးချင်း ရှင်သန်ကျန်ရစ်ရေးနဲ့ လက်နက်ကိုင် အဖွဲ့ ရှင်သန်ကျန်ရစ်ရေးအတွက် ကျားဖြန့်ဂိုဏ်းတွေကို အတိုင်းအတာတခုထိ အရေးယူပြမှ ဖြစ်မယ့် အနေအထားဆိုတာ သဘောပေါက်လာကြပုံရပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့် ပြဿနာတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရဘက်က တာဝန်ရှိသူတွေနဲ့ တရုတ်နိုင်ငံ ဒု-ဝန်ကြီး တို့ မဲဆောက်၊ မယ်ဆိုင်၊ ဘုရားသုံးဆူနယ်စပ် ဒေသတွေကို သွားရောက်ပြီး နှိမ်နှင်းမှုတွေ လုပ်ဆောင်နေကြစဥ် သီတင်းပတ်အတန်ကြာအထိ စစ်ကောင်စီဘက်က အဆိုပါ သတင်းတွေ လုပ်ဆောင်မှုတွေ နဲ့ ပတ်သက်လို့ နုတ်ဆိတ်နေခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာပိုင်နက်နယ်မြေ ဖြစ်ပေမယ့် စစ်ကောင်စီအနေနဲ့ ၄င်းတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ မဟုတ်လို့ တာဝန်မရှိတဲ့ သဘောမျိုးနဲ့ နုတ်ဆိတ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ယမန်နှစ်နှစ်ဆန်းပိုင်းကမှ စစ်ကောင်စီရဲ့ သြဇာအောက်က ထွက်သွားတဲ့ BGF လက်နက်ကိုင် အဖွဲ့နဲ့ ပတ်သက်လို့လည်း ၄င်းတို့မှာ တာဝန်မရှိတဲ့ သဘောမျိုး ပြသချင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ခုရက်ပိုင်းမှာ တရုတ် ဒု-ဝန်ကြီးက နေပြည်တော် သွားရောက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ မြဝတီမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ထဲက ကျားဖြန့်ဂိုဏ်းတွေ နှိမ်နှင်းရေး၊ လူကုန်ကူးမှုမှ လွတ်မြောက်လာတဲ့ သူတွေကို နှစ်နိုင်ငံအကြား လွှဲပြောင်းရေး နဲ့ ဆက်စပ်ပြီး ဆွေးနွေးမှုတွေ ရှိခဲ့ပြီးနောက်မှာ မဲဆောက်မြို့က စစ်ကောင်စီဘက်က ကိုယ်စားလှယ်နဲ့ ထိုင်းနိုင်ငံဘက်က ကိုယ်စားလှယ်တွေ အောက်ခြေအဆင့် ဆွေးနွေးပွဲတွေ ပေါ်ထွက်လာတာလို့ ကောက်ချက်ချနိုင်ပါလိမ့်မယ်။
အခု ကျားဖြန့်အရေးမှာ ဂုဏ်သိက္ခာအရ၊ ငွေကြေးအရ ထိခိုက်ဆုံးရှုံးမှု အများဆုံးက BGF, DKBA လက်နက်ကိုင် အဖွဲ့တို့ဖြစ်ပြီး အတိုင်းအတာတခုထိ နာမည်ဂုဏ်သတင်း ထိခိုက်ရတာက KNU ဖြစ်ပါတယ်။ မြန်မာစစ်တပ် အနေနဲ့တော့ ယမန်နှစ်က တပ်စခန်း အများအပြားနဲ့ နယ်မြေထိန်းချုပ်မှုတွေကို လက်လွှတ်ဆုံးရှုံးထားရာကနေ အခုလို ကျားဖြန့် ပြဿနာမှာ ပေါ်ထွက်လာတဲ့ အခွင့်အလမ်းတချို့ ကို ဖမ်းဆုပ်ရယူဖို့ ကြိုးစားနေတဲ့ အနေအထားလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar