Breaking News

စစ်အာဏာသိမ်း ၄ နှစ်ပြည့်ချိန်

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၂၊  ၂၀၂၅

 စစ်အာဏာသိမ်း ၄ နှစ်ပြည့်ချိန် 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ဖြစ်ရပ်ဖြစ်ပွားပြီး ၄ နှစ်တိတိ ပြည့်မြောက်ချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နဲ့ ပညာရေး အစရှိတဲ့ အခြေအနေအရပ်ရပ်ကိုပြန်ဆန်းစစ်ကြည့်တဲ့အခါ သေဆုံးပျက်စီးမှု၊ စီးပွား ရေးဆုတ်ယုတ်မှု၊ မြို့ရွာတွေ မလုံခြုံမှု နဲ့ နိုင်ငံကို ခေတ္တဖြစ်စေ အပြီးတိုင်ဖြစ်စေစွန့်ခွာကာ အိမ်နီးချင်းနဲ့ တခြားသော တတိယနိုင်ငံလို့ ခေါ်တဲ့နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေထိုင်ကြတာတွေက ယေဘုယျ အခြေ အနေလို့ ဆိုရပါလိမ့်မယ်။ 

၄ နှစ်တာကာလကို အဆိုးဘက်က ပုံရိပ်တွေချည်းဖော်ပြထားတာလားလို့ စောဒက တက်ကောင်းလည်း တက်နိုင်ပါတယ်။ ကောင်းတဲ့အကြောင်းအရာ၊ ရှုထောင့် အချက်အလက်လုံးဝမရှိတာမဟုတ်သော်လည်း အဆိုပါ တိုးတက်မှု ဖြစ်ထွန်းမှုလို့ဆိုတဲ့အရာတွေက ပမာဏအားဖြင့်၊ သက်ရောက်မှုအားဖြင့် ရေရှည်အလား အလာ အားဖြင့် အားနည်းပြီး ဆုတ်ယုတ်မှု၊ ပျက်ယွင်းမှုတွေကို မတားဆီးနိုင် မချေဖျက်နိုင်တဲ့ ပမာဏ၊ အရှိန်အဟုန်တွေ ဖြစ်တယ်လို့ ယူဆမိတာကြောင့် ဦးစားပေး မီးမောင်းထိုးမပြလိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

၄ နှစ်ကာလအတွင်း နိုင်ငံရေး အရ ဘာတွေဆုတ်ယုတ်သွားသလဲလို့မေးရင် စစ်အာဏာသိမ်းမှု ကိုယ်၌က အဓိကဆုတ်ယုတ်မှုဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် အရပ်ဖက်အုပ်ချုပ်ရေးကနေ စစ်အုပ်ချုပ်ရေးအဖြစ်ပြောင်းလဲသွားတာ၊ နိုင်ငံရေးအာဏာက လူအများက ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရရဲ့လက်ထဲကနေ လက်နက်ကိုင် စစ်တပ်ကရယူသွားတာ၊ အယူအဆမတူတာ အမြင်မတူတာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းကြမယ့် အခင်းအကျင်းကနေ လက်နက်ကိုင်တိုက်ခိုက်တဲ့နည်းနဲ့ ဖြေရှင်းကြမယ်ဆိုတဲ့ လမ်း ကြောင်းကို အများစုကရွေးချယ်ကြပြီး လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ် ၇ ခုလောက်ကာလအတွင်း ဒုတိယမြောက် ပြည်တွင်းစစ်မီးအရှိန်အဟုန်နဲ့ တောက်လောင်လာခဲ့တာတွေက နိုင်ငံရေးအရ ဆုတ်ယုတ်မှုလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ 

ကုန်လွန်ခဲ့တဲ့ ၄ နှစ်ကာလကို ၁၉၄၉ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ လွတ်လပ်ရေးရပြီးခါစ ပြည် တွင်းစစ်ကာလနဲ့ နှိုင်းယှဥ်ရင် ပျက်စီးမှု ထိခိုက်သေဆုံးမှု အရေအတွက်အရ ပထမပြည်တွင်းစစ်ကို မမှီသေးပေမယ့်လို့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာက ပထမပြည်တွင်းစစ်ကာလနဲ့ မကွာခြားတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ အခု လက်ရှိအချိန်မှာ ဒုတိယ ပြည်တွင်းစစ်အတွင်းထဲမှာသာရှိနေသေးတာ ဖြစ်ပြီး စစ်ပွဲကနေ မထွက်နိုင်သေး၊ စာရင်းမပိတ်နိုင်သေးတဲ့ အခြေအနေလို့လည်း ဆိုရမှာဖြစ်ပါတယ်။ 

လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ နေအိမ်တွေ မီးလောင်ပျက်စီးမှု နဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးပျက်စီးရမှုတွေက ဆက်လက်ဖြစ်ပွားနေဆဲ၊ ဒီလိုဖြစ်ရပ်တွေ ဆက် လက်ဖြစ်ပွားဖို့ ငွေကြေးအရင်းအမြစ်တွေလည်း ကျန်ရှိနေဆဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားနေချိန် လူအများက အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ဆုံးရှုံးပြီး ရှိစုမဲ့စု ငွေကြေးကို အကုန်ထုတ်သုံးပြီး ဘေးလွတ်ရာရှောင်တိမ်းကြရ၊ အသက်ရှင်သန်ဖို့စားသောက်ကြရချိန်မှာ စစ်ပွဲတွေမှာသုံးကြမယ့် လက် နက်ခဲယမ်းတွေအတွက် အတိုင်းအတာတခုထိ အထောက်အပံ့ဖြစ်စေမယ့် သယံဇာတတွေ အတား အဆီးမရှိထုတ်ယူနေတာတွေလည်း မြန်မာနိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် ဖားကန့်၊ ဧရာဝတီမြစ် အထက်ပိုင်း ရွှေကူတို့လို နယ်တွေ စစ်ကိုင်းတိုင်းထဲက ချင်းတွင်းမြစ် အထက်ပိုင်း နဲ့ မိုးကုတ်တို့လို ဒေသတွေမှာ မြစ်ချောင်းတွေ ပျက်စီးတိမ်ကောလောက်အောင် ရွှေမျောတွေက အဆိပ်သင့်ရေတွေ ချောင်းမြောင်းတွေက တဆင့် ပျံ့နှံ့စီးဝင်လောက်အောင် သယံဇာတတွေ ထုတ်ယူနေကြတာ ကြားသိနေကြရပါတယ်။ ကချင်ပြည်နယ် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းဒေသတွေမှာလည်း မြေရှားထုတ်ယူနေကြတဲ့ သတင်းတွေ ဓါတ်ပုံတွေ ဖတ်ရှုတွေ့မြင်ကြပြီး ဖြစ်ပါလိမ့်မယ်။ စစ်ကိုင်းတိုင်းထဲက ဘေးမဲ့ သစ်တောတွေ၊ ပဲခူးတိုင်း၊ မကွေးတိုင်းထဲက သစ်တောတွေလည်း အတားအဆီးမရှိ ထုတ်ယူရောင်းချနေကြတာတွေက စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ သယံဇာတထုတ်ယူမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်ပါတယ်။ ဒီငွေကြေးတွေက စစ်မီး အရှိန်ကောင်းကောင်းနဲ့ တောက်လောင်စေဖို့ အတိုင်းအတာတခုထိ အင်အားဖြည့်ပေးတာလည်း ဖြစ်ပါတယ်။ ဒီဖြစ်စဥ် ဖြစ်ရပ်တွေက ပြီးခဲ့တဲ့ ၄ နှစ်တာအတွင်း တစတစ ကျယ်ပြန့်လာပြီး အခုလက်ရှိကာလမှာလည်း အရှိန်အဟုန်နဲ့ ဖြစ်ပွားနေဆဲ လို့ဆိုရင် မှားမယ် မထင်ပါ။ 

၄ နှစ်တာအတွင်း စီးပွားရေးကဏ္ဍကို ကြည့်ရင် နိုင်ငံခြားကုမ္ပဏီကြီးတချို့ ရဲ့ ရင်းနှီးမြှုပ်နှံမှု ထွက်ခွာသွားခဲ့တာတွေ ပထမ ၂ နှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီး အသစ်သောရင်းနှီးမြှုပ်နှံသူတွေ မရှိသလောက် ဖြစ်လာပြီး အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာနေတဲ့ ဖြစ်စဥ်က ပိုမိုသိသာ ကျယ်ပြန့်လာနေပါတယ်။ စစ်ပွဲတွေကြောင့် ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးတွေ ပျက်ပြားလာသလို အထည်ချုပ်လုပ်ငန်းလို လုပ်ခစားလက်ခစား အလုပ်တွေလည်း လျှပ်စစ်မီး၊ မတည်ငြိမ်တဲ့ မြန်မာငွေလဲနှုန်း၊ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် လူငယ်တွေကို စစ်မှုထမ်းဆွဲသွင်းမှုတွေကြောင့် သိသာစွာ ကျဆင်းနေပြီး ပြည် တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရှားပါးလာနေတာလည်း ဖြစ်ပါတယ်။

 ဒီလိုအခြေအနေမှာ မြန်မာကျပ်ငွေ တန်ဖိုးသိသိသာသာ ကျဆင်းခြင်းကလည်း ကုန်ထုတ်လုပ်မှုနဲ့ ကူးသန်း ရောင်းဝယ်မှုတွေကို ဂယက်ကြီးမားစွာရိုက်ခတ်သလို စားသုံးသူတွေအနေနဲ့ ငွေတန်ဖိုးကျခြင်းရဲ့အကျိုးဆက်ကို အများဆုံးခံစားကြရတာ ဖြစ်ပါတယ်။ ဆေးဝါး၊ စားသုံးဆီ စတဲ့ အခြေခံလိုအပ်ချက် ကုန်ပစ္စည်းတွေကို နိုင်ငံခြားငွေ ချွေတာဖို့ ကန့်သက်ချက်ကြောင့် လည်းကောင်း လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲကုန်တာကြောင့် လည်းကောင်း ရှားပါးတာ၊ ဝယ်ဖို့ ခက်ခဲတာတွေနဲ့ ကြုံနေကြရတာ ဖြစ်ပါတယ်။ မြန်မာ့စီး ပွားရေးဟာ တိုးတက်မှုမရှိတဲ့အပြင် အနုတ်လက္ခဏာဘက်ကို ရောက်ရှိနေမယ့် အနေအထား၊ ဆင်းရဲမွဲတေမှု အဆင့်အောက်ကို နောက်ထပ် သန်းနဲ့ချီတဲ့ လူဦးရေပမာဏထပ်ပြီး တိုးလာမယ့်အနေအထား၊ အရေးပေါ် အကူအညီလိုအပ်သူ သန်းနဲ့ချီရှိပြီး တိုးမြင့်လာတဲ့ အနေအထားတွေလည်း ကုလသမဂ္ဂရဲ့ စာရင်းကောက်ယူ ထုတ်ပြန်မှုတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ 

လူမှုအသိုက်အဝိုင်း လုံခြုံဘေးကင်းမှုကို ကြည့်ရင် ကုန်ဆုံးခဲ့တဲ့ ၄ နှစ်တာအတွင်း တရားဥပဒေ စိုးမိုးမှု တစတစပျက်စီးလာခဲ့တာ ထင်ထင်ရှားရှားတွေ့မြင် ကြားသိနေကြရမှာ ဖြစ်ပါတယ်။ လုယက်မှု၊ သတ်ဖြတ်မှု၊ ဓါးပြတိုက် သတ်ဖြတ်မှုနဲ့ အဓမ္မပြုကျင့်မှုတွေ၊ တရားဥပဒေမဲ့ လုပ်ကြံသတ်ဖြတ်မှုတွေက စစ်အာဏာသိမ်းပြီးနောက်မှာ နေ့စဥ် ဖြစ်ရပ်တွေသဖွယ် ဖြစ်လာနေတာပါ။ ဘဏ်ဓါးပြတိုက်တာ၊ ရွှေဆိုင်၊ ဖုန်းဆိုင် စတိုးဆိုင်တွေကို လက်နက်နဲ့ဝင်ရောက်လုယက်တာ၊ ခုခံတာနဲ့ သတ်ဖြတ်တာတွေက နိုင်ငံအနှံ့ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးဖို့ တာဝန်ရှိတဲ့ ရဲဝန်ထမ်းတွေက စစ်ရေးကိစ္စရပ်တွေနဲ့ အာဏာသိမ်း စစ်တပ်က ၄င်းတို့ကို ဆန့်ကျင်သူတွေကို စောင့်ကြည့် ဖမ်းဆီးမှုတွေအတွက်သာ အဓိကအသုံးချပြီး လူထုရဲ့ လုံ ခြုံမှုရှိဖို့ ရပ်ရွာလုံခြုံမှုတာဝန်တွေကို မထမ်းဆောင်ကြတော့ပါဘူး။ တချို့ဒေသတွေမှာ ရာဇဝတ်မှုကျူးလွန်သူတွေကို နိုင်ငံရေးအရ ဆန့်ကျင်သူတွေရဲ့ သတင်းအချက်အလက် စုဆောင်းဖို့အတွက် ရဲ၊ စစ်တပ်က အသုံး ချကြတာကြောင့်လည်း ရာဇဝတ်မှု ကျူးလွန်သူတွေက ဖမ်းဆီးခံရခြင်းက လွတ်ကင်းနေကြတဲ့ အနေ အထားလည်း ဖြစ်ပါတယ်။ 

၄ နှစ်တာအတွင်း ပညာသင်ကြားတဲ့ ကျောင်းသားအရွယ် ပညာသင်ယူခြင်း မပြုနိုင်တဲ့ ကလေးသူငယ်တွေ သိန်းဂဏန်း သို့မဟုတ် သန်းဂဏန်းအထိ ရှိနိုင်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခဒေသတွေမှာ ကျောင်းတွေပိတ်ထားရပြီး ကိုယ်ထူကိုယ်ထကျောင်း၊ ဘုန်းကြီးကျောင်း သို့မဟုတ် ရပ်ရွာက ကမကထလုပ်တဲ့ စာသင် ကျောင်းလိုမျိုးတွေနဲ့ သင်ကြားကြရတဲ့အခြေအနေရောက်ရှိနေပြီး ပညာရေး အဆောက်အဦတွေလည်း စစ်ပွဲတွေအတွင်း လေကြောင်းကတိုက်ခိုက်ခံရတာ အများအပြားရှိပါတယ်။ ပညာရေး ဝန်ထမ်း ထောင်သောင်းချီ CDM လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြကာ ပုံမှန်ပညာရေးအခင်းအကျင်းက တိုက်ပွဲမဖြစ်သေးတဲ့ မြို့တွေကလွဲရင် ကျန်တဲ့နေရာတွေမှာ ပျက်စီးသွားခဲ့ပြီလို့ဆိုရင် မှားမယ်မထင်ပါ။ တိုက်ပွဲ မဖြစ်သေးတဲ့မြို့ကြီးတွေမှာလည်း အဆောက်အဦနဲ့ ဝန်ထမ်းအရေအတွက် တချို့သာရှိပြီး စစ်အာဏာမသိမ်းခင်က အနေအထားနဲ့ ယှဥ်ရင် အရေအတွက်ရော အရည်အသွေးပါ သိသာစွာ ကျဆင်းခဲ့ပြီး လူထုရဲ့ ယုံကြည်ကိုးစားမှုလည်း ဆုံးရှုံးခဲ့တဲ့ အနေအထားဖြစ်ပါတယ်။ 

နိုင်ငံရေး စီးပွားရေး ပညာရေး တရားဥပဒေ စိုးမိုးမှု ဆုတ်ယုတ်ကျဆင်းမှုတွေနဲ့အတူ လူငယ်တွေရဲ့ အနာဂတ်ကို စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းခြင်းက ထပ်မံဖျက်ဆီးပြန်ပါတယ်။ ၂၀၂၄ ခုနှစ်ဆန်းမှာ စတင်တဲ့  စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းခြင်းက လူငယ်အများအပြားကို နိုင်ငံက စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံနဲ့ ဒေသတွင်းကနိုင်ငံတချို့မှာ တရားဝင်၊ တရားမဝင် ဖြစ်တဲ့နည်းနဲ့ တိမ်းရှောင်နေထိုင်ကြဖို့ ဖြစ်စေပါတယ်။ လူငယ်တွေရဲ့ လုပ်အားဆုံးရှုံးမှု၊ ပညာရေး အခွင့်အလမ်း ဆုံးရှုံးမှုတွေ ဖြစ်စေပြီး အခြားသော မျှော်လင့်မထားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ အချို့ကတော့ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းခြင်းဟာ အချို့သော လူငယ်တွေ PDF ထဲဝင်ရောက်လာအောင် တွန်းအားပေး သလိုဖြစ်စေတယ်လို့လည်း အကောင်းဘက်က ယူဆကြပေမယ့် လူငယ်တွေရဲ့ အနာဂတ်ကို ပျက်စီးစေတဲ့ ဥပဒေ အသက်သွင်းမှုလို့ ဆိုရမှာဖြစ်ပါတယ်။ 

အခုလို ၄ နှစ်တာအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အခြား နယ်ပယ်အသီးသီးကို ဆုတ်ယုတ် ကျဆင်းစေတာက စစ်အာဏာသိမ်းမှုလို့ မလွဲမသွေကောက်ချက်ချရမှာ ဖြစ်ပြီး ဒီအကြပ်အတည်း ဒုက္ခနွံထဲက လွတ် မြောက်ဖို့ မျှော်လင့်ချက် ရောင်ခြည်တော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar