ပြည်တွင်းစစ်နဲ့ ကပ်ဘေး
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၃ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၅
ပြည်တွင်းစစ်နဲ့ ကပ်ဘေး
ဗုဒ္ဓဘာသာရေးအရ ကပ်ဘေး ၃ ပါးရှိတယ်လို့ ဆိုထားပြီး သတ္ထန္တရကပ် ဆိုတဲ့ လက်နက်ကြောင့် သေကျေပျက်စီးရခြင်း၊ ရောဂန္တရကပ်ဆိုတဲ့ ရောဂါကြောင့် သေကျေပျက်စီးရခြင်းနဲ့ ဒုဗ္ဘိက္ခန္တရကပ် အစာရေစာ ပြတ်လပ်မှုကြောင့် သေကျေပျက်စီးရခြင်း ဆိုတဲ့ ကပ်ဘေး ၃ ပါးကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတာပါ။
မကြာသေးခင် နှစ်များက ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကူးစက်ရောဂါကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်ပွားခဲ့တဲ့ ကပ်ဘေးအဆင့်လို့ အားလုံးက သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကလည်း Pandemic ဆိုတဲ့ ကူးစက်ရောဂါ ကပ်ဘေးအဆင့် နှစ်နဲ့ချီ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလည်း ကိုဗစ်ကူးစက်ရောဂါ ကပ်ဘေးမှာ အများသောနိုင်ငံတွေနည်းတူ မလွတ်နိုင်ခဲ့ဘဲ ၂၀၂၁ ခုနှစ်လယ်ကာလမှာ လူ့အသက်ပေါင်း သောင်းနဲ့ ချီသေဆုံးခဲ့ကြရတာ အများသိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ အချက်အလက် တိတိကျကျ ကောက်ယူမှတ်တမ်းတင်နိုင်စွမ်း မရှိသော်လည်း အဆိုပါ ၂၀၂၁ ခုနှစ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာတင် ကိုဗစ်ကူးစက်ရောဂါနဲ့ လူဦးရေ ၃ သောင်းထက်မနည်း အသက်ဆုံးရှုံး ခဲ့ကြရတာဖြစ်ပါတယ်။ ဒီအဖြစ်ကို ပဏာမအနေနဲ့ ရည်ညွှန်းရခြင်းက ကပ်ဘေးရဲ့ ကျယ်ပြန့်မှုနဲ့ ထိခိုက်သေဆုံးမှု အတိုင်းအတာကို နှိုင်းယှဥ်ကြည့်စေလိုတာကြောင့် ရည်ညွှန်းရခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအဖို့ ၂၀၂၁ ခုနှစ် ကိုဗစ်ကူးစက်ရောဂါ ကပ်ဘေးနဲ့ အသေအပျောက်အများဆုံးကာလ ကျော်လွန်ပြီးနောက်မှာ လက်နက်ကြောင့် သေကျေပျက်စီးရခြင်း ဆိုတဲ့ စစ်ပွဲဖြစ်ပွားခြင်း အခြေအနေထဲကို ဆက်လက်ကျဆင်းခဲ့ရပြန်ပါတယ်။ အဲဒီကာလက စတင်အရှိန်မြင့်လာခဲ့တဲ့ စစ်ပွဲတွေ တစတစ ကျယ်ပြန့်လာရာမှာ အခု ၄ နှစ် ကြာမြင့်ချိန်မှာ မြန်မာနိုင်ငံ အနှံ့အပြား စစ်ပွဲတိုက်ရိုက်ဖြစ်တဲ့ နယ်မြေတွေနဲ့ စစ်ပွဲတိုက်ရိုက် မဖြစ်သေးသော်လည်း စစ်ဘေးရဲ့ အကျိုးဆက်ကို ခံစားနေရတဲ့နယ်မြေတွေ အဖြစ် နှစ်မျိုးနှစ်စားသာ ခွဲခြားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
စစ်ပွဲတွေက စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ လိုအပ်ချက်ကြောင့် တိုက်ခိုက်ကြတာ၊ တိုင်းရင်းသား လူမျိုးစုတွေ အနေနဲ့ မိမိတို့ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ခိုက်ကြတာဖြစ်စေ ပေါ်ထွက်လာတာ ဖြစ်ပြီး မြန်မာနိုင်ငံပြည်တွင်းစစ်က ကမ္ဘာမှာ နှစ်ကာလအရှည်ကြာဆုံးလို့ ဆိုရလောက်အောင် နှစ် ၇၀ ကျော်ရှည်ကြာလာခဲ့ရာက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ အကျယ်ပြန့်ဆုံးနဲ့ အပြင်းထန်ဆုံး ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေ အခု ၄ နှစ်ပြည့်ကာလအတွင်း အရပ်သားသေဆုံးမှု ကိန်းဂဏန်းများ ကောက်ယူကြရာမှာ AAPP ရဲ့ ကိန်းဂဏန်းအရ စစ်ကောင်စီ လက်အောက်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ အရပ်သား ၆၈၀၀ ဝန်းကျင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေထဲ နှစ်ဖက် လက်နက်ကိုင် တပ်တွေရဲ့ သေဆုံးမှုတွေ မပါရှိသေးသလို တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေက မှားယွင်းသတ်ဖြတ်မှုဖြစ်စေ၊ စစ်ကောင်စီ သတင်းပေးလို့ သံသယနဲ့ သတ်ဖြတ်တာဖြစ်စေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဒလန် စတဲ့ သံသယနဲ့ သတ်ဖြတ်ခံရတဲ့ ကိန်းဂဏန်းတွေ ပါဝင်ခြင်း မရှိဘူးလို့ နားလည်ရပါတယ်။ အကြဖ်းဖျဥ်းခန့်မှန်းကြည့်ရင် အရပ်သား သေဆုံးမှု ၈ထောင်ကနေ အများဆုံး ၁ သောင်းလောက်အထိ ရှိပြီးဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ လက်နက်ကိုင် အဖွဲ့ဝင်တွေ သေဆုံးမှုက အရပ်သားသေဆုံးမှုထက် ပိုမိုများပြားကောင်း များပြားနိုင်ပါတယ်။ ဒါတွေက အသက်သေဆုံးမှု တနည်းအားဖြင့်။ ဆိုရရင် လက်နက်ကြောင့် သေကြေပျက်စီးမှုတွေ ခန့်မှန်းချက် ပမာဏဖြစ်ပါတယ်။
လက်နက်ကိုင် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အနေအထားမှာ ကူးစက်ရောဂါ ဖြစ်စေ ကူးစက်ရောဂါမဟုတ်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပတ်ဝန်းကျင်၊ အဟာရလုံလုံလောက်လောက် မရှိတဲ့ အခြေအနေတွေမှာ ကူးစက်ရောဂါတွေ၊ မသေဆုံးသင့်ပဲ သေဆုံးရတာတွေ ဖြစ်ပွားနေတာလည်း သတင်းတွေမှာ မကြာခဏ ကြားသိနေကြရတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည် စခန်းတွေမှာ ရာသီဥတုဒဏ်ကြောင့် အသက်အရွယ်ကြီးသူတွေ သေဆုံးကြရတာ၊ စစ်ဘေးရှောင်စခန်းတွေမှာ ကူးစက်ရောဂါ တွေဖြစ်ပွားပေမယ့် ဆေးဝါး ရှားပါးတာ၊ ကုသမှု မခံယူနိုင်ကြရတာတွေကြောင့်လည်း ရောဂါတန္တရကပ်ဘေးလို့ ဆိုရအောင် ကပ်ဘေးဆိုက်လာကြရတာဖြစ်ပါတယ်။
အခုရက်ပိုင်း သတင်းတွေမှာ ရခိုင်ပြည်နယ်တောင်ပိုင်း စစ်ဘေးတိမ်းရှောင်နေကြရတဲ့ စခန်းတွေမှာ ကျေးရွာတွေမှာ အရေပြားရောဂါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေ ခြေထောက်တွေ၊ ကိုယ်ခန္ဓာနဲ့ ဦးခေါင်းတွေမှာ ယားနာတွေ ဖြစ်ပွားနေကြတာ သတင်းတွေထဲမှာ တွေ့မြင်နေကြရပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားနေတာက အဓိကအကြောင်း ဆိုပေမယ့်လည်း စစ်ကောင်စီကက ရခိုင်ပြည်နယ်ကို စားသောက်ကုန်၊ လောင်စာဆီ၊ ဆေးဝါး၊ ရိက္ခာဘာကိုမှ သယ်ဆောင်ခွင့်မပေးပဲ စစ်တွေမြို့တမြို့ကိုသာ ၄င်းတို့အစီအစဥ်နဲ့ သယ်ဆောင်ပြီး အကန့်အသတ်နဲ့ ရောင်းချပေးတဲ့အခြေအနေက အခုလို ကူးစက်ရောဂါတွေကို ကုသဖို့ မလွယ်ကူတဲ့ အနေအထား ဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် အုပ်ချုပ်တဲ့ ခေတ်မှာ မြန်မာနိုင်ငံအနှံ့အပြား ယားနာတွေ ဖြစ်ကြတာ၊ ဝဲတွေ ပေါက်ကြတာမျိုး ဆေးဝါးမရှိလို့ ပြာချပြီး လက်ဖြစ်ဆေးမီးတိုတွေနဲ့ ယားနာရောဂါ ကုသကြရတဲ့ အခြေအနေမျိုးနဲ့ နှိုင်းယှဥ်စရာဖြစ်ပြီး ခေတ်သစ်သမိုင်းမှာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို့ ဆိုရမှာ ဖြစ်ပါတယ်။
စစ်ပွဲကြောင့် အသက်သေဆုံးခြင်း မရှိသည့်တိုင် စစ်ဘေးတိမ်းရှောင်နေကြရတဲ့ လူထုတွေရဲ့ ဘဝတွေက ခက်ခဲလွန်းလို့ တသက်တာလုံး စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်တွေဖြစ်ပါတယ်။
တတိယ ကပ်ဘေးဖြစ်တဲ့ စားရေရိက္ခာ ပြတ်လပ်မှုကြောင့် သေကျေပျက်စီးခြင်း ကပ်ဘေးက လက်ရှိကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခြင်း မရှိသေးသည့်တိုင် စိုက်ပျိုးမြေတွေ မစိုက်ပျိုးနိုင်၊ ကူးသန်းရောင်းဝယ်မှုတွေ မလုပ်ကိုင်နိုင်ကြတဲ့ အနေအထားက နှစ်နဲ့ချီလာတဲ့အခါမှာ တကြိမ်တခါမျှ အငတ်ဘေး မကျရောက်ဘူးသေးတဲ့ မြန်မာနိုင်ငံအဖို့ အငတ်ဘေးကြောင့် သေကျေပျက်စီးရတဲ့ အဖြစ်တွေ ကြုံလာရနိုင်ခြေလည်း ရှိနေတာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar