Breaking News

ထရန့်လက်ထက်မှာ တရားနဲ့သာ ဖြေကြပါ အမေရိကန်ပရိသတ်ကြီး

ထရန့်လက်ထက်မှာ တရားနဲ့သာ ဖြေကြပါ အမေရိကန်ပရိသတ်ကြီး

နိုင်ငံတကာသာဂိ (မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၅

သာဂိလည်း စာမရေးဖြစ်တာ ကြာပြီ။ ၂ ပတ်လောက်ရှိပြီ ထင်ပါတယ်။ တလောကလုံးက ထရန့်အမေရိကားအကြောင်းပဲ နေ့နေ့ ညည ပြောနေ ဆိုနေကြတော့ သာဂိလည်း အလုပ်လက်မဲ့ဖြစ်ရပါတယ်။ မိုးမခနွေဦး မြင်ကွင်းရေးတဲ့ အယ်ဒီတာတွေကလည်း ထရန့်နဲ့ မြန်မာ့အရေးကို အာရုံကျပြီး တပတ်လောက်ကို ရေးကြတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ အမရိကန်မှာ မဘသ သမ္မတကြီး တက်လာကတည်းက တကမ္ဘာလုံး မငြိမ်းချမ်းတော့ဘဲ ဆူဆူညဲံ့ညဲံ့ လှုပ်လှုပ်ရှားရှားဖြစ်ရပါတယ်။

ပထမအနေနဲ့ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်တွေ၊ ရက်ကျော်နေထိုင်သူတွေကို ဖမ်းဆီးမယ် နှင်ထုတ်မယ်ဆိုတာကို စတင်ကြေညာပြီးတာနဲ့ ဖမ်း၀ရမ်းရှိထားတဲ့စာရင်းအတိုင်း လိုက်လံဖမ်းဆီး နှင်ထုတ်ပါတယ်။ သူတို့အခေါ် ICE - လူဝင်မှုကြည့်ကြပ်ရေးဝန်ထမ်းတွေ နိုင်ငံအနှံ့စေလွှတ်ပြီး လိုက်လံစစ်ဆေးတာ ဖမ်းဆီးတာ လုပ်ပါတယ်။ အလုပ်ခွင်တွေထဲ ဝင်စီးနင်းပြီး အလုပ်လုပ်ခွင့်မရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းပါတယ်။ အခုချိန်မှာ နိုင်ငံပြောင်းရွှေ့နေထိုင်သူတွေအားလုံး တရားဝင်ကော မဝင်ကောနဲ့ သူတို့ကလေးတွေပါ ကြောက်ရွံ့တုန်လှုပ်ပြီး ကျောင်း၊ အလုပ်၊ ဘုရားကျောင်းတွေကို သွားဖို့ တွန့်ဆုတ်ကုန်ကြပါတယ်တဲ့။

ယခင်တပတ်က ပြည်တွင်းက အမေရိကန်ပြည်သားတွေအတွက် လူမှုဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေး ထောက်ပို့ငွေတွေကို ထိန်းချုပ်တာ ကန့်သတ်တာတွေ လုပ်ကိုင်ပါတယ်။ ကွန်ဂရက်နဲ့ ပြည်နယ်အစိုးရတွေက ကန့်ကွက်တာနဲ့ ပြည်ထောင်စုတရားသူကြီးတဦးက ယာယီဆိုင်းငံ့မိန့်ထုတ်ထားလို့ နဲနဲသက်သာရာရတယ် ဆိုရပါတယ်။

နောက်ဆက်တွဲ အစိုးရယန္တယားထဲက FBI ကို ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။ FBI ဝန်ထမ်းတွေကို မေးခွန်းတွေ စစ်မေးပြီး သူတို့တွေ၏ ထရန့်အပေါ် သစ္စာရှိမရှိကို ဆန်းစစ်မယ် ဆိုပါတယ်။ ဥပမာ - ထရန့်ကို အရေးယူဖို့ စုံစမ်းရေးတွေမှာ ဘယ်လိုပါဝင်လုပ်ကိုင်ခဲ့ကြသလဲဆိုတာ မေးခွန်းတွေ ဖြေခိုင်းတာမျိုးပါ။

မနေ့ကတော့ နိုင်ငံတကာကို ပေးနေတဲ့ အကူအညီတွေကို ဆောင်ရွက်တဲ့ USAID အဖွဲ့ကြီးကို ပိတ်ဆို့လိုက်ပါတယ်။ အခု ငွေအကူအညီ ထောက်ပို့မှုတွေ ပြည်ပနိုင်ငံတွေက လိုအပ်နေတဲ့ဒုက္ခသည်တွေ လူနာတွေ အဖွဲ့အစည်းတွေဆီကို အကူအညီတွေ မရောက်နိုင်တော့ပါဘူး။ အစကတော့ ခေတ္တ ရပ်ဆိုင်းတယ်ဆိုသလိုမျိုး မျော်လင့်ထားပေမယ့် အခုတော့ အစိုးရရုံးကို ပိတ်လိုက်ပြီး ဝန်ထမ်းတွေကို အိမ်ပြန်လွှတ်လိုက်တာဆိုတော့ အမေရိကန်ကွန်ဂရက်ကအမတ်အချို့နဲ့ နိုင်ငံရေးသမားတွေက ဝေဖန် ပြစ်တင်ကြတာမျိုး ရင်ဆိုင်ရပါတယ်။

နောက်တချက်ကတော့ ပနားမားတူးမြောင်းကို အမေရိကန်၏ ထိန်းချုပ်မှုအောက် ပြန်လည် ထားရှိဖို့ ထရန့်က ပြောပြီးတဲ့နောက် သူ့၏ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကိုယ်တိုင်သွားပြီး ပနားမားသမ္မတနဲ့ သွားစကားပြောဆိုရာမှာ ပနားမားက သူတို့တွေ တရုတ်နဲ့ ဆက်ဆံရေးတွေ ပြန်လည်စဉ်းစားပါမယ်လို့ ဂတိပေးရတဲ့ အဖြစ်ကို ဆိုက်ခဲ့ပါတယ်။

ကနေဒါ၊ မက္ကစီကိုနဲ့ တရုတ်ကို သွင်းကုန်ခွန်တွေ ၂၅% နဲ့ ၁၀% အသီးသီး တိုးမြှင့်မယ်လို့ ထုတ်ပြန်အပြီးမှာ မက္ကစီကိုနဲ့ ကနေဒါက နယ်စပ်ဖြတ်ကျော်တွေကို တားဆီးဖို့၊ မူးယစ်ဆေးဝါးစီးဝင်တာတွေ တိုးပြီး နှိမ်နင်းဖို့ မက္ကစီကိုနဲ့ ကနေဒါတို့ဘက် ညှိနှိုင်းလာတဲ့အတွက် အမေရိကန်ဘက်က ၁ လ ဆိုင်းငံ့ထားလိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။ တရုတ်နဲ့ ၁၀% သွင်းကုန်ခွန်တိုးတာကတော့ ဘယ်လု ဆက်ညှိကြမယ် မသိပါဘူး။ ကုန်သွယ်ဘက်တွေဖြစ်တဲ့ အီးယူနိုင်ငံတွေကိုလည်း ပစ်မှတ်ထားမယ်လို့ ထရန့်အစိုးရက ခြိမ်းခြောက်ထားတာမို့ ဥရောပနိုင်ငံတွေကလည်း အဆင်သင့်ပြင်ထားဖို့ တပ်လှန့်ထားကြပါတယ်။

ဒါနဲ့ပဲ မြန်မာ့အရေးလုပ်နေတဲ့ နိုင်ငံခြားအဖွဲ့တွေ အတော်ဂွကျကုန်တယ် ကြားပါတယ်။ သာဂိလည်း စိုးရိမ်ပြီး မောင်ရစ်ကို မေးပါတယ်။ ခင်ဗျားတို့ မိုးမခကော အကူငွေတွေ အဖြတ်ခံရတဲ့အထဲ ပါသလား။ ဘာညာပေါ့။ မိုးမခက အမေရိကန်မှာ non-profit media group အနေနဲ့ စေတနာ့ဝန်ထမ်း အခမဲ့တာဝန်ထမ်းတဲ့ စာပေစာနယ်ဇင်းအဖွဲ့အဖြစ် နှစ်ပေါင်း ၂၀ ကျော် ရပ်တည်နေတာ ဖြစ်ပါတယ်။ USAID လို အမေရိကန်အခွန်ထမ်းငွေတွေက်ု လက်ခံပြီး လည်ပတ်ခြင်း လုံး၀မရှိခဲ့ပါဘူး။ ပြည်သူတွေ၏ စေတနာအလှူ စေတနာအလုပ်တွေနဲ့သာ ရပ်တည်တာမို့ မိုးမခမီဒီယာက အိုကေပါတယ်လို့ မောင်ရစ်က ပြန်ဖြေပါတယ်။ ဒါဆိုရင် သာဂိ ဘယ်သူမှ ကြောက်စရာ အားနာစရာမလို ရေးချင်တာ ရေးလို့ရပြီပေါ့လို့ ဆိုလိုက်တော့ ဟုတ်ကဲ့လို့ ဖြေပါတယ်။ သာဂိရေးသမျှစာတွေလည်း စာမူခ တခါမှ မရခဲ့လေတော့ အခုလည်း စာမူခမရ၊ နောင်လည်း မရမယ့်အတူတူမို့ ထရန့်တို့လည်း ကြောက်စရာမလိုတာမို့ သည်စာကို ဆက်ရေးပါမယ်။

ပြောချင်တာ သည်လိုပါ။ တနေ့က ထရန့်တို့အမေရိကန်အစိုးရ လုပ်ပုံတွေက အားနည်းသူတွေ အကူအညီလိုအပ်သူတွေကို ဖိနှီပ် အနိုင်ကျင့်ရာ ကျကြောင်း၊ မီးလောင်တော့လည်း မီးလောင်တာ DEI တွေကြောင့်ဆိုပြီး ဗလွတ်ရွှတ်တ ပြောကြောင်း၊ လေယျာဉ်ပျုံပျက်ကျတော့လည်း DEI တွေကြောင့် အရည်အချင်းမရှိသူတွေ ခန်ံထားလို့ဆိုပြီး သက်သေမဲ့ စွပ်စွဲပြောဆိုကြောင်း၊ အမေရိကန်ဆိုတာ ကမ္ဘာမှာ အားလုံးက လေးစားမော့ကြည့်ကြရတာကနေ သိက္ခာမဲ့ အရှက်မဲ့တဲ့ အာဏာရူး ဥစ္စာရူးတွေ၏ တိုင်းပြည်ဖြစ်လာကြောင်း၊ အမေရိကန်တွေ အရှက်ရကြောင်း ပြောလာပါတယ်။ အခုတောင် ဇန်နဝါရီ ၂၀ မှာ အာဏာရရုံလေး ရှိသေးတယ်။ အခု အကုန် ငါးပါးတင်မက သံဃာစင်ပါမှောက်နေကြောင်း ပြောလာကြပါတယ်။

သည်တော့ သာဂိကတော့ တရားနဲ့သာ ဖြေပါ ပရိသတ်ကြီးလို့ ပြန်ပြောလိုက်ပါတယ်။ တရားနဲ့ ဖြေပါဆိုတာ သည်လိုပါ။ လူသားတွေအားလုံးထဲမှာ လူယုတ်မာတွေနဲ့ ကွာခြားပြီး သူတို့ထက် သာတဲ့ နေရာမှာ နေဖို့ ကျင့်ကြံဖို့ ဆိုလိုတာပါ။ အဆိုပါ လူသားအနေနဲ့ ဗြဟ္မစိုရ်တရားကို သာ ဆက်လက်ကျင့်သုံးဖို့ မမေ့ဖို့သာ သတိပေးလိုရင်း ဖြစ်ပါတယ်။ သူတို့ကို ကြည့်ပြီး သူတို့လို ပြန်ကျုးလွန်ရင် သူတို့က ချေးနဲ့ လာသုတ်တာ ပြန်သုတ်ရင် ကိုယ့်လက် ချေးအရင်ပေမှာကိုး။

ချက်ကြီး ခေါ် ချက်ဂျီပီတီက သည်လို ဖြေထားပါတယ်။ ဗြဟ္မစိုရ်တရား (၄) ပါး ဆိုသည်မှာ ...

၁. မေတ္တာ (Metta) – လူတစ်ဦးချင်းစီနှင့် သတ္တဝါများအားလုံးကို မေတ္တာဖြင့် ချစ်ခင်မူ
၂. ကရုဏာ (Karuna) – အခြားသူများ ဒုက္ခရောက်သော် သနားညှာ ကူညီလိုစိတ်
၃. မုဒိတာ (Mudita) – အခြားသူများ သာယာချမ်းသာမှုကို ချစ်မြတ်နိုးစွာဖြင့် ဝမ်းမြောက်ပျော်ရွှင်နိုင်မှု
၄. ဥပေက္ခာ (Upekkha) – အားလုံးအပေါ် တရားမျှတစွာ ဘက်လိုက်ခြင်း မထားပဲ ညီမျှစွာ သဘောထားမှု

တို့ ဖြစ်ပါတယ်။ ဒါတွေ မပျက်သွားအောင် ထားဖို့ပါ။ လောဘ၊ ဒေါသ၊ မောဟတွေ၏ တိုက်စားမှုကို မခံစားဖို့ ဖြစ်ပါတယ်။

ရယ်စရာ ဟာသလေးနဲ့ နိဂုံးချုပါမယ်။ သမ္မတကြီးထရန့် ဇန်နဝါရီမှာ အာဏာရလာပြီးနောက် ဖေဖော်ဝါရီလဆန်းမှာ သူရထားတဲ့ အာဏာကို အလွဲသုံးစားမှုတွေ စတင် ကျင့်သုံးလိုက်တာဟာ အမေရိကန်ပြည်ကို ထရန့်တို့ အာဏာသိမ်းလိုက်တာနဲ့ အလားသဏ္ဍာန် တူပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနွေဦးတော်လှန်ရေး၏ အစ၊ စစ်ကောင်စီ၏ အာဏာသိမ်း ၄ နစ်ပြည့်နဲ့လည်း တိုက်ဆိုင်ပြန်ပါတယ်။ ခုထိ အမေရိကန်လွှတ်တော်ကြီးက ဘာမျှ မတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေပါတယ်။ ဗမာပြည်မှာတုန်းကလို ၇၂ နာရီ စောင့်ကြည့်ပါတို့။ ဘာတို့ ကောလဟာလတွေ မှိုင်းမိနေသလားမသိပါ။ ထရန့်က ပြည်ထောင်စုဝန်ထမ်းတွေကို မောင်းထုတ်တာ၊ နှင်ထုတ်တာတွေ လုပ်နေတော့ အမေရိကန်နိုင်ငံတော်ဝန်ထမ်းတွေလည်း မြန်မာပြည်ကလို CDM တိုက်ပွဲတွေ ဆင်နွှဲကြရတော့မယ့် အပေါက်မျိုုး ဖြစ်လာပြီလို့ ရယ်သွမ်းသွေးလိုက်ချင်ပါတယ်။ ထရန့်က မင်းတို့အမေရိကန်အမတ်တွေ အိမ်ပြန်ကြလို့ ဆိုရင် အမေရိကန်အမတ်တွေ ဘယ်ကို တောခိုကြလေမလဲ။ မက္ကစီကိုနယ်စပ်လား၊ ကနေဒါနယ်စပ်လား။ ဒါဆိုရင် မြန်မာပြည်က နွေဦးတော်လှန်ရေးရဲဘော်တွေက ၄ နှစ်စာ အတွေ့အကြုံတွေ ရှိလေတော့ အမေရိကန်တော်လှန်ရေးသမားတွေကို ဆရာလေး ဘာလေး လုပ်လို့ရမယ် ထင်မိပါရဲ့ဗျာ။

အမေရိကန်၏ နွေဦးတော်လှန်ရေးကို ကြိုဆိုကြပါစို့။





















Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar