Breaking News

ကိုသန်းလွင် - လူ့ဦးနှောက်နှင့်တူသောစက်



ကိုသန်းလွင် - လူ့ဦးနှောက်နှင့်တူသောစက်
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၅

(၁)
OpenAI ကုမ္ပဏီသည် ပထမဆုံး ChatGPT ကို ၂၀၂၂ ခု နိုဝင်ဘာလက စတင်ကြေညာခဲ့ပြီး ၂၀၂၄ ခု စက်တင်ဘာလတွင်ပုံစံအသစ် နှင့် ပြုလုပ်ထားသည်ဟုပြောခဲ့ပါသည်။ Large Language Model LLM ver 01 ကို အေအိုင်အတွက် အဆင့်အသစ်ကိုပြုပြင်ထားခြင်းဖြစ်သည်။ ဆန်ဖရန်စစ္စကိုမြို့တွင် ကုမ္ပဏီတည်ရှိပြီး သူ့ ပရိုဂရမ်အသစ်သည် လူတစ်ယောက်တွေးခေါ်သလို အလုပ်လုပ်သလိုနှင့် ယခင်ပုံစံများထက်ပိုမိုနီးစပ်လာသည် ဟုဆိုခဲ့သည်။

ဤတစ်ခါ ကြေညာခြင်းမှာ ဆယ်စုနှစ်ပေါင်းများစွာဖြစ်ပေါ်ခဲ့သော ငြင်းခုန်မှုအပေါ် လောင်စာများထပ်မံ ထည့်ပေးလိုက်သည်နှင့် တူသည်။ စက်များသည် လူများကဲ့သို့သိခြင်း၊ ခံယူခြင်း၊ စွမ်းရည်ကို စွမ်းဆောင်နိုင်ရန် အချိန်မည်မျှစောင့်ဆိုင်းရမည်ကို သူတို့အမြင်နှင့်ပြောဆိုနေကြပါသည်။ လူ့ဦးနှောက်သည်အလုပ်တစ်ခုမှ တစ်ခု သို့ပြောင်းလဲလုပ်ခြင်း၊ စိတ္တဇဆန်ဆန်တွေးခေါ်ခြင်း၊ ကြိုတင်၍စဉ်းစားပြင်ဆင်ခြင်း၊ပါတ်ဝန်းကျင်မှမည်သည်ကို ရွေးချယ်ရမည်၊ သင်ယူရမည် စသည်တို့ကို လုပ်နိုင်ပါသည်။

(၂)
ဤကဲ့သို့စက်ကတွေးခေါ်ခြင်း အေဂျီအိုင် (Artificial General Intelligence)  သည်အလွန်ရှုတ်ထွေး သော၊ အလွန်နူးညံ့သော ပြသနာပေါင်းစုံကို ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။ ရာသီဥတုပြောင်းလဲခြင်း၊ ပင်ဒဲမစ်၊ ကင်ဆာရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ အရေပြားရောဂါ စသည့်ရောဂါ ပေါင်းစုံကုသခြင်းတို့ပါဝင်သည်။ သို့သော် ဤမျှစွမ်းရည်ရှိလာပြီဆိုလျင် အေအိုင်သည် လွန်စွာ အန္တရာယ်ကြီးပါသည်။ အေအိုင်ကို မကောင်းသည့်ဘက် မှာ အသုံးချ၍၊ လူတို့ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ခါ ထင်ရာစိုင်းသွားနိုင်ပါသည်။

လွန်ခဲ့သောနှစ်များက အေအိုင်၏ တိုးတက်မှုများမှာ ပန်းတိုင်နှင့် လွန်စွာနီးကပ်နေသလိုလိုနှင့် အလှမ်း ဝေးနေပါသည်။ LLM အယ်အယ်အမ် ကို မည်သို့ပင် တည်ဆောက်ထားသည်ဆိုစေ၊ မည်မျှလေ့ကျင့်ထားသည် ဆိုစေ၊ ၄င်းသည် အေဂျီအိုင်အဆင့်သို့ရောက်ရန် မဖြစ်နိုင်ဟုပြောနေကြသည်။ တချို့လိုအပ်သောအရာများ ကို မဖြည့် နိုင်ဘဲရှိနေပါသည်။ တချိန်တုန်းက အေဂျီအိုင်အကြောင်းပြောဆိုသူကို ရူးသွပ်သွားပြီဟုမြင်ခဲ့ကြသည်။ ယခုလူတိုင်းက အေဂျီအိုင် အကြောင်းပြောနေကြရာ လူတိုင်းရူးသွပ်သွားခြင်းတော့မဟုတ်တန်ရာပါ။

အေဂျီအိုင်ဟု စတင်ပြောဆိုခဲ့သည်မှာ ၂၀ဝ၇ ခုနှစ်ကဒေါက်တာ ဂတ်ဆဲလ် (Ben Goertzel) ရေးသော အေဂျီအိုင် ဟူသော စာအုပ် တစ်အုပ် ထွက်ပေါ်ခဲ့သည်။ အေဂျီအိုင်ကို အတိအကျ အဓိပ္ပါယ်ဖေါ်ရန်ခက်ခဲသော် လည်း ” လူကဲ့သို့တွေးခေါ်နိုင်သောစက်” ဟုယူဆနိုင်ပါသည်။ ဤပန်းတိုင်ကို ကျွန်တော်တို့ မရောက်သေးပါ။ Google Deep Mind က တီထွင်ခဲ့သောစက်က ဂိမ်း Go ကို ကစားရာတွင် ကမ္ဘာ့အကောင်းဆုံးကျွမ်းကျင်စွာ ကစားနိုင်သူများကို နိုင်အောင်ကစားပြခဲ့သည်။ သို့သော် ဤစက်က လူလို စဉ်းစားနိုင်သလားဆိုတော့ ပန်းတိုင် ရောက်ဖို့အတော်အလှမ်းဝေးနေပါသေးသည်။

အယ်အယ်အမ်က ကွန်ပြူတာ၏ အဆင့်အတန်းကို ကျယ်ဝန်းစွာ ပြောင်းလဲပေးခဲ့ပါသည်။ လူ၏ ဦး နှောက်ကဲ့သို့ကျယ်ပြန့်စွာ တွေးခေါ်နိုင်မူ စွမ်းရည်မှာ ပြည့်မှီသဖြင့် အေဂျီအိုင်အဆင့်သို့ရောက်ပြီးဟု အချို့က ယူဆကြသည်။ အယ်အယ်အမ် မှာ နျူရယ်နက်ဝပ်ဖြစ်ပြီး စက်ကပကြောင်းအရာများကိုနားလည်သော စနစ် ဖြစ်ကာ ဦးနှောက် ကိုအကြမ်းအားဖြင့်ပုံစံယူ၍တည်ဆောက်ထားသောစနစ်ဖြစ်သည်။ စက်ဖြင့် ဖန်တီးထား သော နျူရုန်းများကို အလွှာလိုက် စီစဉ် ထားရှိသည်။ ၄င်းတွင် နျှူရုန်းများတစ်ခုနှင့်တစ်ခုဆက်သွယ်ထားပြီး တန်ဘိုးပြောင်းလဲနိုင် သော ပါရာမီတာ (Parameter) များ ပါဝင်ပါသည်။

အယ်အယ်အမ်၏ နည်းနာမှာ(Next token prediction) ခေါ်နောက်ထပ်ရလာမည့် တိုကင် ကို ခန့်မှန်း ခြင်းပေါ်အခြေခံသည်။ စကားလုံးများကို အသုံးပြုရန်အပိုင်းပိုင်းပြုလုပ်၍ထားပြီး၄င်းတို့ကို တိုကင် ဟုခေါ်သည်။ တိုကင်မှာစကားလုံးတစ်လုံးဖြစ်စေအယ်လဖါဘက် (Alphabet) များပါသောစကားလုံးများဖြစ်စေဖြစ်နိုင်ပါသည် စာကြောင်းတကြောင်း၏ နောက်ဆုံးအပိုင်းကို ကွယ်ဝှက်ထားပြီး ထိုစကားလုံးဘာဖြစ်မည်ကို စက်က ခန့်မှန်းရ သည်။ ထိုခန့်မှန်းချက်နှင့် ကွယ်ဝှက်ထားသော စကားလုံးကို တူညီသည်အထိ ပါရာမီတာ များကို ပြောင်းလဲပေး ရသည်။ ဤနည်းဖြင့် စကားလုံးများကို ဘီလီယံချီ၍ များပြားသော ဘဏ်ကြီးတခုဖြစ်အောင် ပြုလုပ်ရပါသည်။ ယခုအချိန်မှာ ပါရာမီတာ ရွေးချယ်ခြင်းဖြင့်ဒေတာများကိုစုပေါင်းလိုက်သောအခါ ပြည့်စုံသော Chat GPT ကိုရ နိုင်နေပါပြီ။

ဤကဲ့သို့ နျူရယ်နက်ဝပ်တည်ဆောက်ပုံနှင့် ပါရာမီတာ (Transformer) များကိုအသုံးပြုပြီး အယ်အယ် အမ်ကို ရှေ့တန်းရောက်စေခဲ့ခြင်းဖြစ်ပါသည်။ ဤသို့သွားရာလမ်း ခရီးတွင် တွေ့လာရသော နည်းနာတစ်ခုမှာ (CoT Prompting) ခေါ် ပြသနာများကို အသေးလေးဖြစ်သွားအောင် ခွဲစိတ်ပြီး တစ်ခုစီ တစ်ခုစီကို အကြိမ်ကြိမ် ဖြေ ရှင်းသွားခြင်းဖြစ်ပါသည်။ 

ထို CoT ကို အသုံးပြုသောအခါ ကုမ္ပဏီ Open AI က ပြောသည်မှာ သင်္ချာပြိုင်ပွဲ (Methamatic Olympaicl) တွင် ယခင်က ၁၃ ရာခိုင်နှုန်းသာ ရရှိခဲ့ရာမှ ၈၃ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ပါ သည်။ ထိုသို့ အဆင့်လိုက်ဖြေရှင်းခဲ့ရာ အဆင့် ၁၆ ထိသာ ကောင်းစွာဖြေရှင်းနိုင်ပြီး အဆင့် ၂၀ မှ ၄၀ အထိ ရောက်သောအခါ ကောင်းစွာအလုပ်မလုပ်တော့သည်ကို တွေ့ရသည်။ ဤသည်မှာ အယ်အယ်အမ် မော်ဒယ် ၏ ကန့်သတ်ချက်တစ်ခုဖြစ်လာခဲ့သည်။

လူတို့ဦးနှောက်အလုပ်လုပ်နေသည်မှာကမ္ဘာ၏ပုံစံ “World Model” ကိုတည်ဆောက်နိုင်သော ကြောင့် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဦးနှောက်သည် ကျွန်တော်တို့၏ပါတ်ဝန်းကျင်ကို နားလည်နိုင်စွမ်းရှိပါသည်။ ထိုပုံစံမှ တဆင့် ကွဲပြားသောအတွေ့အကြုံများကိုဖန်တီးပြီးထိုအတွေ့အကြုံများမှပြသနာများကိုဖြေရှင်း နိုင်စွမ်းရှိပါသည် ကြိုတင်ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်ပြီးအဆင်သင့် အနေအထားရှိနေစေရန် ဖန်တီးနိုင်ပါသည်။ ထိုမှတဆင့် ကျွမ်းကျင်လာပြီး အလုပ်သစ်များကို လိုက်လျောညီထွေရှိအောင် လုပ်နိုင်လာပါသည်။

နောက်ထပ် အယ်အယ်အမ်သည် အေဂျီအိုင်အဆင့် သို့မရောက်အောင် တားဆီးထားသော အရာမှာ ဦးနှောက်၏ (Feedback) အရည်အချင်းမရှိ၍ဖြစ်ပါသည်။ ဦးနှောက်တွင်သတင်းအချက်အလက်များကိုအသွား  ရောအပြန်ပါအဆက်မပြတ်လုပ်ဆောင်နေသည့်နျူရုန်းအလွှာများပါဝင်ပါသည်။ တနေရာ၌မှားနေလျင်ထိုအမှား ကိုဦးနှောက်ကသိအောင် အချက်ပေးပြီး ပြုပြင်ရပါသည်။ ဦးနှောက်သို့ အာရုံခံအင်္ဂါများက သတင်းပို့နေသဖြင့် လိုအပ်သောပုံစံ ကို လက်ခံရန်အမြဲအဆင်သင့်ရှိပါသည်။ ဦးနှောက်သည်နှောက်ဘာဖြစ်မည်ကို ပြင်ဆင်ပြီး အဆင်သင့်ဖြစ်အောင် အမြဲနေနိုင်ပါသည်။ ယခုအခါ၌ အယ်အယ်အမ်သည် ဤသို့သတင်းပြန်ပို့သည့်စနစ်ကို နည်းတစ်မျိုးကိုသာ သုံးနိုင်သေး သည်။ CoT မော်ဒယ်က ယခုအလုပ်လုပ်နေသည့်ပုံစံမှာ နောက်ဆုံးအဖြေ ထုတ်မပေးမှီတကြိမ်သာ အသုံးပြုနိုင်သည်။

အယ်အယ်အမ်သည် ယခုအခြေအနေ၌ ဒေတာသုံးစွဲမှုတွင် (Data guzzler) အားအလွန်ကြီးသည်။ နောင်လာမည့်ပုံစံများတွင် ဒေတာကို လိုအပ်သလောက်ကိုသာ အသုံးပြုရန်အကြံပြုချက်များရှိနေသည်။ မေး ခွန်းများကို ဖြေဆိုနိုင်စေရန် ဒေတာများကို ပို၍ပို၍သုံးစွဲလာရသဖြင့် ထိုစနစ်တစ်ခုလုံးသည် ဒေတာ အစုအပြုံ ကြီးသဖွယ်ဖြစ်နေသည်။ ဒေတာအရွယ်အစားကြီးမားလာသဖြင့် ၄င်းတို့၏လုံခြုံရေး (Safety) မှာလည်းအရေး ကြီး လာပါသည်။

ထို့ကြောင့် ကျွန်တော်တို့သည် ဤနည်းဖြင့် အေဂျီအိုင် အဆင့်ကိုရောက်နိုင်ပါမည်လားဟုမေးစရာဖြစ် လာပါသည်။ သိပ္ပံပညာရှင်များက ပြောသည်မှာ တခြားနည်းလမ်းဖြင့်တွေးစရာအကြောင်းမရှိပါဟုဆိုသည်။ သီအိုရီအရ ပြောရလျင် ဒီကိစ္စဟာမဖြစ်နိုင်ဘူးဟု ရှင်းပြစရာအချက်အလက်မရှိပါ။ လူနှင့် အချို့တိရစ္ဆာန်များ ရောက်ရှိနေ သည့်အဆင့်အတန်းကို ရှုမြင်ကြည့်နိုင်သည်။ လူတို့ ဘိုင်အိုလိုဂျီကြောင့် ဖြစ်ပေါ်နေသော စနစ် တွင် အသိဉာဏ်ဖြစ်ပေါ်နေသည်။ စက်များတွင်လည်းဤသို့ ဖြစ်နိုင်ရမည်ဟုဆိုသည်။ အချိန်ကာလအားဖြင့် ထို အဖြစ်ကိုရောက်နိုင်ရန် တစ်နှစ်၊ နှစ်နှစ်၊ အနှစ်သုံးဆယ်အတွင်းတိုးတက်လာပါလိမ့်မည်ဟုဆိုသည်။

အယ်အယ်အမ် မော်ဒယ်အပြင် ကွန်ပြူတာ ဗီးရှင်းခေါ် ပုံရိပ်ပြုလုပ်ခြင်း၊ ဆေးပညာအတွက်ပုံရိပ်ဖော် ခြင်း (Imaging) များရှိနေသည်။ Trial and Error စနစ်ဖြင့်တဖြေးဖြေးသွားခါ ကစားနည်းပေါင်းစုံစမ်းသပ်နေ သည်။ အေအိုင်ဖြင့် ပုံရိပ်ဖော်ခြင်း ဗီဒီယို၊ တေးဂီတ ဖန်တီးခြင်း များရှိနေသည်။ စကားသံကိုနားလည်သော စနစ်ကို ကွန်ပြူတာနှင့် လုပ်နေပါသည်။ ရိုတော့တစ် (Robortic) ပညာခေါ် စက်ရုပ်များ၊ မောင်းသူမဲ့ယာဉ် စသည်ဖြင့် အမျိုးမျိုး စမ်းသပ်နေကြပါသည်။ သို့သော် အေအိုင်တွင်လူတို့တွင်ရှိသည့် Common Sense ဆိုသည်မရှိ၊ အီမိုးရှင်းကို ဖော်ပြ နိုင်သော် လည်း ကိုယ်တိုင်မခံစားနိုင်သည့်ပြသနာများရှိနေပါသည်။

(၃)
ဇန်နဝါရီလ ၂၀ ရက်ပါတ်ဝန်းကျင်ကတရုတ်ပြည်မှ Deepseek ခေါ် Chat လုပ်နိုင်သည့်စနစ်တခုထွက် ပေါ်လာခဲ့ပါသည်။ ထုတ်လုပ်ရန်ဒေါ်လာ ၉၅ ရာခိုင်နှုန်း သက်သာပြီး အနောက်နိုင်ငံများမှာ လစဉ်ကြေးပေး၍ သုံးစွဲနေ ရချိန်တွင်ပိုက်ဆံမကုန်ရဘဲအများပြည်သူသုံးစွဲနိုင်သည်။ Chat Bot ကို အမေရိကန်တို့စိုးမိုး နေမှုမှာ အဆုံးသတ်သွားခဲ့သည်။ ထိုသတင်း ထွက် ပေါ်လာပြီး Nividia ၏စတော့ရှယ်ယာ တန်ဖိုးမှာ တဟုန်ထိုး ထိုး ကျ သွားခဲ့သည်။ Nividia သည်ကွန်ပြူတာတွင် အရုပ်များပေါ်အောင်သုံးရသော ဂရပ်ဖစ်ကဒ်များ ထုတ်လုပ် သည့် ကုမ္ပဏီဖြစ်သည်။ Chat bot များ၌မဖြစ်မနေ သုံးရသည်။ တချိန်တွင် အေဂျီအိုင် ၏ အဆင့်အတန်းကို စက်ရုပ် များ ရောက်လာကြလိမ့်မည်ဟု မျှော်လင့် ရပါသည်။
ကိုသန်းလွင်
 Ref; How close is AI to Human level Intelligence Nature Anil Ananthaswany. 5 December 2024


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar