Breaking News

စစ်မှုထမ်းဥပဒေ ရဲ့ ဂယက်


မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၃၊  ၂၀၂၅


စစ်မှုထမ်းဥပဒေ ရဲ့ ဂယက် 

စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ၁၀ လနီးပါးအကြာမှာ စစ်မှုထမ်း ၉ သုတ် စုဆောင်းခဲ့ပြီဖြစ်ပြီး အရေအတွက်အားဖြင့် ၄၅၀၀၀ ( စစ်ကောင်စီအဆိုအရ တသုတ်လျှင် လူ ၅၀၀၀ ဆိုထား၍) စုဆောင်းပြီး ဖြစ်ကာ တိုက်ပွဲစစ်မြေပြင်မှာလည်း စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူတွေထဲမှ ထိခိုက်သေဆုံးသူတွေ ရှိနှင့်နေပြီး ဘယ်၍ ဘယ်မျှ ထိခိုက်သေဆုံးသည်ကိုတော့ တိတိပပ မည်သူမှ ပြောဆိုနိုင်ခြင်းမရှိပါ။ 

လူဦးရေ ၅၄ သန်းရှိသည့် မြန်မာနိုင်ငံမှာ စစ်မှုထမ်း တသုတ် ၅၀၀၀ ခေါ်ယူသည့် ပမာဏမှာ အလွန်များသည်ဟု မဆိုနိုင်သော်လည်း နည်းပါးလွန်းသည့် ပမာဏလို့လည်း မဆိုနိုင်ပါ။ လူ ၅၀၀၀ ရရှိရေးအတွက် ပြည်ပထွက်ခွာခွင့် တရစ်ချင်း ကြပ်လာနေသလို ခုရက်ပိုင်းအတွင်း အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပသို့အလုပ်အကိုင်ဖြင့် ထွက်ခွာခွင့်ပိတ်ပင်လိုက်သည့် သတင်းထပ်မံပေါ်ထွက်လာ သဖြင့် ပြည်တွင်းရှိ လူငယ်အမျိုးသားတွေ စိုးရိမ်ထိတ်လန့်မှု တဆင့်ထပ်တိုးလာပြန်သည်ဟု ကြားသိနေကြရသည်။ စစ်ကောင်စီ ဖွင့်လှစ်ထားသည့် တက္ကသိုလ် ကောလိပ်များတွင်  ကျောင်းတက်နေသည့် တက္ကသိုလ် ကျောင်းသားများပင်လျင် လမ်းမှာ ဖမ်းဆီးခံရမည့် အန္တရာယ်ကို စိုးရိမ်ကြောင့်ကြမှုရှိနေကြပြီး တမြို့မှ တမြို့ခရီးသွားလာသည်ကို ဆင်ခြင်နေထိုင်နေကြရသည့် အနေအထားလည်း ဖြစ်သည်။ 

စစ်မှုထမ်း အသက်အရွယ် အကျုံးဝင်သူ ကျား/မ စုစုပေါင်း ၁၃ သန်းရှိသည်ဟု စစ်ကောင်စီက ယခင်ကောက်ယူထားသည့် သန်းခေါင်စာရင်းကို အခြေခံကာ ပြောဆိုထားသဖြင့် တနှစ်တွင် လူ ၆၀၀၀၀ ခေါ်ယူမည့် စစ်မှုထမ်းခေါ်ယူခံရနိုင်ခြေမှာ ၂၁၆ ယောက်တွင် တယောက် ဆိုသည့် အချိုးအစားဖြစ်သည်။ ထိုအထဲတွင် အမျိုးသမီးစစ်မှုထမ်းများကို လောလောဆယ် မခေါ်သေးဟု ဆိုသဖြင့် အမျိုးသမီး အမျိုးသား ထက်ဝက် အချိုးဖြင့်တွက်ဆလျှင် ၁၀၀ ဝန်းကျင်တွင် တဦး ခေါ်ယူခံရမည့် အနေအထားဟု ဆိုရမည်ဖြစ်သည်။ 

သို့ရာတွင် စစ်ကောင်စီ အနေနှင့် တနိုင်ငံလုံးကို စစ်အာဏာ မသိမ်းမီကတည်းက ထိန်းချုပ်နိုင်ခြင်း မရှိသလို စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော် ၄ နှစ်နီးပါးကာလအတွင်း နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရပြီ ဖြစ်၍ ၄င်းထိန်းချုပ်နယ်မြေ အတွင်းမှ တလလိုအပ်သည့် အရေအတွက် ၅၀၀၀ ကို စုဆောင်းနေခြင်း ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများတွင် တိုင်းရင်းသား လက်နက်ကိုင် အသီးသီးကလည်း ၄င်းတို့ ချမှတ်ထားသည့် အမိန့်များဖြင့် စစ်မှုထမ်းကောက်ယူမှု ရှိနှင့်ပြီးဖြစ်သဖြင့် ကိုယ့်ထိန်းချုပ်သည့် နယ်မြေတွင် ကိုယ့်အမိန့်၊ ကိုယ့်ဥပဒေတို့ဖြင့် စစ်မှုထမ်း စုဆောင်းနေကြသည့် သဘောလည်း ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ မြို့ ၉၀ ကျော် နယ်မြေ ဧရိယာအားဖြင့် အနည်းဆုံး ထက်ဝက်နီးပါး လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီအနေဖြင့် လက်တွေ့အနေအထားတွင် လူ ၅၀ တွင် တယောက်နှုန်းအားဖြင့် စစ်မှုထမ်းဖို့၊ ဆွဲသွင်းနေသည့် သဘောလည်း ဖြစ်သည်။ စစ်အာဏာ မသိမ်းမီကတည်းက ပြည်ပတွင် ရွှေ့ပြောင်း လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေကြသည့် အရေအတွက်က သန်းဂဏန်းချီရှိနေခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာသည့် အနေအထားကြောင့် ၊ စစ်မှုထမ်း ဥပဒေကြောင့် ပြည်ပသို့ ထွက်ခွာခဲ့ကြသည့် အရေအတွက် သိသိသာသာ မြင့်တက်လာခြင်းကြောင့်လည်း ပြည်တွင်းမှာ ကျန်ရှိသည့် အကျုံးဝင်သည့် အသက်အရွယ် အမျိုးသားတွေ အနေဖြင့် ခေါ်ခံရနိုင်ခြေ ပိုများလာနေသည့် သဘောလည်း ဖြစ်သည်။ 

တကယ့်လက်တွေ့မှာမူ မဲနှိုက်ခြင်း သို့မဟုတ် လစာ တလ ၄ သိန်း ၇ သောင်းပေးမည်ဆိုသည့် မက်လုံးတွေက စတင်ခါစ လအနည်းငယ်တုန်းကသာ ရှိခဲ့ပြီး နောက်ပိုင်း ရခိုင်စစ်မျက်နှာ၊ ရှမ်းမြောက်စစ်မျက်နှာတို့တွင် စစ်ရှိန်ပိုမြင့်လာသည်နှင့် အမျှ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာတွေကို အတင်းအကြပ် တဖုံ၊ လူမျိုးရေးအရနှင့် အခြားသော အခွင့်အရေးများဖြင့် မက်လုံးပေးကာ စစ်မှုထမ်းဥပဒေကို ကျော်လွန်ပြီး အရေးတကြီး စည်းရုံးဆွဲသွင်းနေသည့် ဖြစ်ရပ်တွေလည်း တွေ့မြင်နေကြရသလို၊ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်သူများကို နယ်စပ်ဂိတ်မှ ပြန်လည်လွှဲပြောင်းခံရသူတွေကို စစ်မှုထမ်း သွတ်သွင်းခြင်းတွေလည်း ဖြစ်ပွားနေသည်ကို တွေ့နေကြရသည်။ စစ်မှုထမ်းဥပဒေ အရ လူဆင့်ခေါ်သည့် ယန္တရားတွင် ပါဝင်နေသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးက အစ၊ ရဲစခန်း၊ စစ်တပ်အားလုံးက အဆိုပါ ဥပဒေကို အသုံးချကာ ငွေညှစ်သည့် ဖြစ်စဥ်တွေက မြို့တိုင်း ရွာတိုင်းမှာ ဖြစ်ပွားနေကြသည်။ ငွေကြေး မတတ်နိုင်သည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် စားပွဲထိုးလိုမျိုးက အစ အနိမ့်ဆုံး ၄/၅ သိန်းပေးကြရသလို အနည်းငယ် တတ်နိုင်သည့် မိသားစုများဖြစ်လျှင် သိန်း ဆယ်ဂဏန်းမှ အများဆုံး သိန်းရာဂဏန်းအထိ တောင်းခံကာ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသည့် လူထုကို ထပ်မံဒုက္ခပေး နှိပ်စက်နေကြသည့် အနေအထားလည်း ဖြစ်သည်။ 

ငွေကြေးတောင်းခံဖို့အတွက် ပျဥ်းမနား နေပြည်တော် မြို့ကြီး၊ အာဏာဗဟိုချက်မြို့တွေ အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့အားလုံးနီးပါးတွင် လူငယ်စုစု တွေ့သည့်အခါ အဓမ္မဖမ်းဆီး စုဆောင်းခြင်းတွေကြောင့် အဓမ္မစစ်မှုထမ်း စုဆောင်းခံရမည့် အန္တရာယ်က နေ့စဥ်လက်တကမ်းမှာ ရှိနေသည့် သဘောမျိုး ခံစားလာကြရသည်။ မြန်မာနိုင်ငံထဲမှာ စစ်မှုထမ်းခေါ်ခံရမည့် အသက်အရွယ် ကျော်လွန်သွားသူတွေသာ စီးပွားရေးလုပ်ငန်းတွေမှာ လည်ပတ်ကြရမည့် အသွင်တဖြည်းဖြည်း ဆောင်လာနေသည်။ 

စစ်မှုထမ်းဥပဒေ ကို ပြည်တွင်းစစ် ဖြစ်ပွားခြင်း မရှိသည့် အနေအထားမျိုးတွင် အသက်သွင်းခဲ့လျှင် ယခုလောက် ရှောင်တိမ်းကြမည့် အနေအထား မရောက်နိုင်ဟု ယူဆရသည်။ အခုလို နိုင်ငံတွင်းမှာ ရှိသည့် လူမျိုးအခြေပြု၊ ဒေသအခြေပြု အသီးသီး ဖွဲ့စည်းကာ အာဏာသိမ်းစစ်ကောင်စီနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့် ကာလမျိုးမှာ စစ်မှုထမ်းဆွဲသွင်းခံရခြင်းက အသက်အန္တရာယ်ဘေးကျရောက်ဖို့ နီးကပ်နေသည်နဲ့အမျှ ဂုဏ်သိက္ခာအရလည်း ကျဆုံးခြင်းကြောင့် စစ်မှုထမ်းဆင့်ခေါ်ခံရမည့် ဘေးကို တတ်နိုင်သမျှ လွတ်မြောက်ဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ မိဘတွေ အနေဖြင့် မိမိသားသမီး ခေါ်ဆောင်ခံရလျှင် လပိုင်းအတွင်း စစ်မြေပြင်ပို့ခံရကာ ထိခိုက်သေဆုံးမည့် အလားအလာကို မြင်တွေ့နေကြရခြင်းကြောင့်လည်း ရှိစုမဲ့စု ငွေကြေး ထုတ်သုံး၍သော်လည်းကောင်း၊ ပေါင်နှံချေးငှား၍သော်လည်းကောင်း ပြည်ပသို့ တိမ်းရှောင်ကြဖို့ အားပေးတိုက်တွန်းနေကြခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားက မိဘတွေအနေဖြင့် မိမိတို့ သားသမီးတွေ စစ်မှုထမ်း ဆွဲသွင်းခံရမယ့် ဘေးကလွတ်မြောက်ဖို့က အဓိကဖြစ်ပြီး ၄င်းတို့ကိုယ်တိုင်တော့ အန္တရာယ်ကြားထဲ စစ်ပွဲတွေကြားထဲ ဘာဖြစ်ဖြစ် ရင်ဆိုင်ဖို့ ပိုင်းဖြတ်ထားကြတဲ့ အဖြစ်မျိုး စဥ်းစားပိုင်းဖြတ်မှုမျိုးနဲ့ ရှင်သန်နေကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar