အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၆ )
ဖရဲသီးတွေထက် ပဒိုင်းသီးတွေက ပိုလက်သံပြောင်နေပါတယ်။
မိုးလင်းခါနီးမှ အအေးပိုလာတယ်။ မနက် ၇ နာရီကျော်တာတောင် မြူမကွဲသေး။ လမ်းထိပ်က ဓာတ်တိုင်ကို မှုန်ပြပြကလေးသာ မြင်ရတယ်။ လေထုညစ်ညမ်းတာလား မသိ။
မီးကတော့ မလာ။ နိုးနိုးချင်း ဖုန်းဖွင့်၊ youtube ကြည့်။ စစ်အာဏာသိမ်း လေးနှစ်မြောက် နှစ်ပတ်လည် အမှတ်တရ ဆဲဆိုသံတွေ ဝေစည်နေတယ်။ လူထုက ဆဲတယ်၊ မီဒီယာတွေက ဆဲတယ်။ စစ်မှုထမ်းဟောင်းတွေက ဆဲတယ်။ အဆိုးဆုံးကတော့ စစ်တပ် လော်ဘီတွေက ဆဲတာပါပဲ။ အာဏာသိမ်းတာ လေးနှစ်ရှိပြီ၊ တိုင်းပြည်အတွက် ဘာတခုမှကောင်းတာ မလုပ်နိုင်။ ကုန်ကုန်ပြောရရင် စစ်တပ်အတွက်လဲ ဘာတခုမှ ကောင်းတာ မလုပ်နိုင်ခဲ့။ စစ်တိုင်းကြီး နှစ်တိုင်းကို လက်လွတ်ခဲ့ရ။ မြို့ပေါင်းတစ်ရာနီးပါးကိုစွန့်လွှတ်ခဲ့ရ။ မြန်မာ့တပ်မတော်ကြီးလဲ အရှက်တွေ ဗြန်းဗြန်းကွဲ။ စစ်မှုထမ်းဥပဒေကိုမှီပြီး လုပ်စားနေတဲ့ အုပ်ကြီးတွေနဲ့ ပြူစောထီးတွေ အသတ်ခံရတဲ့ သတင်းတွေ နေ့စဉ်နဲ့ အမျှ တက်နေတယ်။
ကျားဖြန့်ကို အကြောင်းပြုကာ ကြီးထွားလာတဲ့ စောချစ်သူလဲ ခုတော့ ခြေမကိုင်မိ လက်မကိုင်မိ။ ကျားဖြန့် နှိမ်နင်းရေးမှာ ပူးပေါင်းပါမယ်လို့ အပြေးအလွှားကြေညာချက်တွေထုတ်နေရတယ်။ လောင်းကစားဝိုင်းတွေရှိရာ ရွှေကုက္ကိုလ်နဲ့ မြဝတီကို ထိုင်းက လျှပ်စစ်နဲ့ လောင်စာဆီ ဖြတ်တောက်လိုက်တာကြောင့် လောင်းကစားဝိုင်းတွေရော မြို့လူထုပါ ထိခိုက်။ ထိုင်းက ကျားဖြန့်လုပ်ရပ်တွေမှာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ စောချစ်သူတို့သာ အဓိက တရားခံတွေ ဖြစ်တယ်ဆိုတာ ပုံဖော်လိုက်တာပါပဲ။ အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ စောချစ်သူ၊ ဘယ်သူက တရားခံတွေလဲ။ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးနေကြ။
အမေရိကန် တကျော့ပြန် သမ္မတ ထရမ့်ရဲ့ အမေရိကန် အကူအညီများ ဖြတ်လိုက်တဲ့ အမိန့်ဟာ မြန်မာပြည်ကို ထိခိုက်သွားပါတယ်။ အထူးသဖြင့် အမေရိကန် အကူအညီနဲ့ လူရာဝင်နေတဲ့ သူတွေ၊ တန်ခိုးထွားနေတဲ့သူတွေ အထိနာသွားတယ်။ အောက်ခြေက အမှန်တယ် လိုအပ်နေသူတွေကတော့ မဝရေစာ အရိုးအရင်း လေးတွေ ပျောက်ကုန်ပါတယ်။ အခြေခံလူတန်းစား မြန်မာပြည်သူတွေကတော့ ငရဲကလူ ပြာပူမကြောက်တော့တဲ့ဘဝ။
အမေရိကန်မှာ ထရမ့် တက်လာချိန်၊ မြန်မာပြည်မှာ မင်းအောင်လှိုင် အဓမ္မ စိုးမိုးနေချိန် တိုက်ဆိုင်နေပါတယ်။
ထရမ့်တယောက် မင်းအောင်လှိုင်ဆီက သင်္ခန်းစာမယူ၊ ပညာတွေ ယူနေပြီ ထင်ပါရဲ့။ ထရမ့်က အမေရိကန် ပထမလို့ ကြွေးကြော်တယ်။ မင်းအောင်လှိုင်က ငါ နဲ့ ငါ့မိသားစုသာလျှင် ပထမလို့ ဦးထိပ်ထား ဆောင်ရွက်နေတယ်။
ဖရဲသီးတွေထက် ပဒိုင်းသီးတွေက ပိုလက်သံပြောင်နေပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar