Breaking News

ကျားဖြန့် လုပ်ငန်းတွေ ခိုအောင်းရာ မြန်မာပြည်

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၆ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၅


ကျားဖြန့် လုပ်ငန်းတွေ ခိုအောင်းရာ မြန်မာပြည်

အွန်လိုင်းပေါ်ကနေ ငွေကြေးလိမ်လည်တဲ့ ပြစ်မှုတွေ ကျူးလွန်တာ၊ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းအတွက် လိုအပ်တဲ့ လူအရင်းအမြစ်တွေကို ကမ္ဘာ့နိုင်ငံအနှံ့မှာရှိတဲ့သူတွေကို ဖျားယောင်းသွေးဆောင်ပြီး ခေါ်ယူတာ၊ အဲဒီနောက် တင်းကျပ်တဲ့ လုံခြုံရေးတွေနဲ့ အဓမ္မစေခိုင်းပြီး နှိပ်စက်မှု သတ်ဖြတ်မှုတွေအထိ ကျူးလွန်တာတွေအပြင် ကျေးကျွန်တွေသဖွယ် လူရောင်းစားတာတွေ အထိ ကျူးလွန်ကြတဲ့ တရုတ်ဘာသာနဲ့ ကျားဖြန့် လို့ခေါ်ဆိုတဲ့ လုပ်ငန်းတွေက ကမ္ဘာမှာ ဆယ်စုနှစ်တခုဝန်းကျင်အတွင်း အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာခဲ့ပါတယ်။ အင်တာနက်ပေါ်ကနေ ငွေလိမ်သလို လူတွေကိုလည်း ဖြားယောင်းသွေးဆောင် ခေါ်ယူပြီး ၄င်းတို့လက်ထဲ ရောက်ပြီးနောက်မှာ လွယ်လွယ်ကူကူ ပြန်ထွက်ဖို့ ခက်ခဲပြီး ငွေလိမ်တဲ့ လုပ်ငန်းကို လျာထားချက်ပြည့်အောင် မလုပ်နိုင်ခဲ့ရင် ရိုက်နှက်နှိပ်စက်တာတွေ လုပ်ကြသလို နောက်ဆုံး ငွေကြေး မတန်တဆအလျော်ပေးမှ ပြန်လွှတ်ပေးတဲ့ အခြေအနေတွေက ကျားဖြန့်လုပ်ငန်းတွေရဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ ခေတ်သစ် ကျွန်ပြုခြင်းလို့ ခေါ်နိုင်ပြီး နိုင်ငံနယ်နိမိတ်တွေ အတားအဆီးတွေကို ကျော်လွန်ပြီး ဖြားယောင်းသွေးဆောင် ခေါ်ယူကာ ကျွန်ပြုကြတာလည်း ဖြစ်ပါတယ်။ 

ဒီလုပ်ငန်းတွေကို စတင်ခဲ့ကြသူတွေက တရုတ်နိုင်ငံဖွားတွေ ဖြစ်ကြပြီး တခေတ်တခါက လူကုန်ကူး၊ လူမှောင်ခို နဲ့ ကျော်ကြားခဲ့တဲ့ ဟောင်ကောင်၊ တရုတ်ပြည်မှာ အခြေစိုက်ကြတဲ့ လူကုန်ကူးတဲ့ လုပ်ငန်း လုပ်ကိုင်ကြတဲ့  Snake Head လို ရာဇဝတ်ဂိုဏ်းတွေကို သတိရစရာ ဖြစ်ပါတယ်။ ခေတ်သစ် အိုင်တီနည်းပညာတွေ လူသုံးများလာကြတဲ့အခါမှာ လူကိုယ်တိုင် သွားရောက်ပြီး ကျူးလွန်တာထက် အွန်လိုင်းပေါ်ကနေ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ လူအရင်းအမြစ်ကို အွန်လိုင်းကနေပဲ ဖြားယောင်းသွေးဆောင်ခေါ်ယူကာ တရားဥပဒေ မစိုးမိုးတဲ့ နယ်မြေဒေသတွေမှာ အခြေစိုက်ပြီး လုပ်ကိုင်ကြတဲ့ ခေတ်ကာလ နောက်ခံအခြေအနေမျိုး ပြောင်းလဲလာခဲ့ပါတယ်။ 

အဲဒီလိုအနေအထားမှာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိုင်ငံ၊ လက်နက်ကိုင် အဖွဲ့တွေက ၄င်းတို့ ထိန်းချုပ်နယ်မြေတွေမှာ အာဏာအပြည့်အဝရှိပြီး အကာအကွယ်ပေးထားနိုင်တဲ့ မြန်မာနိုင်ငံရဲ့ အချို့သော ဒေသတွေကို မျက်စိကျကာ အခြေချလာကြတာ ဆယ်စုနှစ်တခုလောက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်က ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ၊ မြန်မာထိုင်းနယ်စပ်က ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ကျားဖြန့်လုပ်ငန်းတွေ အခြေစိုက်လာကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဝင်ငွေရရှိဖို့ ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးပြီး နေရာငှားခ ခေါင်းစဥ်အောက်မှာ ငွေကြေး လွယ်လွယ်ကူကူ ရရှိကြတာ ဖြစ်ပါတယ်။ 

ကျားဖြန့်လုပ်ငန်းက တစတစကျယ်ပြန့်လာသလို အခါအားလျော်စွာ လုံခြုံရေး အကာအကွယ်ပေးနိုင်တဲ့ နေရာဒေသကို ရွှေ့ပြောင်းတာမျိုးလည်း ရှိနေကြတာဖြစ်ပါတယ်။ 

ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို များသောအားဖြင့် တရုတ်နိုင်ငံဖွားတွေက ဦးဆောင်ကြတာ ဖြစ်ပြီး ဘာသာစကားတူတဲ့ တရုတ်နွယ်ဖွားတွေကို အဓိကပစ်မှတ်ထား လိမ်လည်ကြရာက နောက်ပိုင်း အခြားသောနိုင်ငံသားတွေလည်း ပစ်မှတ်ထားပြီး လိမ်လည်လာကြတာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ၊ အွန်လိုင်း ငွေပေးချေမှု စတာတွေက ကျားဖြန့်လုပ်ငန်းက အသုံးချတဲ့ ပလက်ဖောင်း၊ နည်းပညာတွေ ဖြစ်ပြီး ကမ္ဘာမှာ ကျားဖြန့်လိမ်လည်မှုကြောင့် ကန်ဒေါ်လာအားဖြင့် ဘီလျံပေါင်းများစွာ တနှစ်တနှစ်  ဆုံးရှုံးနစ်နာနေကြရတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ၄င်းတို့ရဲ့ နိုင်ငံသားတွေ ပစ်မှတ်ဖြစ်နေရတာကြောင့် ဒီရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ အတွက် တရုတ်နိုင်ငံက အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေကို ဖိအားပေးလာခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်ကုန်မှာ ရှမ်းမြောက် ဒေသ ကိုးကန့်နယ်နဲ့ ဝနယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းဖို့ တရုတ်နိုင်ငံက ဖိအားပေးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် ၃ဖွဲ့က ကျားဖြန့်နှိမ်နှင်းရေးကို စစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက် တရပ်အဖြစ်ထည့်သွင်းပြီး စစ်ကောင်စီထိန်းချုပ်နယ်မြေတွေကို သိမ်းယူတဲ့ စစ်ဆင်ရေး လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီအနေနဲ့လည်း တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကို တုံ့ပြန်တဲ့အနေနဲ့ ကိုးကန့်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ အုပ်ချုပ်ရေးခေါင်းဆောင်ကို တရုတ်နိုင်ငံ လက်ထဲ လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ ရှမ်းမြောက်က ကျားဖြန့်နှိမ်နှင်းမှု စစ်ဆင်ရေးပြီးနောက် တနှစ်ကျော်အကြာမှာ ကျားဖြန့်လုပ်ငန်းတွေ အရှိန်နဲ့ လည်ပတ်နေတဲ့ ဒေသဖြစ်တဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ ထိုင်း နယ်စပ် မြဝတီ နဲ့ ဘုရားသုံးဆူတို့က ကျားဖြန့်နှိမ်နှင်းရေးမှာ အာရုံစိုက်ခံရတဲ့ ဒေသတွေ ဖြစ်လာခဲ့ပါတယ်။ ဒီဒေသမှာလည်း စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်ခဲ့တဲ့ နယ်ခြားစောင့်တပ်ကနေ ကရင်အမျိုးသားတပ်မတော် အသွင်ပြောင်းထားတယ်လို့ ဆိုတဲ့ BGF/ KNA လက်နက်ကိုင် အဖွဲ့က အာရုံအစိုက်ခံရဆုံးဖြစ်ပြီး ဘုရားသုံးဆူဒေသမှာတော့ အခြား ကရင်လက်နက်ကိုင် တဖွဲ့ဖြစ်တဲ့ DKBA က ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးတဲ့ လက်နက်ကိုင် အဖွဲ့အဖြစ်နဲ့ ထင်ရှားလာပါတယ်။ 

အမျိုးသား လွတ်မြောက်ရေးလို့ ဆိုတဲ့ မိမိတို့ လူမျိုးတွေ နေထိုင်ကြတဲ့ ဒေသကို ကိုယ့်အမျိုးသား လက်နက်ကိုင် အဖွဲ့တွေက အကာအကွယ်ပေးရေး ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်၊ နိုင်ငံရေး အကြောင်းရင်းခံ ရှိကြပေမယ့် ကာလရှည်ကြာလာတဲ့အခါ လက်နက်ကိုင် အဖွဲ့ရဲ့ ရပ်တည်ရေး သို့မဟုတ် လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားတွေအတွက် အခုလို ရာဇဝတ်မှုကျူးလွန်တဲ့ဂိုဏ်းတွေကို အကာအကွယ်ပေးတဲ့ လက်နက်ကိုင် အဖွဲ့တွေ အဖြစ်ပြောင်းလဲ သွားကြတဲ့ သဘောလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။ 

တချို့သော အာဘော် အမြင်ရေးသူတွေကတော့ ကျားဖြန့်ပြဿနာ ဒီလိုမြေ ဒီလိုရေမှာ အခြေစိုက်ရခြင်း အကြောင်းခံက ပြည်တွင်းစစ်လို့ ကောက်ချက်ချကြပါတယ်။ ပြည်တွင်းစစ် မချုပ်ငြိမ်းသရွေ့ ကျားဖြန့်ပြဿနာလို ရာဇဝတ်ဂိုဏ်းတွေ အခြေစိုက်တာ၊ ရာဘမူးယစ်ဆေးပြား ထုတ်လုပ်ဖြန့်ချိတဲ့ပြဿနာ၊ ဘိန်းစိုက်ပျိုးတာ သို့မဟုတ် ရောင်းဝယ်ကုန်ကူးတဲ့ ပြဿနာတွေ တခုမဟုတ် တခုနဲ့ ဆက်နွှယ်နေကြမယ့် အလားအလာ ရှိနေတယ်လို့လည်း သုံးသပ်ကြတာ ဖြစ်ပါတယ်။ 

လတ်တလော မှာတော့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က နေရာဒေသတွေက ကျားဖြန့်ပြဿနာ နဲ့ ကမ္ဘာက ဒေသတွင်းနိုင်ငံတွေက အာရုံစိုက်ခံရဆုံး နေရာတွေ ဖြစ်လာနေပေပြီး ကျားဖြန့် လုပ်ငန်း အခြေစိုက်ခြင်းရဲ့ အကြောင်းရင်းခံကို ချုပ်ငြိမ်းဖို့တော့ အလားအလာ မမြင်မိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar