Breaking News

ဖလော်ဒါဟန် - အပြုံးလည်း ပြယ်နေလည်းကွယ်

ဖလော်ဒါဟန် - အပြုံးလည်း ပြယ်နေလည်းကွယ်

(မိုးမခ) ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၅


ဂျီဩလောဂျစ်စ်နဲ့ ကျောင်းပြီးထားတဲ့ လူငယ်‌လေးတယောက် အခုတော့ ပန်းတိုင်က ဘာလဲလို့မေးမကြည့်ရက်တော့ပါဘူး။

ဘွဲ့နဲ့ကိုက်ညီမှုမရှိတဲ့ မီးရထားဌာနမှာ အလုပ်ဝင်ချိန်မှာပဲ မအလ က အာဏာသိမ်းတော့ လူငယ်တယောက်ဘဝကလည်း စီ ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အလိုလို ကြုံရာအလုပ်လုပ်ရင်း မိသားစုဘဝကို ဦး‌ဆောင်နေလေရဲ့။

ဒီကြားထဲ စစ်မှုထမ်းဥပဒေကလည်း ရှောင်လို့ မရသလို မိသားစု စားဝတ်‌နေရေးပါ ဖြေရှင်းနေရတော့ လူငယ်တယောက်ရဲ့ အပြုံးကလည်း မှေးမှိန်လေရဲ့။

တချိန်ကဆိုရင် လူငယ်လေးရဲ့ အသက်က ၂၀ နဲ့ ၂၅ ဝန်းကျင် အချိန်များဆီကို ပြန်လည်အောက်မေ့ချိန်မှာ မျက်ဝန်းတစုံက တောက်ပတဲ့ အလင်းရောင်တွေ ထွန်းညှိလို့ပေါ့။

ယနေ့အချိန်မှာတော့ ဂျီဩလောဂျစ် ဆိုတဲ့ ဘွဲ့တခုက လူငယ်လေးရဲ့ နေ့စဉ်ဘဝမှာ ဘာအထောက်အပံ့မှ မဟုတ်တော့သလို ဘွဲ့ဓာတ်ပုံကြီးက ပြုံးရယ်နေလေရဲ့ ယခင်အချိန် လူငယ်‌လေးအတွက် ကျွန်မကိုယ်တိုင် အလုပ်လျှောက်ပေးခဲ့တဲ့ ကျောက်မျက်ဌာနမှ ဖုန်းဆက်ပြီး အလုပ်ခန့်စာရပါပြီ ဆိုတဲ့ သတင်းပို့လာခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

ဒီစနစ်ကြီးကို မကြိုက်လို့ တွန်းလှန်နေချိန် ကျွန်မ အပါအဝင် စီ လုပ်ခဲ့သူ အယောက်တိုင်းမှာ ဘာကို ခင်တွယ် မက်မောနေကြအုံးမှာလည်း ဒါဆို ဒီလူ‌ငယ်လေးကရော စိတ်ပြောင်းလို့ အာဏာရှင်လက်အောက်မှာ မွေ့လျော်မည့်သူလား၊ သိပ်ကိုရိုးရှင်းလှတဲ့ လူငယ်တယောက်ရဲ့ အတွေးက တန်ဖိုးရှိရှိနဲ့ လူ့‌ဘောင်နယ်ပယ်မှာ အလုပ်တွေလုပ်ရင်း အာဏာရှင်ကို စိုးမိုးနိုင်ခဲ့တယ်။

တလရမှာ အမျိုးမျိုး‌သော လူနေမှု အဆင့်အတန်းအမျိုးမျိုးသော ဘဝနေထိုင်မှုပေါင်းစုံမှ အရွယ်သုံးပါးသော ပြည်သူများက ပါဝင်နေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ခံယူချက်နဲ့ အတွေးအမြင် အသိတွေကလည်း တယောက်နဲ့ တယောက် မတူကြပါဘူး။ ဒါပေမဲ့ ပန်းတိုင်တူ ရည်ရွယ်ချက်တူသူတွေ ဖြစ်တာကြောင့် အလံလည်း မလဲပါဘူး။

အသံလည်း မတိတ်သလို မိမိတို့ လျှောက်ရမယ့် တော်လှန်ရေးပန်းတိုင်ကို လျှောက်နေကြဆဲဆိုတာ လူငယ်များစွာရဲ့ အသက် သွေး ချွေးတို့က သက်သေတွေ ဖြစ်လို့ ဒုက္ခအစုံမှာ ပြည်သူမောလို့ အပြုံးလည်း ပြယ်နေလည်း ကွယ်ခဲ့ပေါ့လေ။

၂၂-၂-၂၀၂၅

ဖလော်ဒါဟန်



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar