Breaking News

အာဂျင်တီးနား တရားရုံးဝရမ်းထဲ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေခြင်းအပေါ် NLD အလုပ်ကော်မတီက ပြန်သုံးသပ်ဖို့ ထုတ်ပြန်

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၇ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅

အာဂျင်တီးနား တရားရုံးဝရမ်းထဲ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေခြင်းအပေါ်  NLD အလုပ်ကော်မတီက ပြန်သုံးသပ်ဖို့ ထုတ်ပြန်

၂၀၁၇ ခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလတွေက ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအပေါ် တာဝန်ရှိတယ်လို့ ယူဆတာကြောင့် အာဂျင်တီးနားနိုင်ငံတရားရုံးက ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းထဲမှာ စစ်တပ်ခေါင်းဆောင်၊ ရဲနဲ့ အကျဥ်းထောင် တာဝန်ရှိသူတွေအပြင် အဲဒီအချိန်က သမ္မတဖြစ်သူ ဦးထင်ကျော်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေခြင်းကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းတောင်းဆိုတဲ့ထုတ်ပြန်ချက်ကို ပြည်ပရောက် NLD အလုပ်ကော်မတီက ထုတ်ပြန်လိုက် ပါတယ်။ အခုလို NLD အလုပ်ကော်မတီက စာမထုတ်မီ ရက်အနည်းငယ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အလားတူစာမျိုး ထုတ်ပြန်ခဲ့ပါတယ်။ NUG စာထုတ်ပြန်ပြီးနောက် NLD အလုပ်ကော်မတီက ဆက်လက် ထုတ်ပြန်တဲ့ သဘောလို့လည်း ဆိုကောင်းဆိုနိုင်ပါတယ်။ 

အခုလို အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်းဝရမ်းထုတ်ပြန်တဲ့အထဲ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ပါ ထည့်သွင်းခံရခြင်းဟာ တရားဥပဒေသဘော၊ တရားစီရင်မှုရဲ့ အနှစ်သာရဖြစ်တဲ့ တရားမျှတမှု ရှာဖွေဖို့၊ တာဝန်ရှိသူတွေ တာဝန်ခံစေဖို့ရည်ရွယ်ချက်နဲ့ ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာလို့ ယေဘုယျဆိုနိုင်ပါတယ်။ သို့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရချိန် မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ၊ ပြည်တွင်းစစ်မီးအရှိန်နဲ့တောက်လောင်နေချိန်မှာ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာတွေလူမျိုးတုံးသတ်ဖြတ်ခံရတဲ့အရေးအတွက် တရားမျှတမှု ရှာဖွေနိုင်မလားဆိုတဲ့ချဥ်းကပ်မှုတွေ၊ စောဒကအမြင်တွေလည်း ရှိနေကြတာဖြစ်ပါတယ်။ 

ဘုံရန်သူကို အရင်အနိုင်ရအောင်လုပ်ပြီးမှ မဟာမိတ်အသွင်ဆောင်တဲ့ပဋိပက္ခတွေကို အဖြေရှာသင့်တယ်ဆိုတဲ့အမြင်တွေလည်း ရှိနေသလို၊ တရားမျှတမှုအတွက် ဘယ်အချိန် ဘယ်ကာလရယ်လို့အချိန်ဆွဲ၊ ရွှေ့ဆိုင်းတာမျိုးမလုပ်သင့်ဘူးဆိုတဲ့အမြင်တွေလည်း ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်အရေးက အဖြေရှာရခက်ခဲတဲ့ရှုပ်ထွေးတဲ့ပြဿနာလို့ဆိုရင် နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ယေ ဘုယျအားဖြင့် လက်ခံကြပါတယ်။ သို့ပေမဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ မတူတဲ့ချဥ်းကပ်မှုတွေ၊ မတူတဲ့စံနှုန်းသတ်မှတ်ခံယူမှုတွေ အဖွဲ့အစည်းအသီးသီးမှာ ရှိနေကြတာလည်း ဖြစ်ပါတယ်။ 

ရခိုင်အရေးပြဿနာက စစ်အာဏာရှင်စနစ်၊ ဒီမိုကရေစီအရေးလိုပဲ အမျိုးသားရေးဝါဒနဲ့ လူမျိုးရေးပြဿနာတွေက ယှက်နွယ်နေတဲ့ဆယ်စုနှစ်များစွာ အခြေတည်နေတဲ့မယုံကြည်မှု၊ စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျတဲ့ အကြောင်းရင်းတွေကပါ အားဖြည့်ထားတဲ့ပြဿနာတရပ် ဖြစ်နေပါတယ်။ 

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့လူမျိုးစုအရေး၊ ဖက်ဒရယ်အရေးကိစ္စတွေက နောက်ခံအခြေအနေကို ကောင်းစွာနားမလည်ရင် ဖြေရှင်းဖို့ ခက်ခဲတယ်လို့လည်း ယေဘုယျအားဖြင့် ဆိုလေ့ရှိပါတယ်။ နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ပြဿနာရဲ့ နောက်ခံသမိုင်းနောက်ခံအခြေအနေထက်ကို ဖြစ်ပျက်တဲ့ အဖြစ် အပျက်တခုချင်းစီကိုသာ လေ့လာပြီး ဆုံးဖြတ်ကောက်ချက်ချတဲ့သဘောလည်းဖြစ်တာကြောင့် ရခိုင်အရေးနဲ့ပတ်သက်လို့ ပြည့်စုံတဲ့ နားလည်မှုမျိုးရဖို့မလွယ်ကူတာလို့လည်း ဆိုနိုင်တာ ဖြစ်ပါတယ်။ 

ဒီနေ့အတွက် နောက်ထပ်အကြောင်းအရာတခုက ထိုင်းနိုင်ငံတဝန်းမှာ မြန်မာနိုင်ငံသား ၄၈၀၀ ကျော်ကို ထိုင်းရဲနဲ့ လူဝင်မှုကြီးကြပ်ရေးတို့က တပတ်တွင်းဖမ်းဆီးခဲ့တယ်ဆိုတဲ့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ၂ သန်းကနေ ၄ သန်းအကြား နေထိုင်နေကြတယ်လို့ခန့်မှန်းကြတဲ့ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလ ဆန်းကစလို့ မြန်မာနိုင်ငံသားတွေ ဖွင့်လှစ်ထားတဲ့ စျေးဆိုင်၊ ထိုင်း စျေးဝယ်စင်တာ၊  အလုပ်လုပ်နေကြတဲ့ အလုပ်ရုံတွေနဲ့ နေအိမ်တွေ စစ်ဆေးမှုတွေဆက်တိုက် လုပ်ခဲ့ပြီး တပတ်အတွင်း မြန်မာနိုင်ငံသား ၄၈၀၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါအရေအတွက်ကို ဖေဖော်ဝါရီ ၁၈ ရက်နဲ့ ၂၄ ရက်အတွင်း ဖမ်းဆီးခဲ့တဲ့ အရေအတွက်ဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။ တရားမဝင် ဝင်ရောက်မှု၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း၊ အလုပ်လုပ်ခွင့် ပါ အချက်အလက်နဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ် မကိုက်ညီမှု အစရှိတဲ့ ဥပဒေချိုးဖောက်မှုတွေကြောင့် ဖမ်းဆီးခဲ့တာ လို့ ဆိုပါတယ်။ လတ်တလော ထိုင်းနိုင်ငံမှာ ကျားဖြန့် လုပ်ငန်းနဲ့ ပတ်သက်တဲ့ အဆက်အစပ်၊ ပါဝင်ပတ်သက်သူတွေကို စစ်ဆေးဖမ်းဆီးနေတာတွေ တဖက်မှာလုပ်နေတာ မှန်ပေမယ့် အခုလိုမြန်မာနိုင်ငံသား ၄၈၀၀ ကျော်ကို ဖမ်းဆီးမှုကတော့ ကျားဖြန့်နဲ့တိုက်ရိုက်ပတ်သက်တဲ့ ဖမ်းဆီးမှုမျိုးမဟုတ်ပဲ တရားမဝင် ဝင်ရောက်ပြီး နေထိုင် အလုပ်လုပ်ကိုင်နေသူတွေ၊ တရားဝင် ဝင်ရောက်လာတာမှန်ပေမယ့် ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ဥပဒေတွေနဲ့ မကိုက်ညီတဲ့ အလုပ်လုပ်ကိုင်မှုတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတဲ့ သဘောလို့ မြန်မာနိုင်ငံသားတွေက ကောက်ချက်ချကြပါတယ်။ ဘန်ကောက်မြို့ မြို့လယ်ခေါင်က မြန်မာအလုပ်သမားအများအပြား အလုပ်လုပ်နေကြတဲ့ MBK လိုစျေးဝယ်စင်တာရဲ့အလွှာတလွှာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက်စစ်ဆေးဖမ်းဆီးရာမှာ မြန်မာနိုင်ငံသား ၂၀ လောက် ဖမ်းဆီးခံရတဲ့အကြောင်း သတင်းတွေထဲဖော်ပြထားကြပါတယ်။ အလားတူ မြန်မာ နိုင်ငံသားအများအပြား နေထိုင်ကြတဲ့ မဟာချိုင်ဒေသမှာလည်း စစ်ဆေးမှုတွေ ဖမ်းဆီးမှုတွေ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံဘက်မှာ စစ်မှုထမ်းဥပဒေနဲ့ လူငယ်အရွယ်အမျိုးသားတွေကို နေရာတကာဖမ်းဆီးနေတဲ့ အနေ အထားကြောင့် ထိုင်းနိုင်ငံဘက်ကို တရားဝင်ရော တရားမဝင်ပါထွက်ခွာလာကြသူတွေအဖို့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံဘက်လွှဲပြောင်းခံခဲ့ရရင် စစ်ကောင်စီလက်ထဲ တည့်တည့် ကျရောက်မယ့် အရေးကိုလည်း စိုးရိမ်နေကြရတာ ဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲက ပြစ်ဒဏ်စီရင်ကျခံပြီး မြန်မာနိုင်ငံဘက် ပြန်ပို့တဲ့ လူ ၂၀၀ ကျော်ဟာ မြန်မာနိုင်ငံဘက်ရောက်ပြီးနောက် စစ်ကောင်စီ တပ်ရင်းကို လွှဲပြောင်းပေးလိုက်ပြီး စစ်ဆေးမေးမြန်းနေတယ်လို့ လည်း ဖေါ်ပြထားပါတယ်။ အဆိုပါ လူငယ် ၂၀၀ ဝန်းကျင်ထဲက အမျိုးသားတွေ၊ ဒေသခံမဟုတ်သူတွေကို စစ်ကောင်စီက ဆက်လက်စစ်မေးနေပြီး စစ်မှုထမ်းစုဆောင်းတဲ့ အထဲ ထည့်သွင်းခံရမယ့် အန္တရာယ်ကိုလည်း စိုးရိမ်နေကြရတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတို့က အခုလို ဖမ်းဆီးနေခြင်းဟာ စစ်ကောင်စီရဲ့ ဖိအားကြောင့်လို့ ထင်မြင်ယူဆမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ထိုင်းခေါင်းဆောင် အရာရှိကြီးတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေခဲ့တာလည်း ဖြစ်လို့ အခုလို စစ်မှုထမ်းဥပဒေ အတင်းအကျပ် အကောင် အထည်ဖော်နေချိန်မှာ မြန်မာလူငယ်တွေ အများအပြား အိမ်နီးချင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြတာကို တဖက်က တောချောက်တဲ့ရည်ရွယ်ချက်နဲ့လုပ်ဆောင်တာလားဆိုတဲ့သံသယတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar