စကားများရန်ဖြစ်မှုနဲ့ ရပ်ဆိုင်းလိုက်ရသည့် အိမ်ဖြူတော်မှ ယူကရိန်းခေါင်းဆောင်နဲ့ အစည်းအဝေးအပြီးတွင် ဥရောပသည် Zelensky ဘက်က ဝိုင်းဝန်းရပ်တည်ပေးကြသည်
စကားများရန်ဖြစ်မှုနဲ့ ရပ်ဆိုင်းလိုက်ရသည့် အိမ်ဖြူတော်မှ ယူကရိန်းခေါင်းဆောင်နဲ့ အစည်းအဝေးအပြီးတွင် ဥရောပသည် Zelensky ဘက်က ဝိုင်းဝန်းရပ်တည်ပေးကြသည်
နိုင်ငံတကာသာဂိ (မိုးမခ) မတ် ၁၊ ၂၀၂၅ (ဘာသာပြန်သတင်း)ဥရောပခေါင်းဆောင်များက ယူကရိန်းခေါင်းဆောင်နဲ့ သူ့ပြည်သူတွေကို အားပေး ထောက်ခံကြောင်း ဆိုရှယ်မီဒီယာမှာ ထွက်ပြောပြီး လွှင့်တင်ခဲ့ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelensky သည် သောကြာနေ့တွင် သမ္မတ Trump နှင့် အကြီးအကျယ် အငြင်းအခုံတွေဖြစ်ပြီးနောက် အိမ်ဖြူတော်မှ ဘာအဖြေမှ မထွက်ဘဲ ထွက်ခွာခဲ့ရသည်။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅၊ ည ၇း၁၈ နာရီ အတ္တလန်တိတ်စံချိန်)
အိမ်ဖြူတော်မှာ တွေ့ဆုံမှုမှာ အမေရိကန်သမ္မတ Trump က ယူကရိန်းသမ္မတ Volodymyr Zelensky ကို ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခဲ့ပြီးနောက် ဥရောပခေါင်းဆောင်တွေက ယူကရိန်းကို ဆက်လက်ထောက်ခံကြောင်း သောကြာနေ့က ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း တန်ပြန် ကတိပြုခဲ့ပါတယ်။
ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ စပိန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ပေါ်တူဂီ၊ ချက်သမ္မတနိုင်ငံ၊ နော်ဝေး၊ ဖင်လန်၊ ခရိုအေးရှား၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ စလိုဗေးနီးယား၊ ဘယ်လ်ဂျီယံ၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်နှင့် အိုင်ယာလန်နိုင်ငံတို့မှ ခေါင်းဆောင်များသည် ယူကရိန်းကို ထောက်ခံကြောင်း၊ ကျူးကျော်စစ်ကို တွန်းလှန်တိုက်ပွဲဝင်နေသော ခေါင်းဆောင်ကို ချီးကျူးခဲ့ကြသည်။
ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားခြင်းမရှိပါက ယူကရိန်းအတွက် အမေရိကန်ထောက်ခံမှုကို ရုတ်သိမ်းလိုက်မည်ဟု မစ္စတာ ဇီလင်စကီးအား နိုင်ထက်စီးနင်း ဝေဖန်ပြောဆိုခြင်းကို ဥရောပခေါင်းဆောင်များက ပြန်လည် တွန်းလှန်လိုက်သည်မှာ မစ္စတာ Trump ကို အတိအလင်းဝေဖန်ခြင်းမှ ရှောင်တိမ်းနေသော ဥရောပသမဂ္ဂ၏ ထူးခြားသော တုန့်ပြန်မှုဟု ဆိုနိုင်သည်။
"မင်းရဲ့ဂုဏ်သိက္ခာက ယူကရိန်းပြည်သူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုပါတယ်" ဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က မစ္စတာ Zelensky ကိုရည်ညွှန်းပြီး လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ “အားကြီးပါ၊ ရဲရင့်ပါ၊ မကြောက်ပါနဲ့။ မင်းက ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ပါဘူး သမ္မတ”
တနင်္လာနေ့တွင် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်စဉ် သမ္မတ Trump နှင့် ချစ်ကြည်ရင်းနှီးမှု ပြသခဲ့သည့် ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ယူကရိန်းကို အကူအညီပေးခြင်းနှင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းမှာ မျှတမှုရှိကြောင်း ပြောကြားခဲ့သည်
၎င်း၏ ဂုဏ်သိက္ခာ၊ ၎င်းတို့၏ လွတ်လပ်ရေး၊ ၎င်းတို့၏ သားသမီးများနှင့် ဥရောပ လုံခြုံရေးအတွက် တိုက်ပွဲဝင်နေ သည်ဟု ပြောကြားသည့် ယူကရိန်းဘက်မှ ရပ်တည်ရန် မစ္စတာ Macron က အမေရိကန်ကို တိုက်တွန်းခဲ့သည်။
ယခုသီတင်းပတ် ရွေးကောက်ပွဲအပြီးတွင် ဂျာမနီနိုင်ငံ၏ နောက်ထပ်အဓိပတိဖြစ်လာမည့် လမ်းကြောင်းပေါ်ရှိ Friedrich Merz က ၎င်း၏နိုင်ငံသည် ယူကရိန်းဘက်က ရပ်တည်နေမည် ဟု “Dear Volodymyr” သို့ လိပ်မူထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။
“ဒီကြောက်စရာကောင်းတဲ့စစ်ပွဲမှာ ရန်လိုသူနဲ့ သားကောင်တွေ ကို ဘယ်တော့မှ မရောယှက်ရဘူး” ဟု မစ္စတာ ဇီလင်စကီးကို အာဏာရှင်ဟုခေါ်ဆိုကာ ကျူးကျော်မှုအတွက် အပြစ်တင်ခဲ့သည့် သမ္မတ Trump ကို ရည်ညွှန်းကာ Mr. Merz က ထပ်လောင်းပြောကြားခဲ့သည်။ ထွက်ခွာသွားသော ဂျာမန် ခေါင်းဆောင် အဓိပတိ Olaf Scholz ကလည်း ယူကရိန်းသည် ဂျာမနီနှင့် ကျန်ဥရောပကို အားကိုးနိုင်ကြောင်း ပြောကြားခဲ့သည်။
Brussels ခရီးစဉ်မှ ပြန်လာသော ပါတီနှစ်ရပ်လုံး၏ သမ္မတများအောက်တွင် ဝါရင့်သံတမန်တစ်ဦးအဖြစ် ထမ်းဆောင်ဖူးသည့် Daniel Fried က အိမ်ဖြုတော် Oval Office စကားများကြသည့် ဖြစ်ရပ်သည် ဥရောပ၏ မဟာမိတ်များကို လှုပ်ခတ်သွားစေခဲ့ပြီး မစ္စတာ Zelensky အတွက် စာနာမှု ထောက်ခံမှု လှိုင်းများ ဖြစ်ပေါ်စေသော်လည်း လက်ရှိ ထရန့်ကြိုးပမ်းနေသည့် ရုရှားဘက်ကို အလေးသာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမည်ဖြစ်ကြောင်း မှတ်ချက်ပေးလိုက်သည်။
“ဥရောပသားတွေ ထိတ်လန့်တုန်လှုပ်နေကြတယ်” ဟု မစ္စတာ ဖရက်ဒ်က ပြောကြားပြီး ဥရောပသားများသည် အမေရိကန်ပြည်ထောင်စုကို အားကြီးသူဘက် အလေးသာသည့် မဟာပါဝါအဓိကဆိုသည့် ဗျူဟာဆီသို့ ကူးပြောင်းသွားပြီဟု သုံးသပ်နေကြသည် ဟု မှတ်ချက်ပေးလိုက်သည်။ “သူတို့တွေ အမေရိကန်၏ ခြေလှမ်းတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်း တွေ့ကြရတော့မှာ” ဟုလည်း ပြောလိုက်သည်။
ကြာသပတေးနေ့က အိမ်ဖြူတော်သို့ လာရောက်လည်ပတ်စဉ်အတွင်း သမ္မတ Trump နှင့် ကြီးကြီးမားမားသဘောထားကွဲလွဲမှုများကို ဂရုတစိုက်ရှောင်ရှားခဲ့သော ဗဟိုလက်ဝဲယိမ်းခေါင်းဆောင် ဗြိတိန်ဝန်ကြီးချုပ် Keir Starmer သည် သမ္မတ Trump နှင့် Mr. Zelensky တို့နှင့် သောကြာနေ့တွင် ထပ်မံ သီးခြားစီ စကားပြောဆိုခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ သိရသည်။ မစ္စတာ စတားမာသည် ယူကရိန်းအတွက် ၎င်း၏ မယိမ်းယိုင်သော ပံ့ပိုးကူညီမှုများကို ဆက်လက် ထိန်းသိမ်းထားပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆီသို့ ဦးတည်သည့် လမ်းကြောင်းကို ရှာဖွေရန် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း အဆိုပါရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Mr. Starmer သည် တနင်္ဂနွေနေ့တွင် ယူကရိန်းနိုင်ငံ လန်ဒန်မြို့တွင် မစ္စတာ Zelensky နှင့် အခြားဥရောပမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
ဥရောပနိုင်ငံအများအပြားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော လက်ယာယိမ်းအမျိုးသားရေးဝါဒီတစ်ဦးဖြစ်သည့် ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban သည် ဆိုရှယ်မီဒီယာပေါ်တွင် “အားကြီးသောလူတို့သည် ငြိမ်းချမ်းရေးကို ဖြစ်စေသည်၊ အားနည်းသောလူတို့သည် စစ်ပွဲကိုဖြစ်စေသည်” ဟု ပြောဆိုခဲ့သည်။ သူက ပေါ်ပေါ်တင်တင် ယူကရိန်း သို့မဟုတ် မစ္စတာ ဇယ်လင်စကီးကို ဝေဖန်ထားသည့်သဘောကို ဖော်ပြထားခြင်းမရှိပေ။
မစ္စတာ ထရမ့်၏ မစ္စတာ ဇယ်လင်စကီးအား ချိုးနှိမ်ခြင်း နှိပ်ကွပ်ခြင်းသည် ရုရှား၏ ထောက်ခံ ချီးမွှမ်းခြင်းခံရမည်ဟု ခန့်မှန်းရသည်။ ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဌဖြစ်သည့် ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က သမ္မတ Trump က “အမှန်တရား” ကို ပြောကြားခဲ့ကြောင်း Telegram တွင် ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီး မီလာနီဂျိုလီသည် ယူကရိန်းနိုင်ငံသားများအား “မိမိတို့ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခြင်းဖြင့် ငါတို့အားလုံးအတွက် ပါ တိုက်ပွဲဝင်နေကြသည်” ဟု ယူကရိန်းနိုင်ငံအတွက် ထောက်ခံစကားကမ်းလှမ်းပြီး ဥရောပခေါင်းဆောင်များနှင့် ပူးပေါင်းခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
ကနေဒါကို သိမ်းပိုက်ရန် အမေရိကန်သမ္မတ၏ ခြိမ်းခြောက်မှုနှင့် စည်းကြပ်ခွန်များ တိုးမြှင့် စည်းကြပ်ရန် အစီအစဉ်များကြောင့် သမ္မတ Trump နှင့် နိုင်ငံ၏ ဆက်ဆံရေးမှာ နက်ရှိုင်းစွာ တင်းမာနေခဲ့သော မစ္စ Joly က ယူကရိန်းစစ်ပွဲတွင် အနောက်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ရုရှားလူမျိုးတွေက ဒါကို အခွင့်ကောင်းယူဖို့ အမြတ်ထုတ်ဖို့ စောင့်ကြည့်နေတယ်လို့ သူမက ပြောပါတယ်။
မစ္စတာ Zelensky က ဆိုရှယ်မီဒီယာတွင် ဥရောပခေါင်းဆောင်တစ်ဦးစီကို “မင်းရဲ့ အားပေးကူညီမှုအတွက် ကျေးဇူးတင်ပါတယ်ဟု ရေးသားလိုက်သည်။ ထို့အပြင် မစ္စတာ ဇီလင်စကီးသည် အမေရိကန်အကူအညီအတွက် လုံးဝကျေးဇူးတင်ကြောင်း ထပ်မံ ပြောကြားလိုက်သည်။ သောကြာနေ့အစောပိုင်းက Oval Office တွင် သမ္မတ Trump က ယူကရိန်းခေါင်းဆောင်သည် အမေရိကန်ကို ကျေးဇူးတင်သည့်သဘောမဆောင်ဟု စွပ်စွဲချက်ကို ယူကရိန်းခေါင်းဆောင်က သဘောထားကြီးစွာဖြင့် ပြန်လည် တုန့်ပြန်ချက်ဖြစ်သည်ဟု ဆိုနိုင်သည်။
“ကျေးဇူးတင်ပါတယ် အမေရိက၊ မင်းရဲ့ အားပေးကူညီမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီခရီးစဉ်အတွက် ကျေးဇူးတင်ပါတယ်” ဟု မစ္စတာ Zelensky က သမ္မတ Trump ကို ကျေးဇူးတင်ကြောင်းနှင့် “ယူကရိန်းသည် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို လိုအပ်နေပြီး ၎င်းအတွက် ကျွန်ုပ်တို့ အတိအကျ ဆက်လက်လုပ်ဆောင်နေပါသည်။” ဟု ဆိုလိုက်သည်။
Stephen Castle၊ Christopher F. Schuetze၊ Nataliya Vasilyeva နှင့် Megan Specia တို့က နယူးယောက်တိုင်းသတင်းစာအတွက် သတင်းပေးပို့ခဲ့သည်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar