Breaking News

မြဝတီကျားဖြန့် နှိမ်နှင်းရေးနဲ့ စစ်ကောင်စီရဲ့ အရှုံး အမြတ်


မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၀ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅


မြဝတီ ကျားဖြန့် နှိမ်နှင်းရေးနဲ့ စစ်ကောင်စီရဲ့ အရှုံး အမြတ်

၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းက စတင်ပြီး အာရုံစိုက်ခံလာရတဲ့ မြဝတီမြို့နယ်မှာ အခြေစိုက်တဲ့ ကျားဖြန့်ရာဇဝတ်မှု လုပ်ငန်းတွေနဲ့ ၄င်းတို့ကို အကာအကွယ်ပေးထားတဲ့ ဒေသန္တရ လက်နက်ကိုင် အဖွဲ့တွေ၊ တရုတ်နိုင်ငံရဲ့ ဖိအား၊ ထိုင်းနိုင်ငံရဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး မြဝတီမြို့နယ်ကို လျှပ်စစ်၊ အင်တာနက်၊ လောင်စာဆီ နဲ့ ကွန်ပျူတာ လျှပ်စစ်ပစ္စည်း ပိတ်ဆို့မှုတွေက တရစ်ပြီးတရစ် မြင့်တက်ခဲ့သလို ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက ၄င်းတို့ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ဒီလုပ်ငန်းတွေကို အပြည့်အဝ အကာအကွယ်မပေးတော့ဘဲ ကျားဖြန့်နှိမ်နှင်းရေး လုပ်ဆောင်နေတဲ့ တရုတ်အစိုးရ၊ ထိုင်းအစိုးရတို့နဲ့ အတိုင်းအတာတခုထိ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ကြတယ်လို့ ဆိုရင် မှားမယ်မထင်ပါ။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေ မတိုင်ခင်အထိ ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးနေတဲ့ BGF နဲ့ DKBA လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ၄င်းတို့ လုံခြုံရေးယူပြီး ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲ ဘာတွေ ဖြစ်နေသလဲဆိုတာ သေချာမသိတဲ့ အသွင်မျိုး ပြောဆိုနေခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ 

အဆိုပါ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တရုတ်နိုင်ငံသားတွေ ဦးဆောင်လုပ်ကိုင်နေကြတဲ့ အွန်လိုင်းငွေလိမ်တဲ့ လုပ်ငန်းနဲ့ ဒီလုပ်ငန်းအတွက် လိုအပ်တဲ့အလုပ်သမားတွေကို ဖြားယောင်းခေါ်ဆောင်တာ၊ လာရောက်လုပ်ကိုင်ပြီးနောက် လွယ်လွယ်နဲ့ ပြန်လွှတ်ပေးတာမျိုးမရှိဘဲ ငွေမျိုးမျိုးမြက်မြက် ပေးရင် ပေး၊ မပေးရင် အလားတူ ရာဇဝတ်ဂိုဏ်းတွေကို ရောင်းစားတာ၊ နှိပ်စက်ညှင်းပန်းပြီး အသက်သေဆုံးသည်အထိ ရိုက်နှက်ကြတဲ့ အဖြစ်အပျက်တွေကို မသိချင်ယောင် ဆောင်ထားပေးပြီး တဖက်မှာတော့ ၄င်းတို့အနေနဲ့ မြေငှားခ၊ နေရာငှားခသာ ရရှိကြောင်း ဒီလုပ်ငန်းတွေကို ခွင့်မပြုထားကြောင်း သတင်းမီဒီယာကို တွင်တွင်ပြော ငြင်းဆိုနေခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် တရုတ်နိုင်ငံ အနေနဲ့ ၄င်းနိုင်ငံသားတွေ ဦးဆောင်လုပ်ကိုင်နေကြတဲ့ ဒီရာဇဝတ်လုပ်ငန်းတွေကို သက်ဆိုင်ရာ နိုင်ငံတွေ အဖွဲ့တွေက အရေးယူဖို့ တတ်နိုင်တဲ့ နည်းနဲ့ အစွမ်းကုန် ဖိအားပေးဖို့ ပိုင်းဖြတ်ထားပြီး ဖြစ်တာကြောင့် ကရင်ပြည်နယ်ထဲက လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၄င်းတို့ထင်ထားတာထက် ပြဿနာက ပိုပြီး ကြီးမားကြောင်း သဘောပေါက်လာကြပါတယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း စီးပွားရေးအရ မိတ်ဖက်နိုင်ငံလည်းဖြစ်၊ ဒေသတွင်းသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဖိအားကို တုံ့ပြန်တဲ့အနေနဲ့ လုံလောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ပိုင်းဖြတ်ထားတဲ့ အချက်ကိုလည်း BGF နဲ့ DKBA အဖွဲ့တို့ ရက်ပိုင်းအတွင်းမှာ သဘောပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လက်နက်ကိုင် ၂ ဖွဲ့အနက်က ပိုမိုအင်အားကြီးတဲ့ BGF ခေါင်းဆောင်တချို့ကို ထိုင်းနိုင်ငံက ဖမ်းဝရမ်းထုတ်ဖို့အထိ ဆွေးနွေးလုပ်ဆောင်လာတဲ့ အခြေအနေမှာ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်သူတွေ အနေနဲ့ ဒီပြဿနာရဲ့ အရေးပါမှု အတိုင်းအတာကို ကောင်းကောင်း သဘောပေါက်လာပြီး ပူးပေါင်းဆောင်ရွက်မယ့် လက္ခဏာတွေ ပြသလာကြတာတွေ့ရတာပါ။ ကျားဖြန့်လုပ်ငန်းရဲ့ အဓမ္မခိုင်းစေခံနေကြရသူတွေ ရာထောင်ချီ ပြန်လွှဲပေးမယ်၊ ထိုင်းနိုင်ငံအနေနဲ့ နေ့စဥ် လက်ခံနိုင်တဲ့ အရေအတွက်ကိုတောင် ကျော်လွန်ပြီး လွှဲပေးမယ့် သဘောပြောဆိုလာကြသလို တနေ့ကို ရာဂဏန်းနဲ့ချီ လွှဲပေးတာ၊ ကျားဖြန့်လုပ်ငန်း အဆောက်အဦတွေ ဝင်စစ်ဆေးပြီး အဓမ္မစေခိုင်းခံနေကြရသူတွေကို ခေါ်ထုတ်ပြီး ထိုင်းနိုင်ငံဘက် ပြန်လွှဲပေးဖို့ ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကို ကြည့်ရင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို အထိအခိုက်မရှိအောင် ကာကွယ်ပေးဖို့ ကြိုးစားရင် ၄င်းတို့ရဲ့ ရပ်တည်ရှင်သန်ရေးထိ ခြိမ်းခြောက်လာနေပြီဆိုတာ သဘောပေါက်သွားတဲ့ အနေအထားလို့ ယူဆရပါတယ်။ ဒီအခြေအနေမှာ ကျားဖြန့်လုပ်ငန်းတွေကို ကာကွယ်မလား၊ ကျားဖြန့်လုပ်ငန်းတွေ ဦးဆောင်နေတဲ့ စီးပွားဖက်တွေကို ကာကွယ်ပေးမလားဆိုတဲ့ ရွေးစရာလမ်း ၂ သွယ်ထဲက  ဒုတိယလမ်းကို ရွေးချယ်လိုက်တဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။ ခုချိန်ထိ ကျားဖြန့်လုပ်ငန်း ခေါင်းဆောင်တွေကို ဖမ်းဆီးတာ လွှဲပြောင်းပေးတာတွေ မတွေ့ရသေးပဲ လုပ်ငန်းထဲမှာ အသုံးချခံရတဲ့ အဓမ္မစေခိုင်းခံရသူတွေကိုသာ လွှဲပြောင်းအပ်နှံနေခဲ့တာ ဖြစ်ပါတယ်။ 

လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဒီဒေသက ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ရဲ့ ပိုင်းဖြတ်မှုကို အကဲဖြတ်ပြီး ဒီဂိုဏ်းတွေက ဦးဆောင်သူတွေ တိမ်းရှောင်လွတ်မြောက်ဖို့ အချိန်၊ အခြေအနေတွေ ဖန်တီးပေးကာ ထိုင်းနိုင်ငံနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုကို ပြသဖို့ ကြိုးစားနေကြတဲ့ သဘောတွေ့မြင်ရပါတယ်။ 

ဒီဒေသက ကျားဖြန့် လုပ်ငန်းတွေက အကာအကွယ်ပေးတဲ့ လက်နက်ကိုင် အဖွဲ့တွေကို ငွေကြေးအကျိုးအမြတ်ကောင်းစွာ ရရှိစေခဲ့ပြီး အချို့ကတော့ စစ်ကောင်စီဘက်က ဗိုလ်ချုပ်တွေ၊ အရာရှိတွေလည်း ကျားဖြန့်ရာဇဝတ်မှုလုပ်ငန်းတွေရဲ့ အကျိုးအမြတ်ကို ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။ ယမန်နှစ် ဆန်းပိုင်းက စလို့ မြဝတီဒေသမှာ နယ်မြေစိုးမိုးမှု သိသိသာသာ လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက်မှာ BGF ကလည်း ၄င်းတို့ဘာသာ ၄င်းတို့ရပ်တည်တော့မယ်လို့ ကြေညာခဲ့တဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီတပ်က အရာရှိတွေ အနေနဲ့ ဒီရာဇဝတ်လုပ်ငန်းတွေက အကျိုးအမြတ်ရရှိမှု ရဖို့ သိပ်မသေချာတော့ တာလည်း ဖြစ်နိုင်ပါတယ်။ 

BGF အဖို့ ဆယ်စုနှစ်များစွာ မြန်မာစစ်တပ်ရဲ့  အမိန့်အောက်မှာ နာခံပြီး ရပ်တည်ကာ တရားမဝင် စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်လာခဲ့ရာက မကြာသေးခင်က သီးခြားရပ်တည်ဖို့ ကြိုးစားချိန်မှာ ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးတဲ့ ကိစ္စနဲ့ ကံဆိုးတဲ့ အနေအထားရောက်ခဲ့ရတာလို့ ဆိုရင် မှားမယ် မထင်ပါ။ 

စစ်ကောင်စီ အနေနဲ့တော့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေ ကြီးထွားနေတဲ့ မြဝတီနယ်ကို ၄င်းတို့ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိတာကြောင့် တာဝန်ကြီးကြီးမားမား မရှိဘူးလို့ ယူဆထားပုံရတာ အထင်အရှားတွေ့ရပါတယ်။ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနဲ့ အင်တာနက်ရနေတာကို ထောက်ပြတာမျိုးကလွဲရင် လတ်တလော ကျားဖြန့်အရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခြင်း မရှိတာတွေ့ရပါတယ်။ BGF နဲ့ DKBA တို့က ကျားဖြန့်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခံရသူတွေကို ပြန်လွှဲတဲ့ ဖြစ်ရပ်တချို့မှာ မြန်မာနိုင်ငံကို ၄င်းတို့ အုပ်ချုပ်ထားတယ်လို့ ယူဆနေတဲ့ စစ်ကောင်စီရဲ့ အစိုးရ အခန်းကဏ္ဍ မပါရှိဘဲ တိုက်ရိုက်လွှဲအပ်ပေးခဲ့တာလည်း တွေ့ရမှာပါ။ 

ဒီမြဝတီဒေသမှာ စစ်ကောင်စီ အနေနဲ့ တရားဝင် ကုန်စည်ကူးသန်းတဲ့ ဂိတ်မှာ အခွန်ကောက်ခွင့် ရှိနေပေမယ့် တရားဥပဒေ စိုးမိုးရေးကိစ္စရပ်တွေမှာ အာဏာ အပြည့်အဝ မရှိတော့တာကို ပြသလိုက်သလို ဖြစ်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ် စစ်ကောင်စီတပ်က အရာရှိနဲ့ ရဲအရာရှိအချို့ပါဝင်တဲ့ ထိုင်းနိုင်ငံ တာဝန်ရှိ အဖွဲ့တွေ ဆွေးနွေးမှု လုပ်တဲ့အချိန်ထိ ဘေးဖယ်ထားခြင်း ခံထားရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်တွေ ဖြစ်ပေါ် မှုတွေကို ကြည့်ရင် ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေ နှိမ်နှင်းရေး တရုတ်-ထိုင်း-မြန်မာတို့ ပူးပေါင်းဆောင်ရွက်မှုက စစ်ကောင်စီကို ဒီဒေသမှာ ပြန်လည်စိုးမိုးမှုရဖို့ အခွင့်အလမ်းတချို့ ရကောင်းရစေနိုင်တာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar