Breaking News

ဧဏီမင်း - မာရ်နတ်နဲ့ သူ​၏စစ်သည်များ

Art by KT#
မာရ်နတ်နဲ့ သူ​၏စစ်သည်များ
 ဧဏီမင်း 
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ 

ဂေါဏေန ဂေါဏော 
သမဏေန သမဏော 
ဒီစကားက အလကားဖြစ်လာတာ မဟုတ် 

မြေနိမ့်ရာလှံစိုက်လို့ 
ကမ္ဘာမြေကို 
သားရိုင်းတွေလို (သူတို့) ဝိုင်းဆွဲ ကြတော့မယ် 

အကျိုးစီးပွားကို ဘုရားစင်ပေါ်တင်ပြီး 
လူသားဆန်မှုကို 
နောက်ဖေးလမ်းကြားထဲ ပစ်ချကြတော့မယ် 

ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုသူတွေ ခု........ 
အမေရိကန်ထိ ချီတက်လာနေပြီ 

နောက်ဆုံးတော့ 
တရားသူသာနိုင်ကြေးလို့ အော်ဟစ်ရင်း 
ကမ္ဘာကြီးလည်း အာခေါင်ကွဲနေပြီ  

လောကပါလနတ်မင်းကြီးတွေ တကယ်ရှိသလား 
ဖန်ဆင်းရှင်တွေ မျက်စိကန်းကုန်ပြီလား 
တန်ခိုးရှင်တွေကကော မှောင်ရိပ်ခိုကုန်ပြီလား

ကမ္ဘာဟာ ကယ်ပါကူပါ တစာစာအော်ရင်း 
မာရ်နတ်နဲ့ အပေါင်းအပါတွေလက်ထဲ 
သားသမင်လို လည်စင်းနေရတော့မယ်။ 

၂၀ ဖေဖော်ဝါရီ ၂၀၂၅ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar