Breaking News

ကျားဖြန့်နှိမ်နှင်းရေး ပိတ်ဆို့မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ လူထုတွေ



မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၉ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅

ကျားဖြန့်နှိမ်နှင်းရေး ပိတ်ဆို့မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ လူထုတွေ

ခု လပိုင်းတွေမှာ ထိုင်း-မြန်မာနယ်စပ်က တရုတ်ဘာသာနဲ့ ကျားဖြန့်လို့ ခေါ်ဆိုတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့က ကြိုးပမ်းနေတဲ့ လုပ်ဆောင်မှုတွေ၊ မြန်မာစစ်ကောင်စီရဲ့ တုံ့ပြန်မှု၊ အနည်းငယ်မျှသော ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဒီဒေသမှာ နယ်မြေပေးထားပြီး လုံခြုံရေး အကာအကွယ်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ တုံ့ပြန်မှုတွေက ကရင်ပြည်နယ် မြဝတီ နဲ့ မွန်ပြည်နယ် ဘုရားသုံးဆူ ဒေသတို့က ကျားဖြန့်လုပ်ငန်းတွေရဲ့ ပုံသဏ္ဍာန်က တဖြည်းဖြည်း ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။ 

နေ့စဥ်လိုလို နောက်ဆက်တွဲ သတင်းတွေ၊ အဖွဲ့အစည်းတွေက တုံ့ပြန်ပြောဆိုမှုတွေ၊ ထုတ်ပြန်ချက်တွေနဲ့ အတိုင်းအတာတခုထိ တုံ့ပြန်လုပ်ဆောင်ပြတာတွေက တစတစနဲ့ ဒီဒေသတွေမှာ ရှိနေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ရုပ်လုံးပေါ်လွင်လာတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 

BGF/KNA လို့ အမည် ၂ မျိုးနဲ့ တည်ရှိတဲ့ စောချစ်သူ ခေါင်းဆောင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့က ဒီဖြစ်ရပ်မှာ အချက်အချာအကျဆုံး အဖွဲ့အစည်းလို့ဆိုရမှာ ဖြစ်ပြီး ဒုတိယအနေနဲ့ DKBA ဒီမိုကရက် ကရင်အကျိုးပြု တပ်မတော် လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သြဇာအာဏာသာ ရှိတဲ့ နယ်စပ်ဒေသတွေမှာ ကာစီနို လောင်းကစားလုပ်ငန်းတွေက စတင်လာပြီးနောက် အွန်လိုင်း ငွေလိမ်တဲ့ လုပ်ငန်းနဲ့ ဒီလုပ်ငန်းအတွက် လိုအပ်တဲ့ လုပ်သားတွေကို ကျွန်ပြုဖို့ ဖြားယောင်းသွေးဆောင် ခေါ်ယူတာ၊ ညှင်းပန်းနှိပ်စက်ပြီး စေခိုင်းတာတွေနဲ့ အသက်သေဆုံးမှုတွေ အထိရှိနေတာ ဖြစ်ပေမယ့် အမျိုးမျိုးသော ရှုထောင့် အကျိုးစီးပွားတွေကြောင့် ဒီရာဇဝတ်မှုတွေက နှစ်နဲ့ ချီပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အစိုးရ အုပ်ချုပ်ရေးအဖွဲ့တွေထဲက လာဘ်ငွေ ရယူထားတဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ အကာအကွယ် ရရှိနေခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို ရုပ်ဆိုးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ဂိုဏ်းတွေ၊ အကာအကွယ်ပေးထားတဲ့ လက်နက်နဲ့ အာဏာရှိတဲ့ အဖွဲ့အစည်းတွေကို အရေးယူဖို့ တရုတ်နိုင်ငံက ဖိအားပေးလာတဲ့နောက်မှာ အိမ်နီးချင်းထိုင်းနိုင်ငံက ၄င်းလုပ်ဆောင်နိုင်တဲ့ အရာအားလုံး လုပ်ဆောင်ဖို့ စတင်လာခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို အခြေအနေမှာ ရာဇဝတ်ဂိုဏ်းတွေ အခြေစိုက်နေတဲ့ ဒီဒေသကို ဝင်ရောက်စစ်ဆေးဖို့ထက် ဒီဒေသကို ပိတ်ဆို့ဖို့ လုပ်ဆောင်လာကြတာ ဖြစ်ပြီး လျှပ်စစ်မီးဖြတ်၊ လောင်စာဆီဖြတ်၊ အင်တာနက် ဖြတ်ဆိုတဲ့ ဖြတ်တောက်ပိတ်ဆို့ရေး ကို နည်းလမ်း တခုအဖြစ် ထိုင်းနိုင်ငံအစိုးရနဲ့ မြန်မာစစ်ကောင်စီတို့က လုပ်ဆောင်လာကြတာပါ။ 

တရုတ်နိုင်ငံက စင်ရော် စစ်ဆင်ရေး ၂ လို့ အမည်ပေးထားတဲ့ ကျားဖြန့်နှိမ်နှင်းရေးမှာ တရုတ်နိုင်ငံကို အားကိုးနေရတဲ့ မြန်မာစစ်ကောင်စီလည်း ပူးပေါင်းပါဝင်လာတာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံရဲ့ ပိုင်နက်ထဲမှာ အခြေစိုက်တဲ့ ဒီရာဇဝတ်ဂိုဏ်းတွေအကြောင်း ထိုင်းနိုင်ငံ နဲ့ တရုတ်နိုင်ငံတို့က ဆွေးနွေးတာ ပူးပေါင်းဆောင်ရွက်တာတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ရာမှာ မြန်မာစစ်ကောင်စီက ဒီနယ်မြေတွေကို လျှပ်စစ်မီးက ထိုင်းနိုင်ငံဘက်က ရတာ ဖြစ်ကြောင်း ပြောဆိုပြီးနောက် ရက်အတန်ကြာမှာ ထိုင်းနိုင်ငံဘက်က ထိုင်းမြန်မာနယ်စပ်က မြို့ ၅ မြို့ကို လျှပ်စစ်မီး ဖြတ်တောက်ဖို့ လုပ်ဆောင်ခဲ့ပြီး မကြာသေးတဲ့ ရက်ပိုင်းကတော့ မြဝတီ၊ ဘုရားသုံးဆူ၊ တာချီလိတ် စတဲ့ ကျားဖြန့် အခြေစိုက်တယ်လို့ ယူဆတဲ့ မြို့တွေ ရွာတွေ လျှပ်စစ်မီး ဖြတ်တောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ လျှပ်စစ်မီး ဖြတ်တောက်ရုံနဲ့  ကျားဖြန့်လုပ်ငန်းတွေ မရပ်ဆိုင်းသေးပဲ လောင်စာဆီသုံးမီးစက်တွေနဲ့ လည်ပတ်နိုင်သေးတာကြောင့် နောက်တဆင့်က လောင်စာဆီ တင်သွင်းမှုကို တားမြစ်တဲ့ ကန့်သတ်ပိတ်ဆို့မှုကို ဆက်လက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

အခုလို လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မယ့် ဆိုလာပစ္စည်းတွေ ကွန်ပြူတာ ဆက်စပ်ပစ္စည်း စတာတွေကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံ မြဝတီ၊ ဘုရားသုံးဆူ၊ တာချီလိတ်တို့ ဘက် သယ်ဆောင်ခြင်း မပြုဖို့ ပိတ်ပင်လိုက်ရာမှာ လျှပ်စစ်မီး ဖြတ်တောက်မှုနဲ့ လောင်စာဆီ ပိတ်ဆို့မှုက အဆိုပါ ဒေသတွေက သာမန်လူထုတွေရဲ့ နေထိုင်စားသောက်မှုကိုပါ ထိခိုက်စေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက် တခုထည်း ပိတ်ပင်တာမဟုတ်ပဲ မြန်မာနိုင်ငံဘက်ကပါ မြဝတီမြို့ဘက်ကို လောင်စာဆီ မသယ်ယူဖို့ တားမြစ်ပိတ်ပင်လိုက်တာကြောင့် မြဝတီမြို့နေ လူထုအဖို့ သွားရေးလာရေး မှာ အသုံးပြုဖို့ လောင်စာဆီ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ ကြရမယ့် အခြေအနေဖြစ်လာပါတယ်။ 

ထိုင်းဘက်က စတင်ပိတ်ဆို့ပြီး ၃ ရက်ခန့်အကြာမှာ မြဝတီမြို့မှာ ဓါတ်ဆီ ၄ ဂါလံဝင်တပုံးကို ဘတ် ၂ ထောင် (မြန်မာငွေနဲ့ ၂ သိန်း ၆သောင်း )လောက်ထိ စျေးမြင့်တက်လာနေပြီး ဒီပိတ်ဆို့မှုက အချိန်အားဖြင့် ဘယ်လောက်ကြာမြင့်မလဲ ဆိုတဲ့ အချက်ကိုလည်း မသိရှိနိုင်ကြတာကြောင့် အလုအယက် ဝယ်ယူတာတွေ မှောင်ခိုလမ်းတွေ ရှာဖွေ သယ်ဆောင်တာတွေ ဖြစ်ပွားနေတာ ကြားသိကြရမှာပါ။ 

ကျားဖြန့်လုပ်ငန်းတွေ အခြေစိုက်တဲ့ ရွှေကုက္ကို၊ မယ်ထော်သလေး စတဲ့ ဒေသတွေမှာ ဘယ်လို ဆက်လက် လုပ်ကိုင်နေကြသလဲ ဆိုတာ မသိကြရပေမယ့် မြဝတီမြို့လို နယ်စပ်ကုန်သွယ်ရေး နဲ့ စည်ကားတဲ့ မြို့မှာ နေထိုင်ကြသူတွေအဖို့တော့ ကြီးမားတဲ့ အခက်အခဲ နဲ့ ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဖြစ်တဲ့ ကုန်ရောင်းကုန်ဝယ် လုပ်ငန်း၊ အစားအသောက်ရောင်းချတဲ့ လုပ်ငန်းတွေနဲ့ အခြားသော ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆေးရုံ ဆေးပေးခန်း စာသင်ကျောင်း စတာတွေ ဘယ်လို လည်ပတ်ကြမလဲဆိုတာ စဥ်းစားရခက်ခဲတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ 

တရုတ်နိုင်ငံက လိုလားတဲ့ ကျားဖြန့်နှိမ်နှင်းမှု စစ်ဆင်ရေးမှာ ထိုင်းနိုင်ငံက တရုတ်နိုင်ငံနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတာ တွေ့ရပေမယ့် မြန်မာစစ်ကောင်စီကတော့ ထိုင်းနိုင်ငံလောက် တက်တက်ကြွကြွ လုပ်ဆောင်တဲ့ အနေအထား မတွေ့ရပါဘူး။ စောချစ်သူ ခေါင်းဆောင်တဲ့ BGF/KNA အဖွဲ့ဟာ စစ်ရေးအရ စစ်ကောင်စီ လက်အောက်မှာ မရှိတော့တဲ့ အနေအထားကြောင့်လည်း စစ်ကောင်စီ အနေနဲ့ ဒီဖြစ်ရပ်မှာ တိုက်ရိုက်တာဝန်ရှိတဲ့ အဖွဲ့အစည်း မဟုတ်တဲ့ သဖွယ် ပြောဆိုတုံ့ပြန်နေတာလည်း သတိပြုမိပါတယ်။ 

မကြာသေးခင် ကာလတွေကလည်း အပစ်ရပ်ဆွေးနွေးဖို့ ဖိအားပေးတဲ့ အနေနဲ့ MNDAA ၊ TNLA၊ KIA တို့ကို တရုတ်နိုင်ငံက ၄င်းတို့နယ်စပ်ကို ပိတ်ပင်ပြီး လောင်စာဆီ၊ လူသုံးကုန်ပစ္စည်းတွေ မရောင်းချ မသယ်ဆောင်ဖို့ ပိတ်ပင်ခဲ့ဖူးပြီး ကိုးကန့်နယ် ဝပြည်တို့က လူထုတွေအနေနဲ့  အခုလို ပိတ်ဆို့မှုတွေကို ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ 

အခုအလှည့်ကျတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့က ကျားဖြန့်အခြေစိုက်ရာ နယ်စပ်ဒေသတွေက လူထုအနေနဲ့ ထိုင်းနဲ့ မြန်မာစစ်ကောင်စီတို့ရဲ့ လောင်စာဆီ ပိတ်ဆို့ ဖြတ်တောက်မှုဒဏ်ကို ကြားမှာ ခံစားကြရဦးမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar