ကိုအောင်မှိုင်း - သိကြပါစေလေ
သိကြပါစေလေ
ကိုအောင်မှိုင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၅
ကဗျာတပုဒ်ဟာ
စာအုပ်ကြီးတအုပ်လောက် လေးတယ်။
သီချင်းတပုဒ်ဟာ
နိုင်ငံတခုကို မွေးဖွားပေးတယ်။
ပန်းတပွင့်တိုင်းဟာ
ပန်းတောကြီးကို ကိုယ်စားပြုတယ်။
မျိုးဆက်ဟောင်းတွေက
မျိုးဆက်သစ်တွေကို ကုန်းပိုး
မျက်ရိုင်းတောကို တိုးကြတယ်။
မေခ မေလိခ မရှိရင်
ဧရာဝတီ မရှိနိုင်ဘူး။
ဧရာဝတီမရှိရင်
မြစ်ဝကျွန်းပေါ် မရှိနိုင်ဘူး။
ထီးမိုးပေးသူတွေ
တဖြုတ်ဖြုတ်ကြွေ
ဇာတိဇရာ ဗျာဓိမရဏ
အားကုန်လို့ဆီခန်း
လွမ်းရပါ့ လွမ်းစရာတွေ။
နေပူခံရင်း မာန်တင်းရင်း
ပေးဆပ်ရင်း ကြေကွဲရင်း
အတိတ်ကို ဝါးမျို
အနာဂတ်ကို အန်ထုတ်
ဒုက္ခတွေ ပလုတ်ပလောင်းနဲ့
ပြုံးရက်နိုင်သူတွေ။
ထီးမိုးရင်းကျတဲ့
မျက်ရည်တွေ......
ထီးမိုးရင်းကျတဲ့
သွေးစက်တွေ.....
ထီးမိုးရင်းကျတဲ့
ကြေကွဲမှုတွေ.....
ထီးမိုးရင်းကျတဲ့
လွမ်းဆွတ်မှုတွေ....
ထီးမိုးရင်းကျတဲ့
မျှော်လင့်ချက်တွေ။
မင်းတို့
သိကြပါစေလေ။
( ဆရာနိုင်မြန်မာ အမှတ်တရ )