Breaking News

တော်လှန်ရေးနဲ့ အကျင့်ပျက်ခြစားမှု၊ COC အမိန့် မသက်ရောက်တဲ့ အဖြစ်တွေ


မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၂ မြင်ကွင်း

မိုးမခ၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅

တော်လှန်ရေးနဲ့ အကျင့်ပျက်ခြစားမှု၊ COC အမိန့် မသက်ရောက်တဲ့ အဖြစ်တွေ 

ခုရက်ပိုင်းအတွင်းပေါ်ထွက်လာတဲ့သတင်းအကြောင်းအရာတခုနဲ့ သတင်းဆောင်းပါးတပုဒ်တို့က လက်နက် ကိုင်တော်လှန်ရေးကာလမှာ တော်လှန်ရေးတပ်တွေဘက်က အကျင့်ပျက်ခြစားမှုတွေနဲ့ Chain of command  မသက်ရောက်တဲ့အဖြစ်တို့ကို သက်သေပြလိုက်တဲ့ အဖြစ်အပျက်တွေလို့ ဆိုချင်ပါတယ်။  

ဧရာဝတီ သတင်းဌာနမှာဖော်ပြထားတဲ့ “အညာဒူဘိုင်းရဲ့ နောက်ကွယ်” ဆိုတဲ့သတင်းဆောင်းပါးက လက် နက်ကိုင်တော်လှန်ရေးကာလအတွင်း မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ထဲက လက်နက်ကိုင်အဖွဲ့တချို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကို ကိုယ်တိုင် မြင်တွေ့ကြားသိနေရတဲ့ သဖွယ် ရေးခြယ်ပြထားတာ ဖတ်ရှုရပါတယ်။ 

မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ထဲမှာရှိတဲ့ ရေနံမှော်တွေ၊ တချို့သော MOGE လို့ခေါ်တဲ့ စစ်ကောင် စီရဲ့စွမ်းအင်ဝန်ကြီးဌာနလက်အောက်က ရေနံတွင်းတွေကို အဲဒီဒေသမှာအခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စီမံခန့်ခွဲပုံ လက်နက်ကိုင်တော်လှန်ရေးတပ်တွေရဲ့ ဒေသခေါင်းဆောင်တွေရဲ့ ငွေကြေးနဲ့အာဏာအလွဲသုံးမှုတွေ၊ ရေနံမှော်တွေဆီကကောက်ခံရရှိတဲ့ အခွန်ငွေတွေ ဘယ်လိုစနစ်တကျ အသုံးချသလဲဆိုတာ ဘယ်သူမှ တိတိပပမသိနိုင်သလို အပြင်ပန်းအမြင်အရတော့ ကိုယ့်ဒေသကို ကိုယ်ကောက်ပြီး ကိုယ့်ဟာကိုယ် စီမံခန့်ခွဲသလို ခြစားမှု၊ ကိုယ်ကျိုးရှာမှု၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ရှိသင့်တဲ့ ကိုယ်ကျင့်တရား၊ စစ်စည်းကမ်းတွေ လျော့လျဲ အားနည်းနေပုံတွေကို ရေးခြယ်တင်ပြထားတဲ့ သတင်းဆောင်းပါးတပုဒ်လည်း ဖြစ်ပါတယ်။ 

အဆိုပါ ရေနံမှော်တွေက ငွေရှာရလွယ်ကူပြီး စစ်အာဏာမသိမ်းမီကတည်းက ခိုးမှုတွေ များပြားကာ လောင်းကစားလုပ်ငန်းတွေနဲ့ ပြည့်နှက်နေခဲ့တဲ့နေရာတွေလို့ သတင်းဆောင်းပါးမှာ ဖေါ်ပြထားသလို စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေး PDF တွေပေါ်လာကာ အဆိုပါဒေသကို ထိန်းချုပ်လာနိုင်တဲ့နောက် မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ ခိုးမှုတွေကို နှိမ်နှင်းတာကြောင့် အဲဒီလို ရာဇဝတ်မှုတွေ လျော့ပါး ပျောက်ကွယ်သွားပေမယ့် အဆိုပါ ရာဇဝတ်မှုနဲ့ ဆက်နွယ်တဲ့ အဖြစ်အပျက်တွေနေရာမှာ  ပြည့်တန်ဆာလုပ်ငန်း၊ ကာရာအိုကေ၊ မာဆတ်နှင့် KTV တွေ ပေါများလာတဲ့ အကြောင်းလည်း ရေးသားထားတာ တွေ့ရပါတယ်။ 

ရေနံမှော်တွေက အခွန်အကောက်ရငွေ၊ ယခင် စစ်တပ်ကို သတင်းပေးတယ်လို့ သံသယရှိသူ၊ စစ်တပ်နဲ့ နီးစပ်သူ ထောက်ခံသူတွေ လုပ်ကိုင်ခဲ့ပြီး PDF တွေ စိုးမိုးထိန်းချုပ်လာချိန်မှာ ဒီဒေသကနေ စွန့်ခွာထွက်ပြေးသွားလို့ ၄င်းတို့လုပ်ကိုင်ခဲ့တဲ့ ရေနံတွင်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကသိမ်းယူပြီး ရေနံစိမ်းထုတ် ယူရာမှရရှိတဲ့ဝင်ငွေတွေနဲ့ ဒီဒေသကို ထိန်းချုပ်အုပ်ချုပ်ရာမှာ ခြစားမှုတွေ အာဏာနဲ့ ငွေကြေးအလွဲသုံးမှုတွေ ရှိနေတဲ့အဖြစ်တွေကို ဆောင်းပါးမှာ ဖော်ပြထားတာဖြစ်ပါတယ်။ 

အခုလို အုပ်ချုပ်စီမံနေတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ်  ဒေသခံတွေ အနေနဲ့ ယုံကြည်ကိုးစားမှု လျော့ပါးလာသလို စနစ်တကျ မဟုတ်တဲ့ အခွန်အကောက် ကောက်ခံမှုတွေ၊ တနယ်နဲ့ တနယ် မတူညီတဲ့ ကောက်ခံမှု၊ တဖွဲ့ထည်းက ကောက်ခံတာမျိုးမဟုတ်ပဲ အဖွဲ့အမျိုးမျိုး ခေါင်းစဥ်အမျိုးမျိုးနဲ့ ကောက်ခံမှုတွေကိုလည်း ဝေဖန်ထောက်ပြထားတာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံမှာ အခုလို အဖြစ်အပျက်တွေ၊ ခြစားမှုတွေက ဒီဒေသတခုတည်းမှာ ကွက်ပြီးဖြစ်ပျက်နေတာတော့ မဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ ရွှေမှော်တွေရှိပြီး မြစ်ကြောင်းတလျှောက် စက်ယန္တရားတွေနဲ့ နေ့နေ့ ညည ရွှေမျောလုပ်ငန်းတွေ လည်ပတ်နေတဲ့ နေရာဒေသတွေမှာလည်း အာဏာနဲ့ငွေကြေးအလွဲသုံးမှုတွေ ရှိနေတဲ့အနေအထားမျိုးလို့ မှန်းဆရပါတယ်။ အခုလို အသေး စိတ်လေ့လာမေးမြန်းပြီး ရေးသားတာမျိုး မရှိသေးတဲ့အနေအထားမျိုးလို့သာ ယူဆပါတယ်။ ထို့အတူပဲ မြန်မာ နိုင်ငံက သယံဇာတထွက်ရှိတဲ့ဒေသတွေ၊ ငွေကြေးအကောက်အခွန် မျိုးမျိုးမြက်မြက်ရတဲ့ ဒေသတွေနဲ့ မူးယစ်ဆေးဝါး ဖြစ်တဲ့ ဘိန်း၊ ရာဘ ဆေးပြား စိုက်ပျိုးထွက်ရှိရာဒေသတွေကို ထိန်းချုပ်ထားတဲ့လက်နက်ကိုင်အဖွဲ့တွေ ဒေသတွေမှာလည်း အာဏာ၊ ငွေကြေး အလွဲသုံးမှုတွေ ရှိနေမှာ အမှန်ပဲဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်အပြင် ခုရက်ပိုင်းအတွင်းဖြစ်ပျက်ခဲ့တဲ့ နောက်ဖြစ်ရပ်တခုက ရွှေဘိုမြို့နယ်ထဲက ကျေးရွာတရွာက ကက်သလစ် ဘာသာရဟန်း ဖာသာ မာတင်ကို ဒေသကာကွယ်ရေး လက်နက်ကိုင် တချို့က အမေးအမြန်းမရှိ လူအများရှေ့မှာတင် ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။

 ဘာသာရေးအရ လူနည်းစု ကက်သလစ်ဘာသာဝင် ဖြစ်တာ၊ ကမ္ဘာမှာ အကြီးဆုံး ဘာသာရေး အဖွဲ့အစည်းကြီးဖြစ်တဲ့ ဗာတီကန်ရဲ့အောက်က ဘာသာရေးခေါင်းဆောင်တယောက်ကို ဒေသကာကွယ်ရေးအဖွဲ့က သတ် ဖြတ်တာဖြစ်လို့ သတင်းအနေနဲ့ ဗုဒ္ဓသာသာဝင် ဘုန်းတော်ကြီးတပါးသတ်ခံရတဲ့အဖြစ်ထက် ပိုမိုထင်ရှားတဲ့ ဖြစ်ရပ်အဖြစ် အာရုံစိုက်ခံရစေပြီး ရက်စက်တဲ့နည်းလမ်းနဲ့ အမေးအမြန်းမရှိ လူအများရှေ့တင် သတ်ဖြတ်ခဲ့တာကြောင့်လည်း ပိုပြီးကြီးမားတဲ့သတင်းတပုဒ်ဖြစ်စေခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တနည်းအားဖြင့် PDF အဖွဲ့တွေအနေနဲ့ တာဝန်ခံမှုကို မေးခွန်းထုတ်ခံရတဲ့အဖြစ်အပျက် ဖြစ်လာပါတယ်။ 

တော်လှန်ရေးရဲ့ ရည်ရွယ်ချက်က အာဏာရှင်တွေ ရဲ့ ခြစားမှုတွေ၊ အလွဲသုံးစားမှုတွေကို တိုက်ဖျက် ဖယ်ရှားပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ တာဝန်ခံမှုရှိတဲ့ အုပ်ချုပ်ရေးကို တည်ဆောက်ဖို့ ရည်ရွယ်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အရပ်သား၊ ဘာသာရေးဝန်ထမ်း၊ တက်ကြွလှုပ်ရှားသူတွေ အပေါ် ရက်စက်တဲ့သတ်ဖြတ်မှုတွေကို မနှစ်သက်လို့ ဒီလိုစနစ်တွေ အုပ်ချုပ်မှုတွေကို အဆုံးသတ်စေလိုတာကြောင့် တော်လှန်ရေးလုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ တော်လှန်ရေးကာလမှာပင် လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အခုလို ဥပဒေမဲ့ သတ်ဖြတ်မှု၊ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်မှုရှိခဲ့ရင် ထိရောက်တဲ့ အရေးယူမှုတွေ တာဝန်ခံမှုလုပ်ဆောင်ရမှာဖြစ်ပြီး နောက်ထပ် မဖြစ်ပွားအောင် ကာကွယ်မှု ညွှန်ကြားမှုတွေ စည်းမျဥ်းစည်းကမ်းတွေ ထုတ်ပြန် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်မတိုင်ခင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသနဲ့ အညာဒေသတွေမှာ ဥပဒေမဲ့သတ်ဖြတ်ခံရတဲ့အဖြစ်အပျက်တခုမကရှိနှင့်ပြီးဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက မကြာခဏကျူးလွန်နေတဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ရှိသလိုပဲ အရေအတွက်အားဖြင့် စစ်ကောင်စီတပ်တွေနဲ့မနှိုင်းယှဥ်သာသော်လည်း NUG လက်အောက်က သို့မဟုတ် NUG လက်အောက်မဟုတ်တဲ့ PDF တပ်တွေက အရပ်သားတွေအပေါ် ကျူးလွန်သတ်ဖြတ်မှုတွေလည်း ရှိနှင့်ပြီးဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်လယ်ခန့်က စလို့ ယခုအချိန်အထိ သတင်းမီဒီယာမှာဖော်ပြခဲ့တဲ့အဖြစ်အပျက်တွေ ၁ ဒါဇင်ထက်မနည်း ရှိပေမယ့် အဆိုပါအဖြစ်အပျက်တွေကို အရေးယူမှု အပိုင်းကာကွယ်မှု အပိုင်းမှာ အားနည်းခဲ့တာ သို့မဟုတ် အောက်ခြေအဖွဲ့အစည်းတွေအပေါ် ထိန်းချုပ်အမိန့်ပေးနိုင်စွမ်းမရှိတာ တွေ့ရပါတယ်။ CoC လို့ အတိုကောက် ပြောဆိုနေကြတဲ့ Chain of command  အထက်အောက် အမိန့်ပေး ထိန်းချုပ်နိုင်စွမ်းမရှိတာလည်း အကြောင်းတချက် ဖြစ်ပါလိမ့်မယ်။ 

ဒီအခြေအနေတွေကို အနှစ်ချုံ့ကြည့်ရင် တာဝန်ခံမှု၊ CoC ၊ ပြဿနာကို အဖြေရှာဖို့ လုံလောက်တဲ့ နိုင်ငံရေးဆန္ဒ မရှိမှု စတဲ့ စကားလုံးတွေက သော့ချက်ကျတဲ့ စကားလုံးတွေ ဖြစ်နေတဲ့ သဘောလို့ဆိုချင်ပါတော့တယ်။

-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar