Breaking News

လင်းထိပ်သျှင် - စစ်တစ္ဆေခြောက်ခံ ဘဝများ

လင်းထိပ်သျှင် - စစ်တစ္ဆေခြောက်ခံ ဘဝများ

(မိုးမခ) ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၅

၀၀၁

နဂိုကတည်းက မြို့ခြောက်ကြီး ဖြစ်နေတဲ့  ကျုပ်မြို့ကတော့  လက်ရှိ နစက အစိုးရကနေ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး နောက်ပိုင်းကာလတွေမှာ ပိုပြီး လူသူကင်းမဲ့သွားကာ မြို့ပျက်ကြီးအလား တိတ်ဆိတ်ခြောက်ကပ်သွားခဲ့တယ်။ 

မြို့တွင်း မြို့ပြင်မှာနေကြတဲ့ မြို့သူမြို့သားသုံးပုံနှစ်ပုံလောက်က တောင်သူလယ်သမားများနဲ့ လက်လုပ်လက် စား အခြေခံလူတန်းစားများရယ်ပါ။ ကျန်တစ်ပုံရဲ့ တဝက်လောက်က အစိုးရဝန်ထမ်းများနဲ့ ပင်စင်အငြိမ်းစားများအပြင် ပညာတတ်လူတန်းစားအလွှာ ဖြစ်ကာ ကျန်တဝက်ကတော့ ကုန်သည်ပွဲရုံပိုင်ရှင်များ၊ လူကုံထံ လူတန်းစားအလွှာ ဖြစ်ပါတယ်။ ဒီလို လူတန်းစားတွေ ရှိနေတယ် ပြောရပေမယ့်လည်း ထားစရာမရှိတဲ့ လူတန်းစား ခေတ်ပျက်သူဌေးများနဲ့ စားစရာမရှိတဲ့ စစ်တစ္ဆေခြောက်ခံဘဝများ ငနင်းပြားတို့ပဲ လက်ရှိ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ရှိတယ်လို့ ဆိုရပါမယ်။ 

တကယ့်တကယ် အကျပ်ဆိုက် ဘေးဆိုး တွေ့ချင်းတူတာတောင် လက်လုပ်လက်စား အခြေခံလူတန်းစားက ပိုအခက်အခဲတွေ့အကျပ်ဆိုက်ကြရပါတယ်။ တစ်နေ့လုပ် တစ်နေ့စားများဆိုတဲ့အတိုင်း အလုပ်ကနေ လုပ်အားခရှင်းပြီး အိမ်ပြန်ရောက်တဲ့အခါကျမှ ဆန်ဝယ် ထမင်းချက် ဟင်းချက်စားသောက်နေကြရတဲ့ အစားတစ်လုတ် တုတ်တစ်ချက် ဘဝသမားတွေ အဖြစ်သနစ်ဆိုးပါပဲ။

"ပြေးကြဟေ့...ဟိုဘက်ရွာမှာ စစ်သားတွေ အုပ်လိုက်ကြီး ရောက်နေကြပြီ။ ငါတို့ရွာဘက် ကူးလာမယ် ပြောတယ်ကွ"

ကျုပ်ရွာမှ ငမူးငရူးကောင် စိန်ရဲအောင်ရဲ့ အော်ဟစ်အသိပေးစကားသံ ကြားကြားချင်းပဲ ရွာက လူကြီး လူငယ် အားလုံး ဆောက်တည်ရာမရ ပြေးလွှားပုန်းခိုနေကြတယ်။ ဒုတိကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျပန်တွေ မြို့ထဲ ဝင်လာပုံထက် အဆတစ်ရာမက ဆိုးရွားလွန်းလှတဲ့  အဖြစ်ဆိုးကြီးပါပဲ။ 

စစ်မှုထမ်းဥပဒေ စတင်အာဏာသက်ဝင်ချိန်ကစပြီးတော့ မြို့ထဲမှာရော ရွာတွေဘက်မှာပါ ပေါ်တာဆွဲ ဖမ်းဆီးတာ များပြားလာတယ်။ မတရားစစ်မှုထမ်းခိုင်းခြင်းကို အကြမ်းဖက်တွန်းထိုးလုပ်ဆောင်နေကြတယ်။ မြို့ပေါ်ရော ရွာတွေမှာပါ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ လူငယ်တွေဆို တစ်ယောက်မှအပြင်မထွက်ရဲအောင် ဖြစ်ကြရသလို အချို့ရပ်ကွက်တွေ ရွာတွေမှာဆို တစ်ယောက်တလေမျှမရှိအောင် ပုန်းရှောင်နေကြတာမို့ တစ်နေ့တခြား မြို့ပြောက်ကြီးဆန်လာ၊ ရွာပြောက်ကြီးဆန်လာကာ လူခြေတိတ်ဆိတ်နေတယ်။ တစ်နေ့ထက် တစ်နေ့ မြို့သူမြို့သားများရော ရွာသူရွာသားများပါ ရှင်ရေး ခက်၊ နေရေး စားရေး ခက်တဲ့ကြားထဲမှာပဲ စစ်တစ္ဆေခြောက်ခံဘဝနဲ့  အချိန်တိုင်း စိတ်ငရဲကျခံနေကြရတယ်။ 

ဒီအထဲမှာ မိုးပြိုအများပဲ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ တုန်လှုပ်နေစရာ မလိုပါဘူး ဆိုသူများကလည်း လက်ဖက်ရည်ဆိုင် အထိုင်မပျက်။ ပွဲတက် ပွဲထိုင် မပျက်၊ ဘီယာဆိုင် အရက်ဆိုင်၊ဘား၊ ကလပ်တို့မှာ အထိုင်မပျက် အသောက်မပျက်ကြဘဲ နေစိမ့်နိုင်ကြပေတယ်။ သူတို့ အသက်ရန် အန္တရာယ်တွင်းဆုံး ကျရောက်နေပြီဆိုတာ မမြင်နိုင်တာလား၊ မသိတာလား ဆိုတာတော့ ကျုပ်နားမလည်နိုင်အောင် ဖြစ်ခဲ့ရတယ်။

"အခုခေတ်က အသေးသုံးငွေစက္ကူက ငါးထောင်ကျပ်တန် ဖြစ်သွားပြီဟ။ ခေတ်ကြီးက စျေးထဲသွား စျေးမဝယ်ရဲလောက်အောင် တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာနေပြီ။ သူတို့က စစ်မှုထမ်းဖို့ အပတ်စဥ် ၉ စစ် သင်တန်းအတွက်ထိ စစ်မှုထမ်းဖို့ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေကြတာဟ။"

ကျုပ်နဲ့အတူ မြို့ထဲက အောင်ကဖေးဆိုင်မှာ မနက်ခင်းဘက် ထိုင်သောက်ဖြစ်နေကျ စာအုပ်အရောင်းသမား ဦးမျိုးသန့်က ရင်ပွင့်အန် ဆိုလာတဲ့ စကားရယ်ပါ။ ဟုတ်လည်း ဟုတ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ မြို့ရော တောပါ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတာ  ဆက်တိုက်ဖြစ်ပွားနေခဲ့တာပါ။ ကျုပ်ရွာက လူငယ်လေးတစ်ဦးတောင် မြို့စွန်ဘက် နေ့စားအလုပ် သွားလုပ်ရင်း လမ်းတဝက်မှာ ဖမ်းခေါ်သွားခံရတာ ဒီနေ့ထိတိုင် သေသလား၊ ရှင်သလား ကွဲကွဲပြားပြား မသိရအောင် သတင်းအစအန ပျောက်နေပါတယ်။ ဒီလိုပဲ ကျုပ်ရွာနဲ့ ကပ်လျက်ရှိတဲ့ တစ်ဖက်ရွာမှ အသိမိတ်ဆွေတစ်ဦးရဲ့ သားလည်း စစ်မှုထမ်းဖို့ နေအိမ်ထဲထိဝင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ခုထိ ဘာသတင်းအစအနမှ မကြားသိရသေးပါ။ 

ဒါဟာ ဒီနေ့ အမှောင်ခေတ် ကာလဆိုးထဲက ကျုပ်ကိုယ်တိုင် နီးနီးကပ်ကပ် သိကြားခဲ့ရတဲ့  စစ်တစ္ဆေခြောက်ခံ ဘဝတစ်စိတ်တစ်ပိုင်းပါပဲ။ ဒါတောင်မှ ကျုပ်လို အသက် ၅၅ တန်းအရွယ်လည်း ဘာမှအာမခံချက် မရှိတော့တဲ့ ဘဝရှင်သန်မှု ဖြစ်ရအောင် စစ်မှုထမ်းအသက်အရွယ်က ၁၈ နှစ်မှ ၆၅ နှစ်ထိ အသစ်ထပ်ပြဋ္ဌာန်းခဲ့ပါသေးတယ်။

ကျုပ်လည်း နေရေး ခက် သေရေး စွက်လာနေသလို တစ်နေ့ထက်တစ်နေ့ ကြားကြားသမျှ နားခါးလှစွာ စက် ဆုပ်ရွံရှာဖွယ်ပါပဲဗျာ။ ဒီအခါမှာ ကျုပ် ဆယ်တန်းကျောင်းသားဘဝတုန်းက မြန်မာစာသင်ပြခဲ့တဲ့ ဆရာမကြီးဒေါ်ကြည် ကွယ်လွန် သေဆုံးသွားရာ အသုဘလိုက်ပို့ဆောင်ရင်း အဲဒီရပ်ကွက်မှ လက်ဖက်ရည်ဆိုင်မှာ ကျုပ် ထိုင်သောက်ဖြစ်တော့ ရပ်ကွက်သားတစ်ဦး ပြောစကားက လူတိုင်းဘဝတွေ အနာဂတ်မဲ့လွန်းနေတာ သိသာထင်ရှားလို့ ကျုပ် တုန်လှုပ်ချောက်ချား ရင်နင့်ခဲ့ရတယ်။

"ကျုပ် ရပ်ကွက်ထဲမှာ အခုဆိုရင် အိမ်တိုင်းလိုလို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်တန်း လူငယ်တွေတစ်ယောက်မှ မရှိတော့ဘူးဗျ။ ပထမသုတ်၊ ဒုတိယသုတ် ဖမ်းခေါ်သွားကြတာ လူငယ် ၂၀၀ ဦးလောက် ရှိသွားပြီဗျ။ ကျွန်တော်တောင် ရွာထဲက လက်ဖက်ရည်ဆိုင်ပဲ ထိုင်သောက်ဖြစ်နေတယ်။ မြို့ထဲ ထွက်မသောက်ရဲတော့သလို အိမ်အပြင် မထွက်ရဲလောက်အောင် ခေတ်ကြီးက ကြောက်စရာကောင်းနေပြီဗျ၊"

၀၀၂

"အဓမ္မဝါဒ၊ လူသတ်ဝါဒက ကျုပ်တို့ ခင်ဗျားတို့ နေအိမ်ဘုရားစင်ထဲထိတောင် ရောက်နေပြီဗျ"

ကျုပ်မြို့က ကဗျာဆရာတစ်ဦးရဲ့ ဒီနေ့ခေတ်ပေါ်  ထင်မြင်ချက်စကားရယ်ပါ။ ကြားကြားချင်းပဲ ကျုပ်လည်း ကိုယ့်ဘဝတောင် မလုံခြုံတော့ပါလားလို့ တွေးမြင်လာမိတယ်။ ဒီလိုပဲ တစ်နေ့တခြား  မတန်တဆ ထိုးတက်လာနေတဲ့ ကုန်ဈေးနှုန်းကလည်း လူတိုင်းကို လည်မျိုနင်းသတ်နေတဲ့အလား ဝန်ကြီးကြီး ဖြစ်လာနေပါတယ်။ ဆန်ကြမ်း တစ်အိတ် ၁ သိန်း ၂ သောင်းကျပ်တောင် ဖြစ်နေရာ ကျုပ်တို့လို အခြေခံလူတန်းစားများအတွက်တော့ စားရေးဒုက္ခ တွင်းဆုံးကျ ဖြစ်နေပါပြီ။အများစု အိမ်သားတွေကတော့ တပြည်ချင်း အိတ်ဆွဲ ဝယ်စားသုံးနေကြပြီး ဝင်ငွေနဲ့ ထွက်ငွေ မမျှတတဲ့ ခေတ်ဆိုးခေတ်ကျပ်ကြီးရဲ့ဒဏ် ခါးစည်းလိမ့်ခံနေကြရတာ ရင်နင့်ကြေကွဲစရာပါပဲ။ 

တချို့ မိသားစုတွေ ဆိုရင် တစ်နေ့ ထမင်း ၃ နပ်စားရာကနေ နေ့လယ်စာ ထမင်းတနပ်သာ ချက်စားကြပြီးတော့ ကျန်ထမင်း ၂ နပ် လျှော့စားကာ နေအိမ်မှာ ဟန်မပျက်ပန်မပျက် နေကြရင်း လက်ရှိ ဘဝတာလေး အသက်ရှင်သန်ဖို့  စိတ်ကုထုံးကု မနေပျော်သော ဘဝကို နေပျော်အောင်နေသာသလိုနေ ဖြေသာသလို ဖြေနေကြတယ်လို့ ဘေးရွာနေ ကျုပ်အသိမိတ်ဆွေတစ်ဦးက သူ့ရွာအတွင်း ကိုယ်တွေ့ကြုံ ဖြစ်ရပ်ဆိုးကို ပြောပြလာသမို့ ကျုပ် သိခဲ့ရတယ်။ ဒီလို အဖြစ်ဆိုး အနေဆိုးတွေရဲ့ မူလဇာစ်မြစ်ကတော့ စစ်တစ္ဆေခြောက်ခံ နှစ်ကာလဆိုးမွေ ဒဏ်ခံရခြင်းပဲ မဟုတ်ပါလော။

"တစ်နေ့က မြို့ပေါ်မှ နာမည်ကြီး ဖုန်းဆိုင်ပိုင်ရှင်ရဲ့ သားကို ရဲနဲ့ အရပ်ဝတ်လူများက ဆိုင်အတွင်းဝင်လာပြီးတော့ စစ်မှုထမ်းဖို့ ခေါ်စာရင်း ပြသကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်တဲ့။ ဒီနေ့ပဲ ငွေနဲ့ လဲထုတ်လာလို့ ပြန်လွတ်လာပြီ"တဲ့။

မြို့ပေါ်မှ မနက်ခင်းဘက် လက်ဖက်ရည်ဆိုင် ထိုင်နေကျ ညီငယ်လေးတစ်ဦးက ကျုပ်ကိုသတင်းစကားပါး ဆိုစကားရယ်ပါ။ ဒီစကားသံ ကြားရတော့ သူဌေးရော ငမွဲရော ခွေးရော ဘယ်သူမှ လုံခြုံမှုမရှိတော့ဘူး ဆိုတာ သိသာထင်ရှားစွာ ကျုပ် မြင်သိလိုက်ရတယ်။ ၂၀၂၄ နှစ်ကုန်ပိုင်း ၄ လနဲ့ ၂၀၂၅ နှစ်စကတည်းက လူငယ်တွေကို မတရားဖမ်းဆီးတာ ပိုစိပ် ပိုများပြားတယ်။ အချိန်တိုင်းလိုလို ဘယ်အချိန်အကြမ်းဖက်ကာ လာဝင်ဖမ်း ဆီးလိမ့်မလဲဆိုပြီး  လူတိုင်း အကြောက်တရားကြီးစွာ စိုးရိမ်ထိတ်လန့်နေကြတယ်။ 

ဒီအချိန်မှာ တစ်နေ့လုပ် တစ်လုပ်စားမို့ အိမ်အပြင်ထွက် အလုပ်လုပ်ကြရတာမို့ အချို့ဆိုရင် နေမကြောက် သေ မကြောက် ဖမ်းမှဖမ်းရောလို့ စိတ်သဘောပိုက်ကာ ထွက်အလုပ်လုပ်သွားကြတယ်။ဒါကို ကြည့်ရင် ဒီနေ့ခေတ် လူတိုင်းဘဝ နေထိုင်ရှင်သန်ရေးက အသက်နဲ့တောင် အလဲအထပ်လုပ်နေရပြီလို့ ပြောရပါပြီ။ ဒါတောင်မှ ကျုပ် သိလွယ် မြင်လွယ်တဲ့ အဖြစ်သနစ်တောင်မှ တုန်လှုပ်ချောက်ချား စက်ဆုပ်ရွံရှာဖွယ် ဖြစ်နေတာ ကိုယ် မမြင်လွယ်နိုင် မသိလွယ်နိုင် အဖြစ်သနစ်ဆိုးတွေဆိုရင် ဘယ်လောက်တောင် တုန်လှုပ်ချောက်ချား စက်ဆုပ် ရွံရှာဖွယ်ကောင်းလိုက်မလဲဗျာ။

"မြို့ မြောက်ဘက်အစပ်ရွာတွေက PDF အထိုင်ချ ရွာတွေချည်း ဖြစ်နေပြီဗျ၊ မြို့ပေါ်က ရဲသားတွေစစ်သားတွေ ပျူတွေ မသွားရဲကြတော့ဘူးဗျ။ ကျွန်တော်တို့တောင် မြို့ထဲနဲ့နီးစပ်တဲ့ရွာတွေဆီပဲ နွားချေးကားတိုက် ချပေးနေရတယ်ဗျ"

ကျုပ်ရွာမှာ နွားချေးလာဝယ်ပြီး ကားနဲ့တင် ရောင်းချနေတဲ့ အသိမိတ်ဆွေ လုပ်ငန်းရှင်တစ်ဦး ပြောစကားပါ။ ဒီစကားရပ် ကြည့်ရင်ပဲ စစ်ဆိုတာ မဖိတ်ခေါ်လည်း မိမိဆီ တည့်တည့်လာလိမ့်မယ်ဆိုတဲ့ သဘော ပြဆိုနေတယ်မဟုတ်ပေလား။ ဒီလိုပဲ စစ်ပွဲအတွင်းကျရောက်နေတဲ့သူတွေဘဝလောက် မဆိုးရွားသေးဘူး ထင်နေကြရလည်း စစ်ပွဲမဖြစ်ပွားသေးတဲ့ လွတ်ကင်းနေတဲ့ ကျုပ်မြို့ ကျုပ်ရွာလည်းပဲ စစ်တစ္ဆေခြောက်ခံဘဝများနဲ့ တစ်နေ့တစ်နေ့ အနေကျပ် အသေကျပ် ဖြစ်လာပါပြီ။ 

ဒုတိယကမ္ဘာစစ်အတွင်းက စစ်ပွဲအကြောင်းစာအုပ်တွေ ဖတ်ရင်း ဖြတ်သန်းခဲ့ကြတဲ့ ကျုပ်တို့ကိုယ်တိုင် အဲဒီစစ်ပွဲကြီးတွေထက် ဆယ်ဆမက ပိုဆိုးရွားတဲ့ စစ်ဘေးကြီးကို ရင်ဆိုင်ဖြတ်ကျော်နေနေရပြီလေ။ ဒါတင် ဘယ်ကသေးလို့တုံး။ ကိုရိုနာရောဂါကပ်ဘေးကြီးလည်း ယှဥ်တွဲရင်ဆိုင်ဖြတ်ကျော်ခဲ့ရသလို ကုန်ဈေးနှုန်း အဆ မတန်မြင့်တက်လာပြီး စားရေးဒုက္ခကြီးစွာ လူမှုလောကငရဲကျခံနေကြရှာရပါပြီ။ ဒီထက်ဆိုးရွားတာက စိတ်အနားပေးဖို့ လူတိုင်း ထိုင်သောက်ကြလေ့ရှိတဲ့ ကြားခံ လူမှုဘဝ တည်လှစ်ရာ လက်ဖက်ရည်ဆိုင်တွေမှာတော့ လက်ဖက်ရည် ၁ ခွက် ၁၀၀၀ ကျပ် ကျော်သွားတာမို့ လူတစ်ယောက်အဖို့ အရင်တုန်းကလိုမျိုး နေ့စဥ်ရက်ဆက် ထိုင်မသောက်နိုင်ကြတော့ပါဘူး။ ဒီအကြားထဲကမှ စစ်မှုထမ်းဖို့ လူအဖမ်းအဆီး များပြားလာလို့ လက်ဖက်ရည်ဆိုင်တွေမှာတောင် လူအထိုင်နည်းပါးသွားပြီး အရင်တုန်းကလောက် လူမစည်တော့ပါဘူး။ ဒါကိုကြည့်ရင် စစ်တစ္ဆေခြောက်ခံ ဘဝများအဖြစ် လူ့ဘောင်လောကတစ်ခုလုံး အမှောင်ခေတ်တွင်းဆုံးကျ အနာဂတ်မဲ့နေတာ သိသာမြင်သာလှပါပြီဗျာ။

၀၀၃

ခုတလော ကျုပ်တို့ မြို့ပေါ်မှာ နေ့စဥ်ရက်ဆက် စစ်တိုက်လေယာဥ် ဝဲလှည့်ပျံသန်းနေတယ်။ မြို့တောင်ဘက်က ဂွေးကုန်းရွာဘက်မှာ စစ်တပ် တပ်စွဲ အခြေချနေပြီ ဖြစ်တယ်။ မြို့တောင်ဘက်သွားတဲ့ ခရီးသွားယာဥ်လိုင်းပေါ်မှာ ပါရှိလာသမျှ ခရီးသည်များထဲကမှ အသက် ၁၈ နှစ်ကနေ  ၃၅ နှစ်အရွယ်မှန်သမျှ မိန်းကလေးရော ယောကျ်ားလေးပါ အကုန်ဖမ်းဆီး ခေါ်ဆောင်နေတယ်လို့ ကုန်တင်ယာဥ် မောင်းနေတဲ့ ကျုပ်ရွာသားတစ်ဦးက ပြောပါတယ်။ 

ဒီလိုပဲ ခုနောက်ဆုံးလည်း ကျုပ်ရွာနဲ့ ဘေးရွာတို့မှ စစ်မှုထမ်းဖို့ လူ ၁၀ ဦး ပို့ပေးရမယ်လို့ မြို့နယ်အဆင့် ရပ်ကျေးအဆင့် အာဏာပိုင်တွေက အသိပေး ညွှန်ကြား ဖိအားပေးနေတယ်လို့ ကျုပ်ရွာသူရွာသားထံမှာ ကြားသိရတယ်။ အဲဒီသတင်းကြားသိသိချင်းပဲ ရွာထဲမှ လူငယ်တွေမှန်သမျှ တိမ်းရှောင် ပုန်းကွယ်သွားကြရာ ရွာတောင် ခြောက်ကပ်တိတ်ဆိတ်သွားပြီး အဓိကရွာလုပ်ငန်း ကိုင်းကျွန်းစိုက်လုပ်ငန်းခွင်တောင် အလုပ် သမားခေါ်ဖို့ လူမရှိ ဖြစ်သွားရာ လုပ်ငန်းပျက်အခက်အခဲ ဖြစ်သွားခဲ့ကြတယ်။ စစ်ပွဲက မရောက်သေးလည်း စစ်မြူနေတဲ့ အနေအထားမှာတင် တစ်မြို့လုံး တစ်ရွာလုံး ဘယ်အချိန်များ ကိုယ့်အလှည့်ကျလာမလဲဆိုပြီး ထိတ်လန့်တုန်လှုပ်စိုးရိမ်ကြောက်လန့်နေကြတာ လွန်စွာမှ စစ်အနိဋ္ဌာရုံ နိဒါန်းပစ္စက္ခ မြင် ကွင်းမို့ ရင်နင့်ကြေကွဲဖွယ်ရာပါပဲ။

"ဘယ်နေ့ ဘာတွေ ဖြစ်လာမလဲတော့ မသိဘူးဗျာ။ ကျွန်တော်တို့ ဘဝတွေလည်း ကျီးလန့်စာစား ဖြစ်နေရပြီ။ ဘာလုပ်စားရမှန်းတောင် မသိဘူး။ မတရားဖမ်းဆီးတယ် သတင်းကြားနေရတော့ မြို့ပေါ်တောင် အလုပ်ထွက်မလုပ်ရဲတော့ဘူးဗျာ"

ကျုပ်ရွာက ဆိုင်ကယ်တစ်စီးနဲ့ မြို့လှည့် မီးပြင်စက်ပြင်သမားလေး ကိုချစ်ကိုဦး ဆိုစကားရယ်ပါ။သူ့လိုပဲ သုံးဘီးမောင်း ဈေးရောင်းကြသူများရော ခေါင်းရွက်ဈေးသည်များရော နေ့စား ပန်းရန်အလုပ်သမားများရောက မကြာသေးတင်ကမှ သစ်ရှားရွာမှာ ရေတွင်းတူးအလုပ်သမားတွေဖမ်းဆီးခံရတာကြားသိထားလို့ ကြောက်လန့်နေရတဲ့ကြားကပဲ တစ်နေ့ အလုပ်မလုပ်ရင် ထမင်းငတ်ရမှာမို့ ဖမ်းလည်း ဖမ်းပေရော့ဆိုပြီးတော့ အရဲစွန့် လုပ်ကိုင်နေကြသူတွေလည်း ရှိကြပါတယ်။ ကျုပ်ရွာနဲ့ ဧရာဝတီမြစ်ကြောင်းဘေးနားရှိ ရွာတွေရော ယာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မြို့တစ်ခွင် ရွာတွေပါ ပြာသိုလ၊ တပိုတွဲလက သီးနှံသိမ်းချိန် အလုပ်များလှတဲ့ကာလပါ။ ဒေသခံတိုင်းလိုလို တစ်နေ့ ၇၀၀၀/-၁၀၀၀၀၀ နဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်ထဲ နေ့စားလိုက် အလုပ်လုပ်ကာ မိသားစုဘဝ ရပ်တည်ရေးအတွက် မှီခိုအားထားနေကြရတဲ့ အချိန်ကာလကြီးပါ။ ခုလို စစ်မှုထမ်းဖို့  မတရားဖမ်းဆီးတဲ့ အရေးကြောင့် လုပ်ငန်းခွင်ရော ဒေသခံတို့ လူမှုဘဝ ရပ်တည်ရေးအတွက်ပါ အတိဒုက္ခရောက်ကြကာ နေမထူး သေမထူးဘဝ ဆိုက်ရောက်ပြီး လူတိုင်းလိုလို ဘဝအနာဂတ်မဲ့သွားကြရပါပြီ။

ဒီထက်ဆိုးတာက အခုကာလဆိုးကြီးထဲမှာ သူ့ ကိုယ်မကယ်နိုင်၊ ကိုယ့် သူမကယ်နိုင် ဖြစ်နေကြရပြီး မမြင်နိုင်တဲ့ စားရမဲ့ သောက်ရမဲ့ ဘဝပျက် အတိဒုက္ခ တွင်းဆုံးကျရသူတွေ ဘယ်လောက်တောင် များနေလိမ့်မလဲဆိုတာ ကျုပ် တွေးတောင်မတွေးကြည့်ရဲတော့ပါဘူးဗျာ။

မြို့ပေါ်မှာရော ရွာထဲမှာပါ အသံကြောင့် ဖားသေနေကြသူများက အများသားဗျ။ ငါတို့က အစိမ်းကွ၊ ငါတို့က အာဏာပိုင်ကွ၊ ငါတို့က သူ့ဘက်တော်သားတွေကွ၊ ငါတို့ ဘုန်းဘုန်း သားသမီးတွေကွ၊ ငါတို့က စစ်သွေး စစ်မျိုးတွေကွ၊ ငါတို့က ပျူတွေကွ၊ ငါတို့က မဘသတွေကွ၊ ငါတို့က စစ်ပြန်တွေကွ၊ ငါတို့က လူချမ်းသာတွေကွ...ဆိုပြီးတော့ ဘာမထီ ဇာမဏီသား လုပ်နေကြသူများကလည်း အုပ်နဲ့သင်းနဲ့ ရှိနေကြသားဗျ။ ကျုပ်လည်း ကိုယ့်ဆီ စစ်ပွဲက တည့်တည့်လာမှာလဲ၊ အဓမ္မဝါဒက ကိုယ့်ဆီ ဦးလှည့်လာမှာလဲ၊ မတရားမှုက ကိုယ့်ဆီ မြားဦးလှည့်လာမှာလဲဆိုတာပဲ မမြင်ရတဲ့ ကံကြမ္မာအပေါ်  ရင်တမမဖြစ်နေရတာ ကျုပ်လည်း စစ်တစ္ဆေခြောက်ခံဘဝ ကျရောက်နေရရှာပေါ့ဗျာ။လူငယ်တွေဖမ်းဆီးခံရတာ ၂၀၂၄ စက်တင်ဘာကစပြီး ၂၀၂၅ ထဲထိ အသုတ်လိုက် ဘုတ်အုပ်လိုက် လူမနည်းတော့ဘူးဗျ။ စဥ်းစားကြည့်ရင် ဘယ်လောက်တောင် နာကြည်းစက်ဆုပ်ဖွယ်ကောင်းလိုက်သလဲဗျာ။ တကယ်ဗျ။ စစ်ပွဲက ကျုပ်တို့ အသက်တွေကို ချနင်းကာ ဇီဝိန် နုတ်ယူနေပြီ။

ကျုပ်တို့ ဘဝတွေကို ကြိုးစင်တင် သတ်နေပြီ။ ကျုပ်တို့ မျိုးဆက်ကို လူသတ်ကွင်းထဲ မျိုးတုံး သတ်နေကြပြီ။ ကျုပ်တို့မျိုးဆက် အနာဂတ်ကို နင်းချေဖျက်ဆီးပစ်နေကြပြီ။ ကျုပ်တို့ရဲ့ အမှန်တရားကို  စစ်ဝါဒထဲမှာ ထာဝရဖျောက်ဖျက်ပစ်လိုက်ကြပြီ။ အဲဒီလို စစ်တစ္ဆေခြောက်ခံဘဝများနဲ့  ကျုပ်တို့တတွေ မိုးလင်းသွားမှာလည်း စိုးကြောက်နေရသလို မိုးချုပ်အမှောင်ချ ညဘက်ရောက်သွားမှာလည်း ဘုရားတ ထိတ်လန့်တုန်လှုပ်နေကြရတယ်ဗျာ။

"ပြေးကြဟေ့....နောက်ပြန်လှည့်မကြည့်ကြနဲ့ဟေ့...ပြေးကြ.....ငါလူတို့ ပြေးကြဟေ့....လွတ်အောင် အမြန်ပြေးကြဟေ့"

ကျုပ်ရွာမှ စိတ်မနှံ့သူ ရူးနေသူလို့ သတ်မှတ်ခံထားရတဲ့ ကိုသာစိန်တောင်မှ  လက်ရှိ ပကတိအချိန် ရွာမှာရော မြို့မှာပါ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ အသေအချာ သိနေတယ်။ သူတောင်မှ ဟိုပြေးဒီပြေး ရဲသားနဲ့ စစ်သားတို့ရဲ့ မတရားဖမ်းဆီးခံရမှာ ပေါ်တာဆွဲခံရမှာကို ကြောက်လို့ တိမ်းရှောင်ပုန်းကွယ်နေတတ်ပြီ။ ကျုပ်ကသာ ဘာမှမသိဘဲ နလပိန်းတုံးကောင် ဖြစ်နေတာ။ တစ်ရွာလုံးကတော့  ပကတိအခြေအနေမှန်ကို အကြွင်းမဲ့ သိနေကြတယ်။

ကျုပ် ဆိုတဲ့ကောင်ပဲ သတင်းစုံ မကြားသိတာပါ။

ကျုပ် ရွာသူရွာသားတွေရော မြို့ပေါ်မှ မြို့သူမြို့သားကတော့ သတင်းမျိုးစုံ ကြားသိထားကြလေတယ်။

ကျုပ်မြို့ ကောင်းကင်ဝေဟင်ထဲကနေ ကြားဆင်ရတဲ့ စစ်တိုက်လေယာဥ်သံက ကျုပ်တို့ကို ကျောစိမ့် နားခါးစေတယ်။ ချင်းဒေသ၊ ကရင်နီဒေသ၊ စစ်ကိုင်းဒေသ၊ ရခိုင်ဒေသတို့မှ ပြာပုံကြီးဖြစ်သွားကြတဲ့ မြို့တွေ ရွာတွေလို ကျုပ်မြို့ ကျုပ်ရွာလည်း ပြာနံ့ရနေပြီလား၊ စစ်ငွေ့သမ်းနေပြီလား ဆိုတာ ကျုပ် မပြောတတ်ပေါင်။ ကျုပ်ပြောတတ်တာကတော့  စစ်တစ္ဆေခြောက်ခံဘဝများက ကျုပ်ကိုယ်တိုင်ပဲ ဖြစ်နေတယ်။ ဒီလိုပဲ ညတိုင်းလိုလိုပဲ ကျုပ် မအိပ်ချင်တော့လောက်အောင် အမှောင်ထုနက်နက်ထဲကနေ စိတ်မနှံ့သူ ကိုသာစိန်ရဲ့ အော်ဟစ်သံများ ဆက်တိုက် ကြားနေရတယ်။

"ပြေးကြဟေ့....လွတ်အောင်ပြေးကြဟေ့... ငါ့လူတို့ ပြေးကြဟေ့..လူသတ်ကောင်တွေ အုပ်လိုက်ကြီး ရွာထဲဝင်လာကြပြီဟ"

အဲဒီနောက်မှာတော့ စစ်ဖိနပ်သံများက မြေထက်မှာ ဟိန်းညံလျက် သေနတ်ပစ်ခတ်သံများနောက်ကွယ်မှ ရက်စက်မှုတို့မှာ ခွေးဟောင်းသံများတောင် သွေးအိုင်ထဲ တိမ်ကွယ်သွားခဲ့လေပြီ။

နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ရာမှ ထပ်ဆောင်း ၄ နှစ်ကျော် ၅ နှစ်တာမျှ ဒီစစ်တစ္ဆေခြောက်ခံဘဝများကားမနက်ဖြန်တိုင်းမှာ သွေးမျက်ရည်စက်များ ပန်းတဖြစ်လဲပွင့်လို့  နွေဦးတေးသံ အသစ်တဖန် မွေးဖွားခြင်းနဲ့အတူ  ကောင်းခြင်းများ ဆောင်ကြဥ်းပြီးတော့ ချုပ်သိမ်းသွားဖို့သာ ကျုပ်ကိုယ်တိုင် မြတ်ဘုရား တိုင်တည်ကာ မျှော်လင့်နေမိတော့တယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar