ကျော်မင်းထွန်း(NEW YORK) - မကြွေကျ မကြေမွသေးဘူး
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၅
မင်းကို သတိမရတော့တဲ့ ပုံစံမျိုးနဲ့
ကောက်ညှင်းကျည်တောက်ကို မီးကင်လိုက်တယ်။
မင်းကို မေ့ပစ်လိုက်တဲ့ ပုံစံမျိုးနဲ့
ဒဏ်ရာရလူနာကို မေ့ဆေးပေးလိုက်တယ်။
ပြီးတော့ ..
ပျောက်သွားတဲ့လမင်းကိုရှာနေတဲ့ ပုံစံမျိုးနဲ့
မင်းရဲ့ခြေရာကို ရှာနေမိပြန်ရော..။
ဒီမိုကရေစီမှာ
လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို
အချစ််မှာ
လွတ်လပ်စွာ လွမ်းဆွတ်ခွင့်ရှိတယ်။
ကိုယ့်ကိုယ်ကို မသေအောင်နေရတဲ့ခေတ်မှာ
အလွမ်းကဗျာတပုဒ်တော့
မောင်းပြန်သေနတ်ထဲ ထည့်ပစ်ချင်တယ်။
ငါက တောင်တန်းပြာကြီးရဲ့အရှေ့ခြမ်းမှာ
မင်းက မြစ်ကြီးဧရာရဲ့အနောက်ကမ်းမှာ
အဲဒီအရပ်မှာ မြို့သစ်တည်ရင်
အဲဒီမြို့ကို မင်းရဲ့အမည်ပေးချင်လိုက်တာ။
ငါ့အရပ်မှာတော့
လက်ညှိုးကွေးတိုင်းထွက်လာတဲ့ ကျည်ဆန်ဟာ
ငါပဲဖြစ်ပါရစေ
ငါဟာ ငါ့နိုင်ငံအတွက် တိုက်ပွဲဝင်နေသူပါ။
မင်းက ငါ့ဆီလာချင်တယ်
ငါ့မှာက အာရ်ပီဂျီနဲ့ လောင်ချာနဲ့
ပါဏာတိပါတာ ဘာညာသာရကာငါမသိ
ငါ့ရည်းစားထိ ဓားကြည့်
ငါ့နိုင်ငံထိ ခါး၏
ဘေးရှိရင် သွေးမထိဖို့က အရေးကြီးတယ်။
ကျားကို သမင်က စားနေတာ
မြွေကို ဖားကလေးက မျိုနေတာ
အားကြီးသူကို အားနည်းသူက
အနိုင်ပြန်ရတဲ့ ဝဋ်သဘော
ဒီသံသရာတကြောမှာ
ငါဟာ တော်လှန်ရေးသမားပဲဖြစ်ပါရစေ။
ကြွေကျနေတာလား..
ကြေမွနေတာလား..
နွေမှာ ပိတောက်တွေကြွေကျသလို
မိုးမှာ မိုးစက်တွေကြွေကျသလို
ဆောင်းမှာ နှင်းပွင့်တွေကြွေကျသလို
ငါ့အိပ်မက်တွေ မကြွေကျသေးဘူး
ငါ့ကျောပိုးအိတ်ထဲက အလံလည်း
မကြေမွသေးဘူး။
တိတ်ဆိတ်လွန်းတဲ့ညမှာ
နာရီသံဟာ ဆူညံလွန်းပါတယ်
ဂျပ်ဆင်ထိပ်မှာ လရိပ်ပြာတဲ့တနေ့
မင်းနဲ့ငါ ပြန်တွေ့မယ်
ငါ့အိပ်မက်တွေ
မကြွေကျ မကြေမွသေးဘူး။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar